ဒဂုံဆိပ်ကမ်းရှိ တန်ဖိုးနည်း အိမ်ရာနှစ်ခု အတွက် အစိုးရက ငွေဘီလီယံ ၆၀ ကျော် စိုက်ထုတ်သုံးစွဲမည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အစိုးရတန်ဖိုးနည်း အိမ်ရာနှစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာနှစ်ခု အတွက် ငွေကျပ်ဘီလီယံ ၆၀ ဒသမ ၅၅ စိုက်ထုတ်ကုန်ကျခံ သုံးစွဲသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆို လိုက်သည်။ ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက် ၁ သောင်းမှ ၃ သောင်း အထိလိုအပ်ချက်ရှိနေပြီး အစိုးရက ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာများကို ဝင်ငွေနည်း ပြည်သူများ လက်လှမ်းမီနိုင်စေရေး ထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်း၊ လက်ရှိ တည်ဆောက်မည့် အိမ်ရာများသည် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်မည့် စီမံကိန်းအိမ်ရာ ဖြစ်ပြီး နိုင်ငံတဝန်း မြို့ကြီးများတွင် တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၎င်း၏ ထုတ်ဖော် ပြောဆိုချက်အရ သိရှိရသည်။