စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ သိမ်းယူရာတွင် တရုတ် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီတို့က အာဏာ အလွဲသုံးစားပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရှေ့နေများကွန်ရက် (မြန်မာနိုင်ငံ) က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဥပဒေဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်သည့် Justice Trust နှင့် ရန်ကုန်မြို့အခြေစိုက် ရှေ့နေ့များကွန်ရက် (မြန်မာနိုင်ငံ) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် အပိုင်း ၆ ပိုင်း ပါဝင်ကြောင်း၊ အဓိကအားဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ချိန်မှစပြီး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲသည်အထိ တရားဥပဒေနှင့် မညီသော ပြုမူလုပ်ဆောင်ချက်များစွာ ပါဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီရေး သုံးသပ်ချက်၊ လက်ပံတောင်းတောင် စာချုပ်စာတမ်းနှင့် ပဋိဉာဉ်ဥပဒေကို သုံးသပ်ချက်၊ ဝမ်ပေါင်နှင့် ဦးပိုင်တို့က စီမံကိန်းအတွက် ရွာသူရွာသားများအား လယ်မြေများအတွက် သဘောတူ လက်မှတ်ထိုးစေရန် တွန်းအားပေးခဲ့သော အခြေအနေ သုံးသပ်ချက်၊ ဆန္ဒပြမှုအပေါ် ဥပဒေအရ ငြင်းပယ်မှုအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို အင်အားသုံးနှိမ်နင်းရန် တွန်းအားပေးခဲ့သော အခြေအနေရှင်းပြချက်၊ ဆန္ဒပြသူများကို အဖြူရောင် မီးစုန်းပစ္စည်း ပါဝင်သော စစ်သုံးလက်နက်ဖြင့် ဖြိုခွင်းခဲ့မှုအပေါ် လေ့လာ ဆန်းစစ်ချက်ဟူ၍ အပိုင်းခြောက်ပိုင်း ပါဝင်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်သော ဝမ်ပေါင်ကုမ္ပဏီသည် တရုတ်စစ်တပ်ပိုင် ကာကွယ်ရေးကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်း စက်မှုကော်ပိုရေးရှင်း NORINCO ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် အတိအလင်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ်က တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နှင့် ထိုစဉ်က စစ်အစိုးရဝန်ကြီးချုပ်ရာထူး တာဝန် ထမ်းဆောင်နေသော ဦးသိန်းစိန်တို့အကြား နှစ် ၆၀ စာချုပ်ဖြင့် လက်မှတ်ရေးထိုး သဘောတူခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ဆောင်ရွက်ရာတွင် ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို ဒေသခံအစိုးရအဖွဲ့အာဏာပိုင်များနှင့် ကုမ္ပဏီ တာဝန်ရှိသူများက ဒေသခံများ၏ သဘောဆန္ဒမပါဘဲ စာချုပ်များတွင် လိမ်လည်လှည့်ဖြားသော နည်းလမ်းမျိုးစုံ အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဒဏ်ခတ်ခြင်း စသည့် အာဏာအလွဲသုံးစားပြုကာ သိမ်းယူခြင်းများ ပြုလုပ်စေခဲ့ကြောင်း၊စာချုပ်စာတမ်း များကိုလည်း ဒေသခံများကို ပေးအပ်ခြင်းမပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီစာရွက်စာတမ်းတွေမှာ ဘာတွေရေးပြီးတော့ လက်မှတ်ထိုးခိုင်းတယ် ဆိုတာ ကျနော်သိဖို့ အရေးကြီးပါတယ်။ အဲဒီ စာရွက်စာတမ်းက စာချုပ်ချုပ်တယ်လို့သာ ပြောရတယ်၊ အသိသက်သေလည်း မရှိဘူး။ အသိသက်သေ လက်မှတ်ထိုးရတဲ့ စာရွက်စာတမ်း အမျိုအစားလည်း မဟုတ်ဘူး၊ လက်မှတ်ပဲပါတဲ့ စာရွက်မိတ္တူကိုလည်း ဒေသခံတွေကို မပေးခဲ့ဘူး” ဟု
ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အစီရင်ခံစာတွင် အဓိက ရည်ရွယ်ချက် သုံးချက်ကိုလည်း ရေးသားဖော်ပြထားပြီး လယ်မြေများကို ကြေးနီသတ္တုမိုင်း အသုံးပြုရေး အတွက် ၂၀၁၁ ခုနှစ် ဧပြီလတွင် ဒေသခံရွာသူရွာသားများအား အတင်းအကျပ် စာချုပ်လက်မှတ် ရေးထိုးစေမှု၊ ပြည်သူများ၏ ငြိမ်းချမ်းစွာ စုရုံးခွင့်ကို ရဲတပ်ဖွဲ့က အကြိမ်ြကိမ်တားမြစ်ပယ်ချခြင်းသည် ဥပဒေနှင့်ကိုက်ညီမှု ရှိမရှိ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် လူစုခွဲခြင်းသည် ဥပဒေနှင့် ကိုက်ညီမှုရှိမရှိတို့ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးဖြစ်သည့် ပြည်သူများ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို အသုံးပြု၍ အကြိမ်ကြိမ် ပိတ်ပင်ခဲ့ကြောင်း၊ကြေးနီတောင် စီမံကိန်းအတွက် ဒေသခံ ပြည်သူများက ပြည်သူများ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် တောင်းဆိုချက်ကို ဒေသခံ ရဲအရာရှိက ၁၁ ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ကြောင်း ရှေ့နေကွန်ရက်မှ ဦးသိန်းသန်းဦးက ပြောသည်။
“ခွင့်ပြုချက်ရဖို့ ရဲတပ်ဖွဲ့ကို ခွင့်ပြုချက်တောင်းရမယ် ဆိုကတည်းက ရဲက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အပေါ်ကို ရောက်နေတယ်။ ရဲဆိုတာမျိုး ကလည်း လုံခြုံရေးအမြင်နဲ့ပဲ ကြည့်တော့ ခွင့်ပြုချက်ရဖို့က မလွယ်တော့ဘူး” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်း သံဃာတော်များနှင့် ပြည်သူများကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် အသုံးပြုခဲ့သည့် ဗုံးအပိုင်းအစနှင့် သက်သေခံပစ္စည်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းတခုသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်များ အရ စစ်ဘက်ဆိုင်ရာသုံး လက်နက်ဖြစ်သော ဖော့စ်ဖောရက်စ် ပါဝင်သော လက်ပစ်ဗုံးများကို အသုံးပြုခဲ့သည်ကို ဓာတ်ခွဲခန်း အဖြေများအရ သိရှိရကြောင်း အစီရင်ခံစာတွင် တရားဝင်ဖော်ပြထားသည်။
“စစ်ဘက်သုံး လက်နက်ဖြစ်တဲ့ ဖော့စ်ဖောရက်စ် မီးစုံးဖြူ မီးခိုးလက်ပစ်ဗုံးက ရဲတပ်ဖွဲ့ဆီမှာ ရှိနေတာ မေးခွန်းထုတ်စရာပဲ။ တိုက်ပွဲတွေမှာ ဒီဗုံးကိုသုံးရင် လူရှိရာကို တိုက်ရိုက်ပစ်ခတ်လေ့မရှိဘူး” ဟု အစီရင်ခံစာကို ရှေ့နေကွန်ရက်နှင့် ပူးတွဲ ရေးသားခဲ့သော အမေရိကန် Justice Trust မှ ပါမောက္ခ ရော်ဂျာနော်မင်က ပြောသည်။
ရှေ့နေများ ကွန်ရက်၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရက်တွင် ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားထံသို့ တွေ့ဆုံပေးအပ်ခဲ့သည်ဟု သိရှိရသည်။
လက်ပံတောင်း ဒေသခံများကမူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်မည့် အစီရင်ခံစာကို မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြသည်ဟု သိရှိရသည်။
“ကျမတို့က ကော်မရှင် အစီရင်ခံစာကို စောင့်နေတယ်။ အဲဒီအပေါ်မှာပဲ မူတည်ပြီးတော့ အလုပ်ဆက်လုပ်သွားမယ်” ဟု လက်ပံတောင်းတောင်အရေး ဦးဆောင်လှုပ်ရှားခဲ့သူ မသွဲ့သွဲ့ဝင်းက ပြောသည်။