သတင်း

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ အခက်အခဲများစွာ ကြုံနေဆဲ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များသည် လတ်တလော အခြေအနေအရ အခက်အခဲများစွာနှင့် ကြုံတွေ့ နေကြရကြောင်း သိရသည်။

တတိယနိုင်ငံ အခြေချရေး အပါအဝင် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိသားစု ပြန်လည် ပေါင်းစည်းရေး စသည့် ကဏ္ဍ များတွင် အခက်အခဲများ ရှိနေကြကြောင်း ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်များအနေဖြင့် မူလက တတိယနိုင်ငံများတွင် အခြေချနေထိုင်ရေး မျှော်လင့်ထားကြသော်လည်း မကြာမီက အမေရိ ကန် အစိုးရက နောက်ထပ် မြန်မာဒုက္ခသည်များကို ခေါ်ယူရန် မရှိတော့ကြောင်း ကြေညာပြီးနောက်ပိုင်း စိတ်ဓာတ်ကျဆင်းမှုများရှိနေကြကြောင်းလည်း သိရသည်။ သို့သော် အခြားနိုင်ငံများကမူ ထိုကဲ့သို့ ကြေညာခြင်းမျိုး မရှိသေးပေ။

နို့ဖိုး ဒုက္ခသည်စခန်းမှ အသက် ၈၆ နှစ်အရွယ် သံဃာတော် ဦးသူရိယ ခေါ် ဦးဂျပန်က အမြန်ဆုံး အမေရိကန်တွင် အခြေချနေ ထိုင် လိုကြောင်း၊ ဒုက္ခသည်စခန်းတွင်း၌ ရဟန်းလည်းဖြစ်၍ ပို၍ အခက်အခဲများကြုံတွေ့ရကြောင်း၊ ပြင်ပကမ္ဘာမှ မိတ်ဆွေများ၏ ထောက်ပံ့မှု မရှိသူများအတွက် ဘဝရပ်တည်ရေး ပို၍ ခက်ခဲပင်ပန်းကြောင်း ဧရာဝတီကို ပြောသည်။

ဒုက္ခသည်များ နေရပ်ပြန်ပို့သည့် လုပ်ငန်းစဉ် တခုတည်းကိုသာ အာရုံမစိုက်ဘဲ အဘက်ဘက်က တာဝန်ယူ ဖြေရှင်းပေးစေ လိုကြောင်း မယ်လ ဒုက္ခသည်စခန်းမှ အသက် ၇၁ နှစ်အရွယ်ရှိ ဦးစောရှီးရှိုကလည်း ပြောဆိုသည်။

“ဒီ ဒုက္ခသည်ကိစ္စတွေနဲ့ပတ်သက်ပြီး အခု ထိုင်းအစိုးရက အရင်ထက် စိတ်ဝင်စားလာတာ တွေ့ရတယ်။ ပြန်ပို့တာ တခုတည်း မစဉ်းစားဘဲ ဟိုကို ထွက်သွားလို့ရအောင်၊ နောက်လူသစ်တွေကို အသိအမှတ်ပြုတာ၊ ဒါမှမဟုတ် ဒီထိုင်းမှာပဲ နိုင်ငံသား အသိ အမှတ်ပြုတာမျိုး လုပ်ပေးရင်တော့ သူတို့လည်း ဝန်ပေါ့သွားမယ်”ဟု သူက ဆိုသည်။

ထိုင်း အစိုးရ ပြည်ထဲရေး ဝန်ကြီး မစ္စတာ Jarupong Ruangsuwan နှင့် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးတို့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ လူဦးရေ ၄၅၀၀၀ ခန့်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ဇန်နဝါရီလ ၁၃ ရက်နေ့က လာရောက်စဉ် မြန်မာဒုက္ခသည်များအား အတင်းအကျပ် ပြန်ပို့ရန် မရှိကြောင်း ပြောဆိုထားသည်။

