လူငယ်နိုင်ငံရေး သမားတွေကို ဝဲလ်ကမ်းပဲ

သစ္စာနီ

This article has been converted from Zawgyi One to Unicode

ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့က ပန်းတနော်မြို့မှာ စာပေဟောပြောပွဲ တခု သွားရောက်ဟောပြောရပါတယ်။ ကျနော်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ လျှပ်တပြက် မြတ်ခိုင်တို့ ဟောပြောကြတယ်။ ကိုကိုကြီးနဲ့ မနှစ်က မြောက်ဥက္ကလာ ဖန်မီးအိမ် စာကြည့်တိုက် ဖွင့်ပွဲမှာ အတူတူ ဟောပြောခဲ့ဖူးပါတယ်။ စာပေဟောပြော ပွဲတော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ ဒဂုန်က မြန်မာ YEP ဆိုတဲ့ လူငယ်အဖွဲ့အစည်းလေးတခုမှာ ကျနော်ရယ်၊ ဂျင်မီရယ်၊ မင်းကိုနိုင်ရယ်၊ ဇော်သက်ထွေးရယ် အတူတူ ပြောခဲ့ကြဖူးပါတယ်။ စာပေဟောပြောပွဲတော့ မဟုတ်ဘူးပေါ့။ အခုတော့ ကိုယ့်လူတွေက စာပေဟောပြောပွဲတွေ လိုက်ကုန်ပြီ။ စာပေ ဟောပြောပွဲစင်မြင့်တွေမှာ တွေ့နေရပြီ။ နေဘုန်းလတ်က စ လို့ ပေါ့။

ဒီလပိုင်းအတွင်း မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်က အစ ဂျင်မီ၊ မြအေး၊ နေဘုန်းလတ်တို့ စာအုပ်လေးတွေက ရောင်းလို့ အင်မတန်စွံခဲ့တာပဲ။ ဒီ နိုင်ငံရေးသမား လူငယ်တွေကို သူတို့ရဲ့ နှစ်ရှည်လများ စွန့်လွှတ်အနစ်နာ ခံခဲ့မှုတွေကြောင့် လူထုက ချစ်ကြတယ်။ခေတ်ရဲ့ တောင်းဆိုမှု အရ၊ သမိုင်းရဲ့ လိုအပ်ချက်အရ  သူတို့ နိုင်ငံရေး နေရပေမယ့် နဂိုကတည်းက စာပေအနုပညာ (ပန်းချီ၊ ဂီတ) ဓာတ်ခံရှိတဲ့ သူတွေ။ (ပြုံးချို၊ ဌေးကြွယ်တို့ရဲ့ ပန်းချီလက်ရာတွေ ကြည့်ဖူးတယ်။ အဆင့်မြင့်တာ တွေ့ရတယ်) ပေါ်ဦးကလည်း ကဗျာသာမကဘူး သီချင်းရေးတဲ့ နေရာမှာလည်း စွမ်းဆောင်နိုင်တာ တွေ့ရတာပါ။ ကိုအောင်သူ (လူလူလက်ျာ) ရေးတဲ့ ကဗျာတွေကို ကဗျာအခြေစိုက် လူငယ်တွေ တော်တော်များများက လက်ခံရတယ်။ ဂျင်မီ (ကျော်မင်းယု)ဟာ သူ့အကို မျိုးမင်းယု (မျိုးကိုမျိုး)နဲ့ ကဗျာအတူ စာအတူ ရေးခဲ့တာ ကျနော်တို့ သိတယ်။ ဇော်သက်ထွေးလည်း ၈၈ ကာလကတည်းက ကဗျာရေးခဲ့တယ်။

