သက်တမ်း ၁၃၇ နှစ်ခန့်ရှိပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး အကူအညီပေးရန် အမေရိကန် နိုင်ငံမှ ပြီးခဲ့သည့် ရက်သတ္တပတ်က ကမ်းလှမ်းလိုက်ကြောင်း သတင်းရသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး ယဉ်ကျေးမှုဌာနမှ သစ်သားဖြင့် တည်ဆောက်ထားသည့် ရွှေကျောင်းကြီးကို ရှေးမူလက်ရာ မပျက် ပြုပြင်ထိန်းသိမ်းပေးမည်ဟု ကမ်းလှမ်းလာခြင်းဖြစ်ပြီး ယဉ်ကျေးမှူ ဝန်ကြီးဌာနက မည်သည့်ပြန်ကြားချက်မှ ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။
ရှေးဟောင်း သုတေသန ဌာနမှ အရာရှိတဦးက“နည်းပညာရော ငွေကြေးရော ထောက်ပံ့မယ် ဆိုတော့ အကောင်းဘက်က များမှာပါ၊ ကမ်းလှမ်းတဲ့အဆင့်ဆိုတော့ ဘယ်လိုပုံထိန်းသိမ်းမယ်ဆိုတဲ့ အချက်တွေကိုတော့ ပြောဆိုတာမရှိသေးပါဘူး”ဟု ဆိုသည်။
ရွှေနန်းတော်ကျောင်းဟု အမည်ရသည့် ရွှေကျောင်းကြီးကို သီပေါမင်း နန်းတက်စ ၁၈၇၉ ခုနှစ်ခန့်က နတ်ရွာစံ မင်းတုန်းမင်းကြီး အတွက် ရည်စူးကာ သစ်သားဖြင့် ဆောက်လုပ်ထားခဲ့သော ရွှေပိန်းချကျောင်းတော်ကြီးဖြစ်ပြီး အတက်အဆင်း အတွက် လှေကားများသာ အုတ်ဖြင့် ပြုလုပ်ထားသည်။
လက်ရှိအခြေအနေ၌ ရွှေပိန်းချများ လွင့်ပြယ်သွားပြီဖြစ်သော်လည်း ပန်းကနုတ်၊ ပန်းပုလက်ရာများမှာ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ရှေး အစဉ်အဆက် ထိန်းသိမ်းခဲ့သည့်အတွက် အကောင်းပကတိ ရှိသေးကြောင်း၊ သို့သော် သစ်သားထည် သက်သက်ဖြင့် သာ တည်ဆောက်ထားသည့်အတွက် ပြင်ဆင်ထိန်းသိမ်းမည်ဆိုလျှင် နည်းပညာပိုင်း၌ အသေးစိတ်အချိန်ယူ လုပ်ဆောင်ရမည်ဖြစ် ကြောင်း ရှေးဟောင်း သုတေသနဌာနက ပြောဆိုသည်။
ယခုအခါ သစ်သားဆောင်ကို ရှေရည် ခံနိုင်ရည်ရှိစေရန် ကွန်ကရစ် တိုင်များဖြင့် ထောက်ကန် ထိန်းပေးထားသည်။
ရွှေကျောင်းကြီးကဲ့သို့ပင် မန္တလေး၊ အမရပူရနှင့် အင်း၀ နယ်တဝိုက်၌ နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ရှေးမြန်မာ ဘုန်းတော်ကြီး ကျောင်းများ အများအပြားကျန်ရှိနေသေးရာ သာကဝန်၊ ရွှေအင်ပင် ကျောင်း၊ သင်္ဂဇာ၊ မင်းထင် ယောမင်းကြီးအုတ်ကျောင်း၊ မြင်း ဝန်၊ သစ်ဆိမ့်၊ ရန္တပို၊ ရွှေကျင်၊ အင်း၀ ဗားကရာ စသည့်ကျောင်းတိုက်ကြီးများသည် ရှေးဗိသုကာ လက်ရာများဖြင့် ပြည့်နှက် နေ သည့် ကျောင်းများဖြစ်သည်။
