စီမံကိန်းများ အတွက် အသုံးပြုရန် ဟု ဆိုကာ တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေ များကို တောင်သူ လယ်သမားများ သို့ ပြန်ပေးနိုင်ရန် စီစဉ်နေသော်လည်း ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေများ အနက် အသုံးပြုခြင်း မရှိသေးသည့် မြေယာများကို တောင်သူ လယ်သမားများသို့ ပြန်လည်ပေးအပ် သွားမည် ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဥက္ကဌ သို့ ပြောကြားခဲ့ရာ ယင်းကိစ္စ နောက်ဆက်တွဲ မည်သို့ ဆောင်ရွက်နေကြောင်း ဧရာဝတီက စုံစမ်းရာ ဦးရဲထွဋ်က “လက်တွေ့အသုံးပြုခြင်း မရှိဘူးဆိုတဲ့ မြေယာများကို ပြန်ပေးနိုင်ဖို့အတွက် စိစစ်ပြိး ဆောင်ရွက်မယ်လို့ပဲ ကျနော် နားလည်ပါတယ်။ ဒါက ကိစ္စတစ်ခုချင်းကို စိစစ်ဆောင်ရွက်မှာဖြစ်လို့ ဘယ်အချိန်မှာ ပေးမယ်ဆိုတာ အတိအကျပြောဖို့ ခက်ပါတယ်” ဟု ဖြေကြားသည်။
စစ်တပ်က လယ်ယာမြေ သိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက အကြိမ်ကြိမ် တိုက်တွန်းခြင်း၊ နစ်နာရသည့် တောင်သူများက ပြည်သူ့လွှတ်တော်ရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်သို့ တိုင်ကြားလာခြင်းနှင့် မြေငှားရမ်း လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြေပိုင်ခွင့်အငြင်းပွားမှုများကို ဖြေရှင်းရန် မြန်မာအစိုးရအပေါ် ဖိအားပေးလာကြခြင်းတို့ ဖြစ်ပေါ်လာရာ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်တန်းချက်များနှင့် အမှုတွဲများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်မတော်မှ သိမ်းထားသော အသုံးမပြုသည့် မြေများ ပြန်ပေးရန်နှင့် စီမံကိန်း ဝင်နေသည့် လယ်မြေများအား လျော်ကြေးပေးသွားရန် ညွှန်ကြား ထားကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ပြဌာန်းခဲ့သော လယ်ယာမြေ ဥပဒေ အခန်း ၁၁၊ အပိုဒ် ၃၂ တွင်လည်း နိုင်ငံတော် အကျိုး ဖြစ်ထွန်း စေမည့် စီမံကိန်းများ အတွက် လယ်ယာမြေ သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သော ပမာဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလ အတွင်း အမြန်ဆုံး ပြီးစီးစေရန် အကောင်အထည် ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည် ပေးအပ်ရမည်ဟု ပါရှိသည်။
ထို့ကြောင့် တပ်က သိမ်းဆည်းထားသည့် လယ်မြေ အမှုများ အပြင် ကုမ္ပဏီများက သိမ်းဆည်း ထားခြင်း၊ ငွေကြေး တောင့်တင်းသူများက အာဏာပိုင်များနှင့်ပေါင်းက သိမ်းဆည်းခြင်း၊ အုပ်ချုပ်ရေးမှူးက သိမ်းဆည်းခြင်း စသည့် လယ်ယာမြေ အမှုများကိုပါ ထည့်သွင်း စဉ်းစားရန်လည်း လယ်သမားအရေး လှုပ်ရှားသူတို့က ပြောဆိုကြသည်။
“တပ်မတော်က သိမ်းပြီး အသုံး မလိုတဲ့ မြေတွေကို ပြန်ပေးမယ် ဆိုတာကို ကြိုဆိုတယ်။ ကျန်တဲ့ ဌာနတွေ ကလည်း ဒီအတိုင်း လိုက်လုပ်ပေးရင် ကောင်းတာပေါ့” ဟု တောင်သူလယ်သမားအသင်း တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်သူ လယ်သမားအသင်းက ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်း တိုင်းဒေသကြီး တို့တွင် ကျေးရွာ အလိုက် လယ်သမား သမဂ္ဂ အဖွဲ့ငယ်များ ဖွဲ့စည်းထားကြောင်း၊ ကျေးရွာ တရွာစီတွင် လယ်ယာမြေ ပြဿနာ ပျမ်းမျှ အမှု ၅ မှု ရှိနေကြောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် ပြဿနာများကို ဖြေရှင်းပေးနေရပြီး ၂၀၁၃ နှစ်ဦးပိုင်းမှာပင် တိုင်ကြားသူ ၃ ဦး ရှိကြောင်း သိရသည်။
လယ်သမား အများစုသည် ၎င်းတို့၏ ရပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အခွင့်အရေးများကို နှစ်ပေါင်း အတန်ကြာ ဖိနှိပ်ခံလာရ ပြီးနောက် လက်ရှိအစိုးရသစ်၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လမ်းဖွင့် ပေးလိုက်သဖြင့် ပြဿနာများ လူအများသိအောင် ဖော်ထုတ်လာကြခြင်း ဖြစ်ကြောင်း၊ ဆန္ဒ ထုတ်ဖော်သူများကို ပြေလည်အောင် ဆောင်ရွက်ပေးမည် ဟု အာဏာ ပိုင်များက ပြောဆိုနေကြသော်လည်း ထိရောက်မှု မရှိသေးကြောင်း လယ်သမားအရေး လှုပ်ရှား ဆောင်ရွက်သူများက ပြောဆိုသည်။
“မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး အားနည်း နေတာကြောင့် လယ်ယာမြေ ပြဿနာတွေ အလုပ်သမား ပြဿနာတွေ အများကြီး ဖြစ်လာရတာ၊ လယ်ယာမြေ ဥပဒေကို တောင်သူတွေက လက်ခံနိုင်တယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေက ဥပဒေကို ကိုယ်တိုင် လေးစား လိုက်နာဖို့ လိုနေတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ လယ်သမားအရေး လှုပ်ရှားသူ မစုစုနွေးက ဆိုသည်။ “တကယ် လုပ်ဆောင်ကြဖို့ လိုတယ်။ ပြည်သူတွေကို နှစ်သိမ့်တဲ့ စကားတော့ မပြောပါနဲ့” ဟုလည်း ဆိုသည်။
လတ်တလော ဖြစ်ပေါ်နေသည့် ဇေကမ္ဘာ ကုမ္ပဏီနှင့် ရွှေနံ့သာ ကျေးရွာအုပ်စု တောင်သူ လယ်သမားများ၏ လယ်ယာမြေ အငြင်းပွားမှု ပြဿနာသည်လည်း လပေါင်းများစွာ ကြာမြင့်နေသည့် တိုင် အပြီးသတ် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
ရန်ကုန် တိုင်းဒေသကြီး ဥက္ကံံမြို့နယ် ကြံစိုက်ဧက ၃၀၀ ကျော်ကို ဦးပိုင် ကုမ္ပဏီ လီမိတက်က သိမ်းဆည်းထားသည့်အပေါ် တောင်သူများက မကျေနပ်သည့်အတွက် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆန္ဒထုတ်ဖော်ရန် ရှိကြောင်းလည်း သိရသည်။