အဝေးရောက်နေတဲ့ အောင်ဒင် (တာရာမင်းဝေ အကို)ဟာ အရင်ကတည်းက ဒတ္တဆိုတဲ့ ကဗျာဆရာ ဖြစ်ခဲ့တယ်။ အခု လူတွေက ကဗျာဆရာအဖြစ် သိကြတဲ့ လက်ျာဝင်း၊ ဇော်လူစိမ်း၊ ဘုန်းသက်ပိုင် စတဲ့ လူငယ်တွေဟာ ထောင်ထွက်နိုင်ငံရေး သမားတွေပဲ။ ရန်မျိုးသိမ်းတို့၊ မောင်တင်သစ်တို့လို စာရေးနေတဲ့ သူတွေလည်း ရှိသေးတယ်။ ဆေးကျောင်းသား ဘဝက နရီမင်းနဲ့အတူ မိုဇမ်သစ် အမည်နဲ့ ကဗျာရေးခဲ့တဲ့ ရန်မျိုးသိမ်းကလည်း အခုတော့ နိုင်ငံရေး ဆောင်းပါးတွေနဲ့ နာမည်ကြီးနေပါတယ်။

နိုင်ငံရေးနဲ့ စာပေ (ကဗျာ) ရဲ့ ဆက်စပ်မှုကို ယေဘုယျ သဘော တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကိုကိုကြီးကတော့ နိုင်ငံရေး သမားနဲ့ စာပေသမား (စာရေးဆရာ) အကြားမှာ ခြားထားတဲ့ နံရံက ပါးပါးလေးလို့ ဆိုပါတယ်။ ဦးနုတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အချိန်အားကလေးရရင် ကလောင်ကောက်ကိုင်တာမျိုးပေါ့။ ပြုံးချင်စရာလေးမို့ ဖောက်သည်ချရရင် စာပေသမားဟာ အဲဒီ နံရံပါးပါးလေးကို ကျော်လိုက်တာနဲ့ နိုင်ငံရေးသမား ဖြစ်သွားတယ်။ အဲဒီမှာ သူ ထောင်ထဲ လိမ့်ကျတာပဲ တဲ့။ (ဥပမာ – ဆရာဗန်းမော်တင်အောင်၊ ဆရာ သခင်မြသန်း၊ ဆရာ မြသန်းတင့် စသဖြင့်ပေါ့။)

ဟော နိုင်ငံရေးသမားတွေ ကျတော့ အချိန်နည်းနည်းရရင် ဒါမှမဟုတ် နိုင်ငံရေး အခြေအနေလေး နည်းနည်း တည်ငြိမ်လာရင် စာပေဘက် လှည့်သွားတယ်။ (ဗိုလ်ချုပ်က လွတ်လပ်ရေးရရင် စာပဲ ရေးတော့မယ် ပြောခဲ့တာပဲ)။  ခြားထားတဲ့ နံရံပါးပါးကလေးကို ကျော်လိုက်တာနဲ့ အများစုက အောင်မြင်တဲ့ စာရေးဆရာတွေ ဖြစ်ကုန်တယ်။ ဒီနေ့ စောစောက ပြောခဲ့တဲ့ မင်းကိုနိုင်၊ ဂျင်မီ၊ ကိုမြအေး၊ နေဘုန်းလတ် တို့ရဲ့ စာအုပ်တွေ ပေါက်သွားတာ အထင်အရှားပဲ။ အဲဒီတော့ သူတို့ကိုလည်း အနယ်နယ်အရပ်ရပ်က စာပေဟောပြောပွဲ စီစဉ်သူတွေက ဖိတ်ကြတာပေါ့။ နဂိုကတည်းက ဟောတတ် ပြောတတ်တဲ့ သူတွေ၊ လူထု ချစ်တဲ့သူတွေ ဆိုတော့ သူတို့ ဟောပြောပွဲတွေလည်း အောင်မြင်တာပေါ့။ အဲဒီမှာ ပြဿနာ ဖြစ်တော့တာပဲ။