ထိုကျောင်းများထဲတွင် ဝေယျာဝစ္စ ပစ္စည်းများ သိမ်းဆည်းရာ ဘောဂဆောင်၊ ဇေတဝန်ဆောင် စသည့် အဆောင်အသွယ်သွယ် ပါရှိ ပြီး အင်္ဂါရပ်ဖြင့် ညီညွတ်သည့် ရွှေအင်ပင် ကျောင်းနှင့် ၁၉ ရာစု ဥရောပ ဗိသုကာ လက်ရာဖြင့် ပေါင်းစပ်ထားသော ကင်းဝန်မင်းကြီး ကောင်းမှု သာကဝန် ကျောင်းများသည် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများ လေ့လာမှု များပြားသည့် ကျောင်းများဖြစ် ကြောင်း သိရသည်။
စာရေးဆရာ နတ်မောက်ထွန်းရှိန် ပြုစုသည့် “မြန်မာ့ယဉ်ကျေးမှု မြန်မာရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းကြီးများ” စာအုပ်တွင် မန္တလေး၊ အမရပူရနှင့် အင်း၀ ဝန်းကျင်တွင် မြန်မာရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၁၀၀ ကျော် ကျန်ရှိနေကြောင်း ဖော်ပြ ထားသည်။
သို့သော် သီပေါမင်းကောင်းမှု မှန်နန်းကျောင်းမှာ ပြိုကျသွားခဲ့ပြီဖြစ်ပြီး စလင်းမင်းသမီး ကောင်းမှု စလင်းကျောင်းလည်း မရှိတော့ ပေ။ အလားတူ သစ်ဆိမ့် ကျောင်းမှာလည်း မီးလောင်ပျက်စီးသွားပြီ ဖြစ်သည်။
လက်ရှိအခြေအနေတွင် တချို့သော ဘုန်းတော်ကြီးကျောင်းများကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသော်လည်း ဆရာတော် သံဃာတော်များ သီတင်းသုံးနေသည့်အတွက် ရှေးဟောင်းပုံစံ မပျက်စေရန် ပူးတွဲညှိနှိုင်း ထိန်းသိမ်း နေရသည်ဟု သိရသည်။
စာရေးဆရာ နတ်မောက်ထွန်းရှိန်က“ပျက်စီးသွားတဲ့ မန္တလေး နန်းတော်ကြီးတောင် ပြန်ဆောက်ပြီးတော့ ထိန်းသိမ်းနေသေးတာ၊ အခုလို အင်မတန်ရှေှးကျပြီး သစ်သား လက်ရာ ပန်းပု လက်ရာမြောက်တဲ့ ရှေးကျောင်းကြီးတွေကို ပစ်မထားဘဲ ပိုမိုထိန်းသိမ်းသင့် တယ်၊ ဘုန်းကြီးတွေနဲ့ချည်း ပစ်မထားသင့်ဘူး”ဟု ပြောသည်။
နှစ်သက်တမ်း ၁၅၀ ခန့်ရှိသည့် မြန်မာဗိသုကာ လက်ရာများမှာ ဘုန်းတော်ကြီးကျောင်းများတွင်သာ ရှိတော့ရာ ရှေးဟောင်းသုတေ သန ဌာနအနေဖြင့် ထိန်းသိမ်း၍ ကမ္ဘာလှည့်ခရီးသွား အများအပြားလာရောက်နေသည့် မြန်မာနိုင်ငံတွင် ဝင်ငွေရှာဖွေနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။
ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသန အဖွဲ့က ၁၉၇၂၊ ၁၉၇၅ ခုနှစ်များတွင် နှစ်ကြိမ် ကွင်း ဆင်း စာရင်းကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် စာရင်းကောက်ခံခြင်း မရှိသေးပေ။
မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း၌ စကု၊ စလင်း စသည့် ဒေသများတွင် ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများ ကျန်ရှိနေသေးပြီး စလေနယ်ရှိ ရုပ်စုံကျောင်းမှာ ထင်ရှားသည်။