Environment

အင်းတော်ကြီးအိုင် ထိန်းသိမ်းရန် လိုအပ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင် အာရှတွင် အကြီးဆုံး ကုန်းတွင်းရေအိုင်ဖြစ်သော အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စွန့်ထုတ် လိုက်သည့် အမှိုက်သရိုက်များ၊ တရားမဝင် ရွှေတူးဖော်ရာမှ နုန်းပို့ချမှုများကြောင့် ယခုနှစ်များအတွင်း သိသိသာသာ အင်းကောလာသောကြောင့် ထိန်းသိမ်းသင့်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၂၀၀၆ ခုနှစ်ခန့်မှ စတင်ပြီး နုန်းအနယ် ပို့ချမှု များပြားလာသောကြောင့် လယ်မြေဖော်ထုတ် လုပ်ကိုင်နိုင်သော်လည်း ရေရှည်တွင် အန္တရာယ် ရှိနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“လယ်မြေဖော်နိုင်တာပဲ ဆိုပြီးတော့ ကျနော်တို့ ပေါ့ပေါ့ တွေးလို့ မရဘူး။ မိုးရာသီ အင်းရေ များလာရင်၊ အင်းကလည်း ကောနေမယ်ဆိုရင် အင်းရေက ကျနော်တို့ ရွာတွေကို ဖုံးသွားမှာ” ဟု အင်းတော်ကြီးဒေသ နမ့်မွန်းကျေးရွာမှ ဒေသခံ တဦးက ဆိုသည်။

အင်းတော်ကြီး အတွင်းသို့  မြစ်ချောင်းများက စီးဝင်သော်လည်း စီးထွက်ရာတွင် မိုးကောင်းချောင်း တချောင်းသာ ရှိသဖြင့် မိုးရာသီတွင် ရေတက်လွယ်ပြီး ရေကျရန် ခက်ခဲကြောင်း၊ ထို့အပြင် အင်းတော်ကြီး၏ ရေဝေရေလဲ ဒေသရှိ သစ်တောများ ပြုန်းတီးမှု ကြောင့် မိုးရာသီ ရေစီးဆင်းမှုနှင့် နုန်းပို့ချမှုမှာ ပိုများလာကြောင်း သိရသည်။

“နုန်းပို့လာတယ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ နုန်းပို့ထားတယ် ဆိုတာ သတ်သတ် မှတ်မှတ် ကောက်ယူထားတဲ့ ဒေတာတွေတော့ မရှိနိုင်ဘူး။ အခုအချိန်မှာ အင်းတော်ကြီးကို ထိန်းသိမ်းဖို့ စီမံကိန်းတွေ ချပေးချင်တယ်၊ လုပ်ချင်တယ် ဆိုရင်တောင် ပညာရှင်တွေ သွားဖို့ အခက်အခဲ ရှိနေတယ်” ဟု မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

အင်းတော်ကြီး ဒေသနှင့် ပတ်သတ်ပြီး သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ စစ်တမ်းကောက်ယူမှုကို ၂၀၀၄ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် လာရောက် လေ့လာမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

အင်းတော်ကြီး ဒေသသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ ၆ နှင့် မြန်မာ့ တပ်မတော် စစ်ကြောင်း များ၏ ထိန်းချုပ်မှု အောက်တွင် တလှည့်စီ ရှိနေခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှု မရှိသော ဒေသတခု ဖြစ်ကြောင်း သိရသည်။

“အခု အင်းလေးဒေသကို ထိန်းသိမ်းနေသလို အင်းတော်ကြီးကိုလည်း လုပ်စေချင်တယ်။ ကျမတို့ ဆီမှာ သဘာ၀ အရင်းအမြစ် တွေ ကြွယ်ဝလျက်သားနဲ့ ထိန်းသိမ်းမှု ညံ့ဖျင်းလို့၊ အင်းတော်ကြီးဟာ အင်းလေးလို ဖြစ်မှ ထလုပ်မယ် ဆိုရင်တော့ ကျမတို့ အသုံး မကျတာပဲလို့ ယုံကြည်တယ်” ဟု သဘာ၀ ပတ်ဝန်းကျင် ပညာရှင် တဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ဧရာဝတီကို ပြောသည်။