စာပေလောကက လူတချို့က ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတယ်။ အဓိကကတော့ သူတို့ ကိုယ်တိုင် စာပေဟောပြောနေတဲ့ သူတွေပဲ။ သူတို့က စာအုပ်ကလေး တအုပ်ရေးဖူးရုံနဲ့ ဒီလို စာပေဟောပြောပွဲ စင်ပေါ် တက်လာတာ လက်မခံနိုင်ဘူးပေါ့။ ဒီလို နိုင်ငံရေး သမား စာရေး ဆရာပေါက်စတွေနဲ့ ဆိုရင် အတူတူ တစင်တည်း မဟောဘူးလို့ ကြေညာတဲ့သူတွေက ဖွင့်ထုတ်ကြေညာတယ်။ ဒါကတော့ ဘယ်ကိစ္စမျိုးမဆို ကြည့်တဲ့ ရှုထောင့်ကို မူတည်ပြီး သဘောထား ကွဲပြားမှာပါပဲ။ ဒါပဲ ဒီမိုကရေစီ ခေါ်တာပေါ့။

အဲဒီကိစ္စကို ပေါ်ပြူလာ ဂျာနယ်က အင်တာဗျူးလုပ်လို့ ကျနော် ပြတ်ပြတ်သားသားပဲ ပြောလိုက်ပါတယ်။ ဒီလို နိုင်ငံရေးသမားလူငယ်တွေ စာပေစင်တွေပေါ် တက်လာတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံတဲ့အကြောင်းပေါ့။ အကြောင်းရှာတဲ့သူတွေက  ဒီလူတွေဟာ စာ တအုပ်စ နှစ်အုပ်စ ရေးရသေးတယ်လို့ ပြောတယ်။ စာရေးဆရာရဲ့ တန်ဖိုးကို သူရဲ့ စာပေ အရေအတွက်နဲ့ တိုင်းတာကြသလား။ ဒီအတိုင်းသာဆို ကမ္ဘာကျော် စာရေးဆရာတွေလည်း မြောင်းထဲရောက် ကုန်လိမ့်မယ်။ မာဂရက်မစ်ချယ် ဆို Gone With The Wind (လေရူးသုန်သုန် မြန်မာပြန်) တအုပ်ပဲ ရေးဖူးတယ်။ ကမ္ဘာမှာ အင်မတန် အလေးစားခံရတဲ့ ကမူးတို့။ ကပ်ဖ်ကာတို့ဆို လုံးချင်းဝတ္ထု စာအုပ် ၃ အုပ်စီပဲ ရေးဖူးတယ်။ စာပေလောကမှာ ဆရာ့ဆရာကြီးလို့ ပြောနိုင်တဲ့ ဂျိမ်းဂွိုက်စ် ဆို ၂ အုပ်ပဲ ရေးဖူးတယ်။ အဲဒီ ကန့်ကွက်ချက်ဟာ မခိုင်လုံဘူးလို့ ထင်ပါတယ်။

ဒီ နိုင်ငံရေးသမားလူငယ်တွေဟာ တိုင်းပြည်အတွက် အနှစ် ၂၀ ကျော် သူတို့ရဲ့ လူငယ်ဘဝကို စတေးမြှုပ်နှံခဲ့တဲ့ သူတွေပါ။ ဒီလို ခြေခင်းလက်ခင်း သာယာစပြုနေတဲ့ အချိန် သူတို့ စာရေး ကဗျာရေးတယ်၊ သီချင်းဆိုတယ်၊ ပန်းချီရေးတယ်၊ တဘက်ကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်နေကြတယ်။ ဘာဖြစ်သလဲ။ လုပ်ကြစမ်းပါစေ။ စာပေစင်ပေါ်တက် စကားပြောတယ်၊ ပြောကြပါစေ။ သူတို့သာ နားထောင်သူ အဆိပ်အတောက် ဖြစ်စေမယ့် စကားမျိုး။ တိုင်းပြည်အကျိုးယုတ်စေမယ့် စကားမျိုး ပြောနေကြတယ် ဆိုရင် သူတို့ကို ကျနော် ကိုယ်တိုင်ခေါင်းဆောင် ပြီး စင်ပေါ်က ဆွဲချပစ်မယ်။

အခုတော့ သူတို့ ပြောတဲ့ စကားတွေဟာ စာပေအကြောင်း မဟုတ်ဘဲ သူတို့ အတွေ့အကြုံတွေ ဖြစ်နေပါစေ၊ နားထောင် ရတဲ့ လူငယ် လူကြီးတွေ အတွက် အကျိုးယုတ်စရာ အကြောင်းမှမရှိပဲ။ ပြောကြစမ်းပါစေ။ ဘာမှ ကန့်ကွက် ရှုတ်ချစရာ မရှိဘူး လို့ ကျနော် မြင်တယ်။ ခေတ်ကလည်း နိုင်ငံရေးစာပေတွေ ခေတ်စားတဲ့ခေတ်ကိုး။ ဒါကလည်း သမိုင်းရဲ့ တောင်းဆိုမှု အရပါ။

တချိန်တုန်းက ဗေဒင် ယတြာ မန္တာန် စာအုပ်တွေ ခေတ်ကောင်းခဲ့တယ်။ အဲသလို စာမျိုးတွေ ဖော်ပြတဲ့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းဆို ခြောက်သောင်းကျော်တောင် ရောင်းရတယ် ကြားတယ်။ နောက်တော့ အင်္ဂလိပ် စကားပြောစာအုပ်တွေ၊ ဂရမ္မာ စာအုပ်တွေနဲ့ တက်ကျမ်းတွေ ခေတ်စားခဲ့တယ်။ ဟော အခုကျတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ တွင်ကျယ်တဲ့ ခေတ် ရောက်လာတယ်။ ဒါ ကောင်းတဲ့ လက္ခဏာပါပဲ။ လူတွေ နိုင်ငံရေး အသိအမြင် ပိုကျယ်လာတာပေါ့။ ဒါဟာ ဒီနေ့ မြန်မာ့ လူ့ဘောင်အတွက် လိုအပ်နေတဲ့ စာပေတွေပဲ။ ဒါကြောင့် လူငယ် နိုင်ငံရေး သမားတွေကိုလည်း ဖြစ်နိုင်ရင် စာတွေ ဆက်ရေးကြဖို့ တိုက်တွန်းပါတယ်။

ဟောပြောပွဲ စင်ပေါ်လည်း ရဲရဲသာ တက်ကြပါ။ ဒီနေ့ ၁၈. ၂. ၂၀၁၃ တနင်္လာနေ့ Home ခန်းမမှာ ဝေမှူးသွင်ရဲ့ “မိုးသီးဇွန်နဲ့ စကားစမြည်” ဆိုတဲ့ စာအုပ်ကလေး မိတ်ဆက်ပွဲ ၁ နာရီမှာ ကျင်းပပါမယ်။ ထုံးစံအတိုင်း ကျနော့်ကို စကားလာပြောပေးဖို့ ဖိတ်တယ်။ ကျနော် မနက်က ဖုန်းနဲ့ မေးတယ်။ ငါနဲ့ ဘယ်သူတွေ ပြောမှာလဲ ဆိုတော့ ကိုမြအေးနဲ့ ကိုဂျင်မီ တယောက်ယောက်တဲ့။ ပြီးတော့ ဒေါက်တာ ဇော်မင်း၊ ကိုဌေးလွင်လည်း လာမယ်။ ကိုရဲ ဖြစ်ရဲ့လားတဲ့။ ဘာလို့ မဖြစ်ရမှာလဲလို့ ကျနော် ပြန်ပြောလိုက်တယ်။ ဒီ လူငယ်တွေနဲ့ ပတ်သက်လာရင် ကျနော်ကတော့ အမြဲတမ်း ဝဲလ်ကမ်း Welcome ပဲ။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

Loading