တက္ကသိုလ် ပညာရေးလောက၌ ၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက ပျောက်ကွယ်သွားသည့် တက္ကသိုလ် အရန်တပ်ရင်း(UTC)ကို ယခု အစိုးရသစ် လက်ထက်တွင် ပြန်လည် ဖွင့်လှစ်နေပြီဖြစ်သည်။
အဓိက ပင်မ ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း မန္တလေးတက္ကသိုလ်နှင့် မော်လမြိုင် တက္ကသိုလ်တို့တွင်ပြီးခဲ့ သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကမူ တပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။ သို့သော် အစိုးရထုတ် သတင်းစာများ၌ ဖော်ပြရာတွင် တက္ကသိုလ် အရန်တပ်ရင်းများဟု တိတိလင်းလင်း သုံးစွဲခြင်း မရှိဘဲ အခြေခံ စစ်ပညာသင်တန်း ဖွင့်ဟုသာ ရေးသားသည်။
ပညာရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွန့်ကြားရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်၍ စစ်တပ် ပုံစံအတိုင်း ဖွဲ့စည်းထားပြီး တက္ကသိုလ်များ၏ ပါမောက္ခချုပ်များက တပ်ရင်းမှူးများ အဖြစ် တာဝန်ယူမည် ဖြစ်သည်။
သင်တန်းကာလ လေးလအတွင်း ပထမအသုတ်အဖြစ် ဘွဲ့လွန်ကျောင်းသားများ၊ နောက်ဆုံးနှစ်ကျောင်းသားများနှင့် တက္ကသိုလ် ဆရာများကို လက်ခံသင်ကြားပေးနေပြီး မန္တလေးတက္ကသိုလ်တွင် ၅၁ဦး၊ မော်လမြိုင်တက္ကသိုလ်တွင် ၁၁၀ စစ်သင်တန်း တက် ရောက်နေသည်ဟု သိရသည်။
မန္တလေးတက္ကသိုလ် ဒု ပါမောက္ခချုပ် ဒေါက်တာ စောပြုံးနိုင်က“တက္ကသိုလ် ကျောင်းသားလူငယ်တွေ ပညာသင်ကြားရေး တခု တည်းတင် မဟုတ်ဘူး၊ အခြေခံစစ်ပညာ၊ လက်နက်ငယ် စစ်ရေးဗျူဟာ၊ အုပ်ချုပ်ရေးပိုင်းပါ တတ်မြောက်အောင် သင်ကြားမယ့် ရည်ရွယ်ချက်ပါ”ဟု ပြောသည်။
မြန်မာ့ တပ်မတော်၏ အရန်တပ်ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်သော်လည်း အရေးပေါ် အခြေအနေတွင်မူ စစ်မှူထမ်းရမည် ဟူသော ကတိခံဝန်ချက် မပါရှိကြောင်း၊ သို့သော် စစ်ပညာ တတ်မြောက်ပြီးသူတိုင်း ပြည်သူ့စစ် သဘောတရားအရ လုပ်ဆောင်ရမည်ဟု ထင်မြင်ကြောင်းလည်း ပြောဆိုသည်။
၁၉၈၈ ခုနှစ် က စတင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အပါအဝင် ကျောင်းသားလှုပ်ရှားမှုများကြောင့် ဆယ်စုနှစ် နှစ်စုခန့်အကြာ စစ်တပ်နှင့် လူထု အကြား အမြင်မကြည်လင်မှု၊ တင်းမာမှုများဖြစ်ပေါ်ခဲ့လင့်ကစား ယနေ့အချိန်တွင် UTC ၏ စစ်သင်တန်းများကို စိတ်ဝင်စားသည့် ကျောင်းသား များပြားသည်ဟု သိရသည်။
စစ်ရေးပြ သင်တန်းများမှာ ညနေ ၄နာရီခွဲတွင် စတင်ပြီး တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စနေ ၅ ရက် တက်ရောက် ရ သည်။
တက္ကသိုလ် အရန်တပ်ရင်း(UTC)ကို ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က စစ်ပညာသင်ကြားရန် ဝါသနာပါသော ကျောင်း သားများ၊ ပထမ ကမ္ဘာစစ်ပြန် ဆရာများနှင် ဖွဲ့စည်းခဲ့ပြီး စစ်ရေးပြ သင်တန်းများကို ဗြိတိသျှ စစ်တပ်က ပို့ချခဲ့သည်။
ထိုစဉ်က တက္ကသိုလ် အပျော်တမ်းတပ်ဟု ခေါ်ဆိုပြီး တပ်ဖွဲ့ဝင်များမှာ ဘွဲ့နှင်းဘသင် အခမ်းအနားများတွင် ဘုရင်ခံ အပါအဝင် ဂုဏ်ထူးဆောင် ဧည့်သည်များကို စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုကြရသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် အစပိုင်းကာလ၌မူ အင်းစိန် စစ်မျက်နှာ တိုက်ပွဲများတွင် တက္ကသိုလ် အရန်တပ်ရင်းမှ တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရသည်။
နောက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် အရန်တပ်ရင်း(၁)သာမက မန္တလေးတက္ကသိုလ် အရန် တပ်ရင်း(၂)၊ မော်လမြိုင် တက္ကသိုလ် အရန်တပ်ရင်း (၃) တို့ကိုပါ ဖွဲ့စည်းခဲ့သည်။
ထိုစဉ်က UTC စစ်သင်တန်းများတွင် BA 63၊ BA 64 မောင်းပြန်ရိုင်ဖယ်များ၊ လက်ပစ်ဗုံးများဖြင့် လေ့ကျင့်ခန်း ဆင်းရပြီး အရန် တပ်ဖွဲ့ဝင် ကျောင်းသားတချို့မှာ တပ်မတော် ဗိုလ်သင်တန်း ကျောင်းများသို့ တက်ရောက်၍ မြန်မာ့ တပ်မတော်၌ တာဝန် ထမ်း ဆောင်မှုများ ရှိခဲ့သည်။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် တက္ကသိုလ် အရန်တပ်ရင်းတွင် ပါဝင်ခဲ့ဖူးသည့် ဒေါက်တာ ဖေသိန်းကို ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ရာထူးခန့်အပ်ကာ ပညာရေး ဝန်ကြီး အဖြစ် တာဝန်ပေးခဲ့သော်လည်း နောက်ပိုင်း၌ တက္ကသိုလ်များတွင် အရန်တပ်ရင်း ထားရှိခြင်း မရှိတော့ပေ။