ဟင်းသီးဟင်းရွက်များတွင် ဓာတုဗေဒ ဆေးဝါးသုံးစွဲမှု များပြားနေသည့်အတွက် အစိုးရ အနေဖြင့် စိုက်ပျိုးသူများကို ပညာပေးသင့်ကြောင်း မြန်မာနိုင်ငံ အော်ဂင်းနစ်အဖွဲ့က ပြောသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ အများစုသည် အရွက်များကို ဆေးဖျန်းပြီး ချက်ခြင်း ဈေးကွက်တွင်း ဖြန့်ချိရောင်းချခြင်း၊ ဓာတုဗေဒ ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံ အသုံးပြုနေခြင်းကြောင့် စားသုံးသူများမှာ အစာဆိပ်သင့်သည့် လက္ခဏာများ ဖြစ်လာကြောင်း သိရသည်။
“အစိုးရမှာ တာဝန်ရှိတယ်၊ စိုက်ပျိုးသူတွေအားလုံးကို ပညာပေးရမယ်၊ အဲဒီလိုမှမလုပ်နိုင်ရင် လူတွေ ဒုက္ခရောက်ကုန်လိမ့် မယ်” ဟု မြန်မာနိုင်ငံ အော်ဂင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများမှာလည်း ဓာတုပိုးသတ်ဆေး လုံးဝ သုံးစွဲခြင်းမရှိသည့် အော်ဂင်းနစ် နည်းဖြင့် စိုက်ပျိုး နိုင်ခြင်း မရှိသေးကြောင်း၊ စိုက်ပျိုးနိုင်ရန်လည်း စီးပွားရေး မပြေလည်ကြသေးကြောင်း၊ စားသုံးသူ အများစုကလည်း ဈေးကြီးသော အော်ဂင်းနစ် အသီးအရွက်များထက် ဈေးနည်းပြီး ဝယ်ယူရလွယ်ကူသည့် အသီးအရွက်များကိုသာ စားသုံးနေကြကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာအော်ဂင်းနစ် အစုအဖွဲ့သည် မြန်မာနိုင်ငံတွင် ဓာတုမြေသြဇာ သုံးစွဲမှု လုံးဝမရှိသည့် အသီးအနှံများ၊ ဟင်းသီး ဟင်းရွက်များကို စိုက်ပျိုး ရောင်းချနိုင်ရန် လေ့ကျင့်ပေးခြင်း၊ သင်တန်းများပို့ချခြင်း၊ အသိပညာ ပေးခြင်းများ ပြုလုပ် ပေးလျှက်ရှိသည်။
မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်များ အတွင်း ဓာတုဗေဒသုံံးစွဲမှုနှင့် ပိုးသတ်ဆေး ပါဝင်မှုတို့ကို စနစ်တကျစစ်ဆေးသည့် စရိတ်မြင့်မားသောကြောင့် သာမန် တောင်သူများမှာ ပိုးသတ်ဆေးပါဝင်မှုနှုန်းကို စစ်ဆေးမှု မရှိကြောင်း သိရသည်။
“ဟင်းသီးဟင်းရွက်တွေကို မြေသြဇာ အဖြစ် မစင် ကျွေးရတာမျိုးရှိတယ်၊ အဲဒီမှာက အီကိုလိုင် ဆိုတဲ့ ပိုးမျိုးပါနိုင်တယ်။
အီကိုလိုင်က အူနံရံတွေကို စားတယ်၊ သွေးထွက်အောင် လုပ်တယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
လူအများစုက ဓာတ်မြေသြဇာများကြောင့် အစာဆိပ်သင့်သည်ဟု အလွယ်တကူ ပြောဆို နေကြသော်လည်း ဟင်းသီး ဟင်းရွက်များကို ရေစင်အောင် မဆေးဘဲ ချက်ပြုတ်ကြကြောင်း၊ ထို့ကြောင့် ခန္ဓာကိုယ်တွင်း ဘက်တီးရီးယားများ ဝင်ရောက်ကာ ရောဂါဝင်ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများကို တက်ကျွမ်း နားလည်သူများက ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေး သင့်ကြောင်း၊ အော်ဂင်းနစ် အသီးအရွက်များကို ရွေးချယ်စားသုံးကြရန်လည်း ပညာပေးသင့်ကြောင်း ဦးနှင်းဦးက သုံးသပ်သည်။
“အော်ဂဲနစ် သူံးစိုက်တဲ့သူ သိပ်မများသေးဘူး။ စိုက်နိုင်လောက်အောင်လည်း စီးပွားရေးက မပြေလည်သေးဘူး။ အော်ဂင်းနစ် ပစ္စည်းက ပိုဈေးကြီးတော့ လူတွေက သိပ်မသုံးချင်ဘူး” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူကလည်း ဓာတု ပိုးသတ်ဆေး အများစုမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ ပိုးသတ်ဆေး သုံးစွဲရန်အညွန်းများကို ဘာသာပြန်ပြီးမှ ပြည်တွင်းတွင် ရောင်းချရန် စည်းကမ်း ထုတ်ထားသော်လည်း အရောင်းဆိုင်များက အညွှန်းကို ဘာသာပြန်ခြင်း မရှိဘဲ ရောင်းချနေသည့် အတွက် စိုက်ပျိုးသူများက အလွယ် ဝယ်ယူ သုံးစွဲနေကြကြောင်း ရှင်းပြသည်။
“တောင်သူတွေက ဓာတု ပိုးသတ်ဆေး သုံးနည်း မမှန်ကြဘူး။ အဲဒီတော့ အဆင်ပြေသလို သုံးလိုက်ကြရော၊ သူတို့ကို မသုံးရဘူးလို့တော့ သတိပေးလို့မရဘူး၊ အသိပညာ ပေးတာမျိုးပဲ လုပ်လို့ရမယ်” ဟု ၎င်းက ဆိုသည်။
ဟင်းသီးဟင်းရွက်များကို ဓာတု ပိုးသတ်ဆေး ဖျန်းပြီး အနည်းဆုံး ၁၅ ရက်ကြာပြီးမှသာ ခူးဆွတ်၍ ဈေးကွက်တွင် ရောင်းချသင့်ကြောင်း၊ စားသုံးသူ များကလည်း ဟင်းရွက်များကို ရေမဆေးဘဲ အစိမ်းစားခြင်း မလုပ်သင့်ဘဲ ရေသေချာ ဆေးကြော၍ ကျက်သည်အထိ ချက်ပြုတ် စားသောက်သင့်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ အတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘူးသီးများ ချက်ပြုတ်ရာမှ အပြာရောင် သန်းလာခဲ့သဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရန်ကုန်မြို့ သုဝဏ္ဏမြို့နယ်တွင် နေထိုင်သည့် ကိုကျော်စိုးနှင့် မတင်အေး ဇနီးမောင်နှံ နှစ်ယောက်မှာလည်း ကိုက်လန်ရွက်များ ကြော်စားရာမှ မူးဝေအော့အန် လာသဖြင့် ဆေးခန်း ပြခဲ့ရကြောင်း၊ ဆရာဝန်က အစာဆိပ်သင့်သည့် လက္ခဏာ ဖြစ်သည်ဟု ပြောခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး စားသုံးမိသော ကိုက်လန်ရွက်တွင် ဓာတုဗေဒ ပိုးသတ်ဆေး ပါဝင်မှုများပြားသဖြင့် အသည်းကို ထိခိုက်မိခဲ့ကြောင်း သတင်းများအရ သိရသည်။