“ကျနော်တို့ လယ်မြေက အရင်က ဒီလောက် မကျယ်ဘူး။ တနှစ်ထက် တနှစ် အင်းရေက ကျကျသွားတော့ တကွက်ခြင်း တကွက်ခြင်း တိုးပြီးတော့ လယ်ဖော်ကြတယ်။ အင်းရေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် အခု ကျနော့်လယ် အစွန် နေရာအထိ ရှိတယ်” ဟု အင်းတော်ကြီးဒေသ လယ်ပုံလေး ကျေးရွာမှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ထို့အပြင် အင်းတော်ကြီး ဒေသ မိုင်းနောင် ကျေးရွာ အနီး အင်းတော်ကြီး အိုင်အတွင်း စီးဝင်သည့် ခေါင်းတုန်း ချောင်းတွင် ချောင်းကမ်းပါးများ၊ ချောင်းအောက်ခြေ ကြမ်းပြင်ကို တူး၍ ရွှေ တူးဖော်မှုများ ပြုလုပ်နေသဖြင့် ယင်း ဒေသ တဝိုက်တွင် နုန်းပို့ချမှု သိသိသာသာ ဆိုးဝါးနေကြောင်း၊ ရွှေကျင်ယူရာတွင် သုံးသည့် ပြဒါးများကြောင့် ရေသတ္တဝါနှင့် ကျေးငှက်များ ပြဒါးဆိပ်သင့် သေဆုံးမှုများ တွေ့ကြုံရကြောင်း ဒေသခံများထံမှ သိရသည်။

“အမှန်က အင်းတော်ကြီးနဲ့ ၅ မိုင်ပတ်လည် အတွင်း ရွှေတူးခွင့်မရှိဘူး။ အဲဒီ ချောင်းထဲမှာ တူးခွင့်ရနေတဲ့ သူက ချောင်း ကောနေတာကို ပြုပြင်ပေးမယ်၊ ဘက်ဟိုးစက်ကြီးတွေနဲ့ နုန်းတွေကို ယက်ထုတ်ပေးမယ် လို့ သက်ဆိုင်ရာနဲ့ နားလည်မှု ယူပြီး လုပ်နေတာ လေးနှစ်လောက်ရှိနေပြီ။ ချောင်းကောကို ပြင်မပေးတဲ့ အပြင်၊ အဲဒီချောင်းက နုန်းရေတွေက အင်းထဲကို စီးနေတာ အင်းရေတောင် နုန်းရောင် ပေါက်နေပြီ” ဟု မိုင်းနောင်ကျေးရွာမှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန မိုးညှင်းခရိုင် ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက “အင်းထဲက ရေက များနေရင်၊ ဒီဘက်က နုန်းပို့ချမှုက နည်းရင် ဆိုးဆိုးဝါးဝါးတော့ မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် အင်းရေဘက်က ခုခံနိုင်မှု နည်းမယ် ဆိုရင်တော့ ရေသတ္တဝါတွေကို ထိခိုက်နိုင်ပါတယ်။ ဧရိယာ ဧက သိပ်များတဲ့ အင်းကြီးကို ဒီလောက် ချောင်းလေးတွေထဲက နုန်းပို့ချမှုဟာ သိပ်ထိခိုက်နိုင်မယ် လို့တော့ မထင်ပါဘူး” ဟု ၎င်း၏ အမြင်ကို ပြောသည်။

အင်းတော်ကြီး ကန်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း တည်ရှိပြီး ပင်လယ် ရေမျက်နှာပြင် အထက် အမြင့်ပေ ၇၀၀ ကျော်တွင် တည်ရှိနေသည့် ၂၉၉ ဒဿမ ၃၂ စတုရန်းမိုင် ကျယ်ဝန်းသည့် ကုန်းတွင်း ရေအိုင်ကြီးဖြစ်ပြီး အင်းတော်ကြီးကန် ပတ်ဝန်းကျင်တွင် လယ်မြေဧက သောင်းချီရှိကာ ကချင်ပြည်နယ်၏ ဆန်စပါး အများဆုံးထွက်ရှိရာ ဒေသလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် ထိန်းသိမ်းရန် သတ်မှတ် ပြဌာန်းထားသည့် သဘာ၀ ရေဝပ်မြေများ (Ramsar Site) ပေါင်း ၂၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ မိုးယွန်းကြီးအင်းသည် တခု အပါအဝင်ဖြစ်သည်။

မုတ္တမ ပင်လယ်ကွေ့ကို (Ramsar Site) စာရင်း တင်သွင်းရန် ကြိုးစားလျှက်ရှိပြီး အင်းလေးကန်နှင့် အင်းတော်ကြီး ကန်တို့သည်လည်း သဘာဝရင်းမြစ် ပေါကြွယ်ဝသော ရေဝပ်မြေများဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading