Ethnic Issues

ကရင်နှင့် ချင်း အမတ်နှစ်ဦး ရာထူးဝန်အဖြစ် သမ္မတဦးသိန်းစိန် ခန့်အပ်

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနှင့် ချင်းတိုးတက်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ပြီး အစိုးရအဖွဲ့တွင် ထည့်သွင်းလိုက်ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ပြီးနောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ပြည်သူု့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်၊ ချင်းတိုးတက်ရေးပါတီမှ ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးငွန်မောင်းတို့ နှစ်ဦးကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်ကြောင်း အမိန့်အမှတ် ၈/၂၀၁၃ ဖြင့် ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်ရာ ပါတီစုံအစိုးရ အသွင်ပြောင်းလဲရေး ဒုတိယခြေလှမ်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် အစိုးရဝန်ကြီးဌာနများတွင် အရာရှိများနှင့် ဝန်ထမ်းများရွေးချယ်လေ့ကျင့်ရေးအတွက် အဓိက ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံလိုက်ရသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမန်းမောင်မောင်ဉာဏ်က သမ္မတဦးသိန်းစိန်က ရာထူးဝန်အဖြစ် မခန့်အပ်မီ ကြိုတင် အသိပေး သဘောထား တောင်းခံမှုများရှိခဲ့ပြီး ရာထူးဝန်အဖြစ် တရားဝင်ခန့်အပ်ခံရချိန်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဝင်အဖြစ်မှလည်းကောင်း နုတ်ထွက်ထားရကြောင်း ဧရာဝတီသို့ပြောသည်။

“ကျနော့်သဘောထား ဆန္ဒကို ကြိုမေးတာတော့ရှိပါတယ်။ လက်ခံလိုက်တယ်။ ကျနော်တို့က အများအကျိုးအတွက် ကျရာနေရာကနေ လုပ်မယ်ဆိုတဲ့ ခံယူချက်ရှိထားတာကိုးဗျ။ ပေးတဲ့တာဝန်ကို အများအကျိုးအတွက် ဆောင်ရွက်ဖို့ လက်ခံတာပါ။ လွှတ်တော်ကိုယ်စားလှယ ်အဖြစ်ကလည်း နုတ်ထွက်ရတယ်။ ပါတီဝင်အဖြစ်ကလည်း နုတ်ထွက်ရတယ်။ ပါတီထိပ်ပိုင်း အထက်လူကြီးတွေနဲ့ ညှိုနှိုင်း ဆွေးနွေးခွင့်ပြုချက် ယူပါတယ်” ဟု ဦးမန်းမောင်မောင်ဉာဏ်က ဆိုသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သမ္မတဦးသိန်းစိန်သည် ပါတီစုံအစိုးရဖြစ်ပေါ်ရေး အတွက် လွှတ်တော်ဥက္ကဋ္ဌများနှင့် ညှိုနှိုင်းပြီး နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရအဖွဲ့တွင် ရာထူးနေရာများ ပေးအပ်နေရာ များမကြာမီ အခြားနိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အစိုးရအဖွဲ့အတွင်း ထည့်သွင်းလာလိမ့်မည်ဟု သုံးသပ်သည်။

“သိပ်မကြာခင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ NLD က အမတ်တွေကိုလည်း အစိုးရ အဖွဲ့အတွင်းမှာ ထည့်သွင်းတော့မယ်လို့ မျှော်လင့်ပါတယ်။ ပါတီစုံ အစိုးရသွားချင်လို့ ပထမ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါက်တာတင်ရွှေကို ဒုဝန်ကြီးပေး၊ နောက်ထပ် ချင်းပါတီနဲ့ တစည ပါတီက အမတ်တွေကိုလည်း ဝန်ကြီးရာထူး အဆင့်ရှိတဲ့ ရာထူးဝန်ရာထူးပေးတာပေါ့။ ဒါကတော့ ထင်သာမြင်သာရှိပါတယ်။ တခုပဲ အစိုးရသက်တမ်း တဝက်ကျော်လောက်မှာမှ လုပ်တာဆိုတော့ နောက်ကျတယ်” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

သင်္ဃန်းကျွန်းၤမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်ကလည်း သမ္မတဦးသိန်းစိန်သည် ပါတီစုံအစိုးရ ပုံစံကို အကောင်အထည်ဖော်မည်ဟု ကြိုတင်ပြောထားသည့်အတိုင်း လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“ပြည်ထောင်စု ရာထူးဝန်ဆိုတာက ပြည်ထောင်စုဝန်ကြီးအဆင့်ရာထူးတွေပါ။  သမ္မတက ပြောတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကလို အမျိုးသား စည်းလုံးညီညွတ်ရေး လုပ်မယ်ပြောတယ်။ ပါတီစုံဒီမိုကရေစီဆိုတော့ စနစ်ကို လက်ခံတော့ အစိုးရအဖွဲ့ကို ပြည်ခိုင်ဖြိုးအစိုးရပုံစံကနေ ပါတီစုံပါတဲ့ အစိုးရပုံစံအဖြစ် ကူးပြောင်းတာပေါ့။ ညွှန့်ပေါင်းအစိုးရ မဟုတ်ပေမယ့် ပါတီစုံ အစိုးရပုံစံ သွားတာပေါ့။ အခြား နိုင်ငံရေးပါတီတွေကိုလည်း မကြာခင်မှာ ကမ်းလှမ်းလာဦးမှာပဲ” ဟု ဦးသိန်းညွှန့်က ရှင်းပြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ သမ္မတဦးသိန်းစိန်သည် ညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် နီးစပ်သော နိုင်ငံရေးပါတီများမှ အမတ်များကို အစိုးရအဖွဲ့အတွင်း ထည့်သွင်းလာခြင်းဖြစ်သည်ဟု ပြောသည်။

“အစိုးရအဖွဲ့ကို ညွှန့်ပေါင်းအစိုးရလိုမျိုး ပြင်ဖွဲ့တာတော့မဟုတ်ဘူး။ ညီညွတ်ရေးနဲ့ သင့်မြတ်ရေးလို့ ခေါင်းစဉ်နဲ့ ပါတီတွေက အမတ်တွေကို စခန့်တယ်လို့ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

သမ္မတဦးသိန်းစိန်က ပါတီစုံအစိုးရအဖွဲ့ ပုံစံပြောင်းလဲလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း အစိုးရဝန်ကြီးတနေရာ ပေးအပ်မည်ဆိုသော သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

Loading