Military

အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေး စိတ်မအေးရသေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မြောက်ဖက် မိုင်၂၀ခန့်အကွာက နန်းသလက် ချောင်းကူးတံတား ဖောက်ခွဲခံရတဲ့ အဓိက တရားခံဟာ အိန္ဒိယပြည်ထဲရေးလက်အောက်ခံ အာသံရိုင်ဖယ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ မဏိပူရ်အခြေစိုက် အိန္ဒိယခွဲထွက်ရေးအဖွဲ့တခုဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားလွတ်လပ်ရေး တပ်ဦး UNLF က စွပ်စွဲပြောဆိုလိုက်ပါတယ်။

မဏိပူရ်ပြည်နယ်နဲ့ မြန်မာနယ်စပ် ဆက်သွယ်ထားတဲ့လမ်းပေါ်က တန်နိုပယ်လ်တောင်မှာ အခြေစိုက်ထားတဲ့ အာသံရိုင်ဖယ်တပ်ရင်း ၄၄ ရဲ့ အထူးတပ်ဖွဲ့နဲ့ အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အာသံရိုင်ဖယ်တပ်ရင်း ၂၄ တို့က ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံထဲမှာ ဒီလို အဖျက်အမှောင့်လုပ်ငန်းကို လုပ်တာဖြစ်တယ်လို့UNLF က ဆိုပါတယ်။

ဒီလိုလုပ်ပြီးတော့ UNLF ကို အပြစ်ပုံချနိုင်ဖို့အတွက် “UNLF အဓွန့်ရှည်ပါစေ၊ မီဂန် အသက်ရာကျော်ရှည်ပါစေ၊ ကဘော်ချိုင့်ဝှမ်းဟာ မဏိပူရ်နဲ့ပဲ သက်ဆိုင်ပြီး မြန်မာခွေးတွေနဲ့ မဆိုင်ဘူး” ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာကို လုပ်ကြံရေးသား ချန်ထားခဲ့တာဖြစ်တယ်၊ ကျိုးပျက်သွားတဲ့ တံတားကနေလာတဲ့ ဘွတ်ဖိနပ်ခြေရာတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်၊ ကာစွန်းအရပ်က အာသံရိုင်ဖယ်တပ်ရင်းရှိတဲ့နေရာကို ဦးတည်သွားနေတာတွေ့ရတယ် လို့ အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်က ဆိုပါတယ်။

စာထဲမှာပါတဲ့ မီဂန်ဆိုတဲ့ အသက် ၆၀ကျော်အရွယ် အဖွဲ့ရဲ့ခေါင်းဆောင်ကို သူ ဒါကာ ကိုရောက်နေတုန်း၊ ၂၀၁၀ နိုဝင်ဘာလထဲမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖမ်းမိခဲ့ပြီး အိန္ဒိယအစိုးရဆီ ပြန်လည်လွှဲပြောင်းထားပါတယ်။ လောလောဆယ်မှာ သူ့ကို အာသံပြည်နယ်မြို့တော် ဂိုဝါဟာတီ ဗဟိုအကျဉ်းထောင်မှာချုပ်နှောင်ထားပြီး ရုံးတင်စစ်ဆေးနေပါတယ်။

အိန္ဒိယဟာ နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိနေတဲ့ မွန်ဂိုလွိုက်အနွယ်ဝင်တွေကို အိန္ဒိယလက်အောက်ကို သိမ်းသွင်းဖို့၊ မွန်ဂိုလွိုက်အနွယ်ဝင်တွေ ပပျောက်ဖို့ လုပ်နေတာ ကြာပြီ၊ ဒီအတွက်ကြောင့် မွန်ဂိုလွိုက်အနွယ်ဝင်တွေနဲ့ နီးစပ်မှုရှိတဲ့ မဏိပူရ်လူမျိုးတွေဟာ ကိုယ့်ယဉ်ကျေးမှုနဲ့ လူမျိုးမပျောက်အောင် အိန္ဒိယရဲ့ စနစ်ကို တိုက်နေတာဖြစ်တယ်လို့လည်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် မဏိပူရ်ပြည်နယ်သားတွေနဲ့ မြန်မာလူမျိုးတွေအကြား အထင်အမြင်တွေ လွဲမှားအောင်၊ သဘောထားတွေ ကွဲလွဲအောင် ရည်ရွယ်ဖန်တီးတဲ့ လုပ်ရပ်တွေကို အိန္ဒိယက လုပ်နေတာဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိတယောက်ဖြစ်တဲ့ ယွိုင်ဟေအိဘ နာမည်နဲ့ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်ထဲမှာရေးထားတဲ့အကြောင်း မဏိပူရ်အခြေစိုက် ဆန်ဂိုင်းအိတ်စ်ပရက်စ် သတင်းစာက ဖော်ပြပါတယ်။