ထိုဒုက္ခသည်အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ(NSC) မှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ သမ္မတ ရုံး ဝန်ကြီးတဦးဖြစ်သည့် ဦးအောင်မင်းတို့ ယမန်နှစ်ကုန်ပိုင်းက နေပြည်တော်တွင် ဆွေးနွေးပြီးနောက် ဒုက္ခသည်များ နေရပ် ပြန်လည်ပို့ဆောင်ရေး ကိစ္စ ဆွေးနွေး သဘောတူခဲ့ကြောင်း NSC ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးအောင်မင်းကလည်း ဒုက္ခသည်များ ပြန်လည် လက်ခံရေး၊ ဘ၀ ပြန်လည် ပြုစုပျိုးထောင်ရေးများကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း နှုတ်အားဖြင့် အလွတ်သဘော ပြောဆိုခဲ့သည်။ သို့သော် ဒုက္ခသည်အများစုကမူ နေရပ်ရင်းသို့ ပြန်နေလိုခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ဒုက္ခသည်များအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွှန့်ပေါင်း အဖွဲ့(TBBC) နှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော INGO အဖွဲ့ ၂၀ ခန့်က ဆန်၊ ပဲ၊ ငါးပိ၊ ဆား၊ မီးသွေး၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိသည့် ကူညီ ထောက်ပံ့မှုများ ရှိသော်လည်း လုံလောက်မှု မရှိသည့်အတွက် ရေရှည်ရပ်တည်ရေး ခက်ခဲနေကြောင်း ဒုက္ခသည်များက ဧရာဝတီ ကို ပြောပြသည်။

“ဒီမှာက စခန်းက ဝေတဲ့ ရိက္ခာက ဘယ်လိုမှ မလောက်ငဘူး။ မီးသွေးက မလောက်လို့တောင် အမှုန့်တွေကို ထမင်းရည်နဲ့ လုံးပြီးအခြောက်လှန်း ပြန်သုံးရတာ”ဟု အုန်းပြန့် ဒုက္ခသည်စခန်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလှသန်း က ပြောသည်။ မီးသွေးဝေငှမှုတွင် အိမ်ထောင် ဦးစီးသည် ကီလို ၂၀ နှုန်း ရရှိပြီး ကျန်မိသားစုဝင်များအတွက် တဦးလျှင် တလ မီးသွေး ၅ ကီလို ရကြောင်း၊ အိမ်ပြင်ဆင်ရန် တနှစ်အတွက် ထိုင်း ဘတ် ၃၀၀ (၈၄၀၀ ကျပ်ခန့်) ရရှိကြောင်း၊ ဒုက္ခသည် တဦးလျှင် တလစာအတွက် ဆန် ၁၂ ကီလို၊ ဆီ ဝ.၅ လီတာနှင့်ပဲ ၁ ကီလိုနှုန်းဖြင့် ရိက္ခာပစ္စည်းများ ရကြသော်လည်း မလောက်ငကြောင်း ဒုက္ခသည် များက ပြောသည်။

အလားတူ အုန်းပြန့် ဒုက္ခသည်စခန်းက ဦးကြည်ဝင်းကလည်း အထူးသဖြင့် ကျန်းမာရေးကြောင့် ဆေးရုံတက်သည့် အခါ ဥရောပ ကော်မရှင်က ကူညီထောက်ပံ့ထားသည့် စခန်းတွင်း ဆေးရုံတွင် တက်ရောက်ရသော်လည်း တချို့ဆေးဝါး မလုံ လောက်သည့်အခါ ပြင်ပမှ ဝယ်ယူရကြောင်း ပြောသည်။

“စခန်းတွင်းဆေးရုံက မနိုင်လို့ မြို့ပေါ် ဆေးရုံတက်ရရင် ဟိုမှာစားသောက်ရေး၊ တခြား ဆေးဖိုးဝါးခတွေ အတွက် ကျတော့ အတော် ခက်ခဲပါတယ်”ဟု သူက ဆိုသည်။

