နိုင်ငံခြား ခရီးသွားများကို နေပြည်တော်သို့ သွားရောက်လည်ပတ်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စ၍ ခွင့်ပြုထားခဲ့သော်လည်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။
နေပြည်တော်သည် မြန်မာပြည်၏ မြို့တော်သာဖြစ်ပြီး သဘာဝအလှအပများ၊ ရှေးဟောင်းအမွေအနှစ်များ မရှိခြင်းကြောင့် နိုင်ငံခြား ခရီးသွားများ သွားရောက်လည်ပတ်မှု အတွက် စိတ်မဝင်စားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁ ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“တကယ်တော့ ခွင့်ပြုလိုက်တဲ့ အချိန်နဲ့ ခရီးသွားရာသီကို မမီလိုက်လို့ပါ။ ပြီးတော့ လှည့်ပတ်စရာ စိတ်ဝင်စားတဲ့ နေရာက နည်းတယ်။ ကျောက်မျက် ပြတိုက်လောက်ပဲရှိတယ်။ ဒီနှစ် ဆီးဂိမ်းကျရင်တော့ နိုင်ငံခြား ခရီးသွားတွေ နေပြည်တော်ကို ပိုဝင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
နေပြည်တော်မြို့တော်သို့ ဝင်ရောက်လည်ပတ်ခွင့် ပြုထားသော်လည်း ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် သဘာ၀ အလှ နေရာများ မရှိကြောင်း၊ နေပြည်တော်သည် တခြား ဒေသများကို သွားရောက်ရန် အတွက် ဗဟို အချက်ကျသည့် မြို့တော်ဖြစ်ပြီး တည်းခိုရန်အတွက် ဟိုတယ်လုံလောက် ခြင်းမှာ ခရီးသွားဧည့်သည်များလာရန် အတွက် အားသာချက် တခုဖြစ်နေကြောင်း၊ လက်ရှိအချိန်တွင် နေပြည်တော်သို့ နိုင်ငံခြားသားများ လည်ပတ်ခွင့်ပြုသည်ကို ကျယ်ပြန့်စွာ မသိရှိခြင်းကြောင့်လည်း ဧည့်သည် နည်းပါးနေခြင်း ဖြစ်နိုင်ကြောင်း ဦးတင်ထွန်းအောင်က ထပ်မံပြောသည်။
“နေပြည်တော်က သဘာ၀ အတိုင်း ဖြစ်ထွန်းတဲ့နေရာ မဟုတ်တဲ့အတွက် နိုင်ငံခြားသားတွေ မကြိုက်ဘူး။ သူတို့တွေက တောင်ငူတို့ ပဲခူးရိုးမတို့လို နေရာတွေကို ပိုစိတ်ဝင်စားကြတယ်။ သူတို့ တိုင်းပြည်မှာလည်း နေပြည်တော်လို နေရာတွေက ရှိတယ်လေ။ အဲဒါကြောင့် သဘာဝအလျောက် ဖြစ်ထွန်းနေတဲ့ နေရာကို ပိုစိတ်ဝင်စားကြတယ်” ဟု အင်္ဂလိပ် – ဂျပန် ဧည့်လမ်းညွှန် ဒေါ်တင်နွယ်အေးက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်သို့ နိုင်ငံခြားသားများကို ကျောက်စိမ်းပွဲတော်နှင့် အတူ အလည်အပတ် ခွင့်ပြုထားသော်လည်း စီးပွားရေး သမားများသာ သွားရောက်မှု များသေးကြောင်း၊ သဘာ၀ အလှများဖန်တီးကာ ဆွဲဆောင်မည်ဆိုပါက ပို၍ လည်ပတ်မည်ဟု ထင်မြင်ကြောင်းလည်း ဒေါ်တင်နွယ်အေးက ဆိုသည်။
“အရင်က ဧည့်မဝင်ရ ဆိုတဲ့ အရှိန်ကြောင့် မသွားကြတာ။ ပြီးတော့ သဘာဝအလှအပ ရှိတဲ့ နေရာကို ခရီးသွားတွေ သွားချင်တယ်။ နေပြည်တော်မှာ ဘဘာ၀ အလှ တခုလောက်သာ ဖန်တီးထားမယ် ဆိုရင်တောင် ခရီးသွားဧည့်သည်တွေက ဝင်မှာပါ” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
နိုင်ငံခြား ခရီးသွား ဧည့်သည်များသည် သဘာဝအလှများ၊ ရှေးဟောင်း အမွေအနှစ်များ ရှိသည့် ဒေသများကို သွားရောက် လည်ပတ်လေ့ ရှိကြသည်။ အထူးသဖြင့် အင်းလေးဒေသ၊ ပုဂံ၊ ညောင်ဦး၊ မန္တလေးနှင့် တခြား ဒေသများကိုသာ အဓိက သွားရောက်ကြပြီး နေပြည်တော်ကို သွားရောက်ရန် စိတ်ဝင်စားမှု နည်းပါးနေသေးကြောင်း သိရသည်။
“နေပြည်တော်မှာက အစိုးက ရုံးနဲ့ သူတို့ တိုင်းပြည်မှာလည်း တွေ့နိုင်တဲ့ အရာတွေပဲ ရှိတာများတယ်။ သူတို့ ဒေသမှာ မရှိတာဆိုလို့ စေတီတွေလောက်ပဲ ရှိတယ်။ ပြီးတော့ ဆင်ဖြူတွေလောက်ပဲ စိတ်ဝင်စားဖို့ ရှိတယ်။ ကျန်တာကတော့ သိပ်မရှိဘူး” ဟု ဦးအောင်ကျော်မိုးက ပြောသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနစ် ဆီးဂိမ်းပွဲမှစ၍ နိုင်ငံခြား ခရီးသွားများ နေပြည်တော်သို့ အများအပြား ဝင်ရောက်လာမည်ဟု ခရီးသွားလုပ်ငန်းများက မျှော်လင့်နေကြပြီး ဧည့်လမ်းညွန်များ အနေဖြင့်လည်း အဘက်ဘက်မှ ပြည့်စုံရန် ကြိုးစားနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၏ စာရင်းအရ လိုင်စင်ရ ဧည့်လမ်းညွှန်ပေါင်း ၃၃၅၃ ဦး ရှိကြောင်း ဖော်ပြထားပြီး လိုင်စင်သက်တမ်း ကုန်သွားသူများ ပြန်လည်လုပ်ကိုင်နိုင်ရန် မွမ်းမံ သင်တန်းများ ပေးနေသည်။
နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၁ ခုနှစ်တွင် ၄၁၀၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် ၆၀၀၀၀၀ ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက် တခုတည်းမှ ပြည်ပဧည့် ဝင်ရောက်နှုန်းမှာ တနေ့လျှင် ဦးရေ ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ
သိရသည်။