ဒီထုတ်ပြန်ကြေငြာချက်ဟာ မြန်မာအစိုးရပိုင် မြန်မာ့အလင်း သတင်းစာထဲမှာ တံတားဖောက်ခွဲတဲ့ လက်သည်ဟာ ကသည်းသူပုန်တွေဖြစ်တယ်လို့ ရေးသားပြီး မရှေးမနှောင်းမှာပဲ ထွက်လာတာပါ။

“တမူး-စေတီလမ်းပေါ်ရှိ နန်းသလက် ချောင်းကူးတံတားကို ကသည်းသောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲ့ဒီသတင်းမှာ UNLF အဖွဲ့က ထားခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာရွက်သုံးရွက် တွေ့ခဲ့တယ်။ ဒီမတိုင်ခင်က တမူးမြို့ စန္ဒကူး (၃) ရပ်ကွက် မှာ ဖမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ ကသည်းသောင်းကျန်းသူ UNLF အဖွဲ့ပိုင်ဖြစ်တဲ့အတွက် ဖမ်းဆီးမှုကို မကျေနပ်လို့ အခုလို တံတားကို ဖောက်ခွဲ၊ ဖျက်ဆီးတာ လို့ မြန်မာ့အလင်း သတင်းစာက ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် ပေ ၂၄၀ ရှိတဲ့ နန်းသလက်ချောင်းကူးတံတားရဲ့ အောက်ခံတိုင်တတိုင် ပြိုလဲခဲ့ပြီး ကြမ်းခင်းတွေ၊ သံရက်မချောင်းတွေ ကျိုးပဲ့ ပျက်စီးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ခြမ်းမှာ အစိုးရကို ဆန့်ကျင်လှုပ်ရှားနေတဲ့ အာသံခွဲထွက်ရေးအဖွဲ့၊ အိန္ဒိယပိုင်နာဂပြည်နယ်က နာဂသူပုန်အဖွဲ့ စတဲ့အဖွဲ့အစည်းပေါင်း ၁၅ဖွဲ့ထက်မနည်း ရှိပါတယ်။ အဲ့ဒီအထဲက UNLF အဖွဲ့ဟာ အိန္ဒိယကနေခွဲထွက်ပြီး သီးခြားလွတ်လပ်ရေးနဲ့ ဆိုရှယ်လစ် လူ့ဘောင်ထူထောင်နိုင်ရေးအတွက်ဆိုပြီးတော့ ၁၉၆၄ ခုနှစ်က စပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့တခုဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ တမူးဒေသဟာ အိန္ဒိယခွဲထွက်ရေး သူပုန်တွေ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်တယ်၊ အဲ့ဒီအထဲက UNLF အဖွဲ့ဟာ မြန်မာပြည်ထဲက တမူးနဲ့ ကလေးဒေသတွေ အပါအဝင် ကဘော်ချိုင့်ဝှမ်းဒေသ၊ ဟုမ္မလင်းနဲ့ ခန္တီးဒေသတွေမှာ ခြေကုပ်ယူပြီး မဏိပူရ်ပြည်နယ်ခွဲထွက်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ အိန္ဒိယ အစိုးရက အစဉ်တစိုက် ပြောဆိုလေ့ရှိပါတယ်။