တတိယနိုင်ငံ အခြေချနေထိုင်ရေး အစီအစဉ်အရ အင်္ဂလန်နိုင်ငံတွင် ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခွန် ဆိုင်း ၏ ဇနီးနှင့်သားဖြစ်သူ အုန်းပြန့်ဒုက္ခသည်စခန်းမှ မအေးအေးမိုးနှင့် မောင်သစ်ဆင်းမိုး တို့ကလည်း မိသားစု ပြန်လည် ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ် အဆင်ပြေသော်လည်း ထိုင်းနိုင်ငံ၏ လက်ခံဆောင်ရွက်မှု အစီအစဉ်ခက်ခဲနေ၍ ကြန့်ကြာနေကြောင်း ပြောသည်။

“ဒီမှာရှိတဲ့ မိသားစုနဲ့ ဟိုဘက်မှာ ရှိတဲ့ မိသားစုတွေကို ဆက်သွယ်ပေးတဲ့ လုပ်ငန်းစဉ်က ပြီးနေပြီ။ ဒါပေမယ့် ထိုင်း အစိုးရက အသိအမှတ် မပြုသေးဘူး။ ဒါကို အခုတော့ ထိုင်းက လုပ်နေတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အခုထိတော့ ကျမတို့ မိသားစု ပြန်လည်ပေါင်းစည်းလို့ မရသေးဘူး”ဟု မအေးအေးမိုးက ပြောပြသည်။

လျှပ်စစ်မီးနှင့်ပတ်သက်၍လည်း ထိုင်းနိုင်ငံလျှပ်စစ်မီး သုံးစွဲခမှာ တယူနစ်လျှင် ၄ ဘတ်ရှိသော်လည်း ဒုက္ခသည်စခန်း အတွက် ၁၀ ဘတ် သတ်မှတ်သည့်အတွက် လျှပ်စစ်မီး အခက်အခဲလည်း ရှိကြောင်း၊ ထို့ကြောင့် စခန်းတွင်းရှိ ဆေးရုံ ကိုလည်း စခန်းပိုင် မီးစက်ဖြင့် သုံးနေရကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

နိုင်ငံတကာ အလှူရှင်များအနေဖြင့်လည်း ပြည်တွင်း၌ ကူညီရေးကိုသာ အာရုံစိုက်လာပြီးနောက်ပိုင်း ဒုက္ခသည် စခန်းများသို့ ကူညီမှုများ ဖြတ်တောက်ခြင်း၊ လျှော့ချလာခြင်းများ ရှိကြောင်းလည်း သိရသည်။

“ပညာရေး ဝန်ထမ်းကတော့ ဒီစခန်းထဲမှာ အနိမ့်ဆုံး ထောက်ပံ့ကြေးနဲ့ နေရတာပါ၊ တလမှ မုန့်ဖိုး ဘတ် ၇၀၀ ပဲရပါတယ်”ဟု အုန်းပြန့် ဒုက္ခသည် စခန်းတွင်းမှ ကျောင်းသား ၆၀၀ ခန့် ရှိသော အမှတ် ၃ မွတ်စလင် အလယ်တန်း ကျောင်းအုပ် ဦးအောင်ဇော်ထွန်း က ဧရာဝတီ ကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ပေါင်း ၁ သိန်းခွဲခန့်ရှိရာ တတိယနိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားသူ ဒုက္ခသည် စုစုပေါင်း ၈၄၉၀၀ ကို မှတ်ပုံတင် စာရင်းသွင်းပြီးသော်လည်း ခန့်မှန်းခြေ ၆၂၀၀၀ ခန့်သည် ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၏ အတည်ပြုချက် မရသေး၍ မှတ်ပုံတင်စာရင်း မသွင်းရသေးကြောင်း ထိုင်းအခြေစိုက် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ စာရင်းအရ သိရသည်။

အဆိုပါ ဒုက္ခသည်များမှာ နိုင်ငံရေး၊ စစ်ဘေး၊ သဘာ၀ ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင် လာသူများဖြစ်ကြသည်။

Loading