အိန္ဒိယ-မြန်မာ ထိပ်တန်းအရာရှိတွေ တွေ့ဆုံပြီး နှစ်နိုင်ငံအရေးတွေ ဆွေးနွေးတိုင်း၊ နယ်စပ်ဒေသ လုံခြုံရေးကိစ္စရပ်ဟာ အလေးပေး ဆွေးနွေးတဲ့ အချက်ဖြစ်ပါတယ်။ နယ်စပ်လုံခြုံရေး ပြောဆိုတိုင်းမှာ မြန်မာ့မြေထဲရှိနေတဲ့ အိန္ဒိယ ပြည်နယ်ခွဲထွက်ရေးအဖွဲ့တွေကို မြန်မာအစိုးရအနေနဲ့ ကူညီတိုက်ထုတ်ပေးဖို့ အိန္ဒိယအစိုးရက တောင်းဆိုလေ့ရှိသလို၊ ဒီလို ပူးပေါင်းတိုက်ထုတ်ဖို့အတွက် စစ်မျက်နှာပြင်သုံး မြေထိုး၊ မြေကော်စက်တွေလို စက်ပစ္စည်းတွေ ချစ်ကြည်ရေးလက်ဆောင်အဖြစ် မကြာခဏပေးအပ်လေ့ရှိပါတယ်။

မြန်မာအစိုးရဖက်ကတော့ ဒီအဖွဲ့တွေကို မြန်မာ့မြေမှာ နေခွင့်မပေးထားဘူး၊ ဒီအဖွဲ့တွေ မြန်မာ့မြေပေါ်မှာ မရှိဘူးလို့ပဲ ပြောဆိုလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရောက်လာတဲ့ အိန္ဒိယအောက်လွှတ်တော် ဥက္ကဌ မီရာကူးမာရ်နဲ့ သမတဦးသိန်းစိန်တို့ တွေ့ဆုံချိန်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် လုံခြုံရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါသေးတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ဝါဒအရ အာဆီယံနိုင်ငံတွေကို ချိတ်ဆက်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ ဗျူဟာကျတဲ့နေရာမှာရှိတဲ့အတွက် အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်စီးပွား ကူးလူးဆက်ဆံရေးတိုးတက်ဖို့ မြန်မာနိုင်ငံကနေတဆင့် ကားလမ်းရထားလမ်းတွေနဲ့ ဆက်သွယ်ဖို့ အိန္ဒိယက ကြိုးပမ်းနေတာပါ။

အဓိက အဝေးပြေးကားလမ်းထဲက တခုဖြစ်တဲ့ ဂိုဝါဟာတီ-မိုးရေး-တမူး-ကလေး-မန္တလေး ကနေမှတဆင့် ထိုင်းနိုင်ငံအထိ ဆက်သွယ်တဲ့လမ်းဟာ ခွဲထွက်ရေးသူပုန်တွေ လှုပ်ရှားသွားလာရာနေရာကို ဖြတ်သန်းသွားရတာမို့ ဒီသူပုန်အဖွဲ့တွေကို အိန္ဒိယက အပြီးတိုင် ချေမှုန်းလိုနေတာပါ။

တမူးဒေသခံတွေကတော့ ကသည်းလူမျိုးတွေဟာ တမူးဒေသပတ်ဝန်းကျင်၊ တမူးမြို့ပေါ်အပြင် ကလေးမြို့ပတ်ဝန်းကျင်မှာသာမက မန္တလေးမြို့အထိ အခြေချနေထိုင်နေတာ၊ မြန်မာနိုင်ငံသား အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုထားတာတွေ၊ မြန်မာနိုင်ငံသား မှတ်ပုံတင်တွေကို မသမာတဲ့နည်းလမ်းနဲ့ ရယူထားပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေတောင် ရှိနေတယ်လို့ ဆိုကြပါတယ်။

“သူတို့က မြန်မာစကား၊ မြန်မာစာ ကျွမ်းကျင်အောင် သင်ထားကြတယ်။ သူတို့ရဲ့ မဏိပူရ်လူမှုရေးအဖွဲ့ဆိုတာက သူတို့ ဒီကိုရောက်တာနဲ့ နေထိုင်ခွင့်ရဖို့ မြို့နယ်နဲ့ ခရိုင် အာဏာပိုင်တွေကို လစဉ်ကြေး တသိန်းပေးပြီးနေကြတယ်။ မှတ်ပုံတင်တခုကို အနည်းဆုံး တသိန်းနှစ်သောင်းကနေ နှစ်သိန်းအထိပေးပြီး လုပ်ထားကြတယ်။ မှတ်ပုံတင်ရှိနေတော့ အာဏာပိုင်တွေကလည်း သူတို့ကို မထိရဲကြဘူး” လို့ တမူးမြို့ခံတယောက်က ပြောပြပါတယ်။

ဒီလိုလာနေကြတဲ့သူတွေထဲမှာ မြန်မာအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျလို့ မြန်မာပြည်မှာ လာအခြေချတဲ့ သာမန်ကသည်းလူမျိုး အနည်းစုလည်းရှိပြီး မဏိပူရ်ပြည်နယ်ခွဲထွက်ရေးသူပုန်အဖွဲ့တွေနဲ့ ဆက်စပ်နေသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအဖွဲ့တွေနဲ့ စပ်ဆက်နေသူတွေဟာ အဖွဲ့ရဲ့ လက်နက်တွေကို သိမ်းပေးထားတာမျိုး၊ အဖွဲ့က လူတွေမြန်မာ့နယ်မြေအတွင်း သွားလာလှုပ်ရှားဖို့ စီစဉ်ပေးတာမျိုးတွေ လုပ်ကြသလို ဒေသခံအာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့ တရားမဝင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“နယ်စပ်နားမှာ ကူကီးအဖွဲ့၊ ကသည်းအဖွဲ့၊ အိန္ဒိယအစိုးရအဖွဲ့တွေ အချင်းချင်း ပစ်ခတ်တာတွေ ခဏခဏကြုံတယ်။ မြို့ထဲမှာလည်း လက်နက်တွေ သိမ်းထားလို့ အခန့်မသင့် ထပေါက်ကွဲတာတွေ ခဏခဏကြုံရတယ်။ သူတို့ကို မကျေနပ်တဲ့တခြားအဖွဲ့က အရပ်ထဲဝင်ပြီး အဲ့ဒီအိမ်တွေကို လာပစ်ခတ်တာတွေလည်း ရှိခဲ့ဖူးတယ်။ သူတို့က လူကြီးတွေကို ပေါင်းထားတော့ ဒေသခံတွေကို စီးပွားရေးကိစ္စတွေမှာ အနိုင်ကျင့်တာတွေလည်းရှိတယ်” လို့ တမူးမြို့ခံတယောက်က ပြောပြပါတယ်။

UNLF နဲ့ ဆက်စပ်သူတွေရှိနေတာ၊ သူတို့ဆီမှာ လက်နက်တွေ သိမ်းထားနေတာတွေဟာ ကြာမြင့်လှပြီဖြစ်ပေမယ့် အခုအချိန်ကျမှ ဖမ်းဆီးမှုတွေ လုပ်လာတာ၊ နန်းသလက်ချောင်းတံတားဖောက်ခွဲမှု လက်သည်ဟာ ကသည်းသူပုန်တွေဖြစ်တယ်လို့ ဖွင့်ဟပြောဆိုလိုက်တာဟာ မြန်မာအစိုးရအနေနဲ့ အိန္ဒိယစစ်တပ်နဲ့ ခွဲထွက်ရေးသူပုန်တွေအရေး ပူးပေါင်းဖို့ ခြေလှမ်းတွေများ စနေပြီလားလို့ အိန္ဒိယမြန်မာ နယ်စပ်အရေး လေ့လာသူတွေက မေးခွန်းထုတ်ပါတယ်။

“လက်နက်တွေ မိတယ်ဆိုတဲ့အိမ်ဟာ ဒီလက်နက်တွေကို ၂၀၁၀ ကတည်းက ဒီလိုပဲ ထားပေးနေတာ၊ တခြားသူတွေလည်း ရှိသေးတယ်။ အရပ်ထဲကလည်း သိကြတယ်။ လူကြီးတွေကသိနေပေမယ့် ဒီတိုင်းမဖမ်းပဲနေတယ်။ ဒါပေမယ့် အခုမှ အရေးယူတာရယ်၊ တံတားကိစ္စမှာ ဒါဟာကသည်းတွေလက်ချက်ဆိုပြီး ပြောတာကို ကြည့်ရင် မြန်မာအစိုးရအနေနဲ့တကယ်ပဲ အိန္ဒိယအစိုးရကို ကူညီပြီးတော့ ဒီလူတွေကို အပြတ်ရှင်းတော့မလားဆိုတာ၊ နောက် ကသည်းသူပုန်တွေ မြန်မာ့မြေထဲရှိနေတယ်ဆိုတာ ဝန်ခံလိုက်တဲ့သဘောလားဆိုတာ မေးစရာ၊ စဉ်းစားစရာပဲ” လို့ နယ်စပ်အရေး လေ့လာသူတယောက်က ပြောပြပါတယ်။

တဖက်မှာလည်း UNLF က အိန္ဒိယလက်အောက်ခံ အာသံရိုင်ဖယ်တပ်ရဲ့ လက်ချက်သာဖြစ်တယ်လို့ ဆိုတာဟာလည်း စိတ်ဝင်စားစရာတခုဖြစ်တယ်လို့ သူကဆိုပါတယ်။

“ဒီကသည်းအဖွဲ့တွေက မြန်မာဖက်ခြမ်းမှာ နေတယ်၊ သွားလာလှုပ်ရှားတယ်၊ လက်နက်တွေထားတယ်ဆိုတာတွေ ရှိနေပေမယ့် ဒီဒေသမှာ ဒီလိုတံတားကို ခွဲတာမျိုးက မကြုံဖူးသေးဘူး။ သူတို့အချင်းချင်းသာ ပစ်ကြခတ်ကြတာတွေ ရှိတယ် ပြီးတော့ သူတို့က လာဘ်ထိုးပြီး နေနေတော့ လက်နက်တွေ မိတယ်ဆိုတာနဲ့ ဒီလိုကြီးကြီးမားမားလည်း လုပ်လိမ့်မယ်တော့ မထင်ဘူးပေါ့။ နောက်တခါ UNLF ဆိုတဲ့ စာ ထားခဲ့တယ်ဆိုတာရယ်၊ UNLF ပြောသလို အာသံရိုင်ဖယ်တပ်ကပဲလုပ်ပြီးတော့ UNLF ကို အပြစ်ပုံရအောင် စာထားခဲ့ပြီး၊ မြန်မာအစိုးရအပေါ် ဖိအားဖြစ်အောင် လုပ်တဲ့အနေနဲ့လုပ်တာလား ဆိုတာကလည်း စဉ်းစားစရာပေါ့” လို့ သူကပြောပါတယ်။

“ဒီဖြစ်ရပ်ဟာ အခြား အိန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့တခုဖြစ်တဲ့ ကန်လိုင်ပက်ခ် ပြည်ထောင်စုအမျိုးသားပါတီ (UPPK)က တပ်သား ၄၅ ယောက် အာသံရိုင်ဖယ်တပ်ဆီ လက်နက်ချအလင်းဝင်တာနဲ့လည်း တိုက်ဆိုင်နေတယ်။ တခြား ကူကီးတို့ နာဂတို့ဆိုတာကလည်း အာသံရိုင်ဖယ်တပ်နဲ့က ညှိနှိုင်းတာတွေ လုပ်ထားကြတယ်၊ ဒီတော့ မြန်မာကို ဒီသူပုန်တွေကိစ္စ ဖိအားပိုပေးချင်တာမျိုးအနေနဲ့ တဖက်လှည့်နဲ့လုပ်တာလည်း ဖြစ်နိုင်တာပေါ့လေ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေ၊ နယ်စပ်ကုန်စည် ကူးသန်းရောင်းချသူတွေကတော့အိန္ဒိယ-မြန်မာ-UNLF သုံးပွင့်ဆိုင် ပြဿနာဟာ တမူး၊ ကလေးဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာတော့မယ့် လက္ခဏာတွေများ ဖြစ်နေမလားဆိုပြီး စိုးရိမ်နေကြပါတယ်။

တမူးမြို့ခံတယောက်က “မြန်မာဖက်ကလည်း ဒါဟာ ကသည်းလက်ချက်လို့ပြောတယ်၊ သူတို့ကလည်း ဒါဟာ အိန္ဒိယရဲ့ အာသံရိုင်ဖယ်လက်ချက်လို့ပြောတယ်။ အကယ်လို့များ ကသည်းအဖွဲ့တွေနဲ့ အာသံရိုင်ဖယ်တပ်တို့ ပစ်ကြခတ်ကြတွေဖြစ်လာရင် ကသည်းတွေက ဒီဒေသထဲမှာပဲနေနေကြတာဆိုတော့ ဒီဒေသကို မထိခိုက်ပါဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘာမှထပ်မဖြစ်ပါစေနဲ့ပဲ ဆုတောင်းနေရပါတယ်” လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading