မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး ပြောင်းရွှေ့ရမည်ဆိုလျှင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီက ပြောသည်။
“ခုဆို ကျွန်တော်တို့က ကျောက်အရောင်းဝယ်ထက် ခုလက်ရှိ ကျောက်မျက်ဝိုင်း မပြောင်းရွှေ့ရေး အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ပြောင်းရွှေ့ဖို့ဆိုတာ ဖြစ်လာခဲ့ရင် ဆန္ဒထုတ်ဖော်ဖို့တွေ ဖြစ်လာမှာပါ” ဟု မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်းက ယနေ့ ကျင်းပပြုလုပ်သည့် ၈၄လမ်း ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ D & G စားသောက်ဆိုင် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကျောက်မျက်ဈေး အသစ်ကြီးကို မန္တလေးမြို့ တောင်ဘက် ဆင်ရွာနှင့် မြင်းမူးကျေးရွာတွင် မြေဧက ၆ဧကနှင့် တည်ဆောက်သွားမည် ဖြစ်ပြီး လက်ရှိ ကျောက်ဝိုင်း ရှေ့အလားအလာ မသေချာတော့သောကြောင့် မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရေးကော်မတီကို ဖေဖော်ဝါရီလ၂၀ရက်နေ့ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဈေးသစ်ကြီးတွင် ဆိုင်ခန်းများတည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကျောက်စိမ်းဈေးကွက်ကြီး ဖြစ်ပေါ်ရန်တွက် အဓိကထားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အဆိုပါကျောက်မျက်ဈေးကို ဖော်ဆောင်နေသည့် အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီမှ ကိုစိုးနိုင်က ပြောသည်။
“မန္တလေး ကျောက်ဝိုင်း ရွှေ့ရမယ်၊ မရွှေ့ရဘူးဆိုတာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက ညှိနှိုင်းပေးပါလိမ့်မယ်။ ကျွန်တော်က လက်ရှိ မြေဧကတွေကို လှူပြီး နိုင်ငံတကာ ကျောက်မျက်ဈေးကြီးတစ်ခု ဖော်ဆောင်ဖို့အတွက် လုပ်နေတာပါ” ဟု ၎င်းကဆိုသည်။
အေးအေးခိုင်ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မြေဧက ၂၀ကျော် လှူဒါန်းပြီး ကျောက်စိမ်းဘုရားအတွက် မြေ ၂ ဧက၊ ကျောက်မျက်ဈေးအတွက် မြေ ၆ဧက နှင့် ကျောက်ဝိုင်းဈေးသူ ဈေးသားများအတွက် ၁၂ ဧက အသုံးပြုရန် လှူဒါန်းထားပြီး ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအနေဖြင့် အဆိုပါဈေးသစ်ကြီးကို တည်ဆောက်ခွင့်ပြုထားသော်လည်း လက်ရှိ ကျောက်မျက်ဝိုင်းရွှေ့ပြောင်းရေးကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပေ။ မန္တလေးမြို့တော် စည်ပင်အနေဖြင့် ယင်းကျောက်မျက်ဝိုင်းကို ဖျက်သိမ်းမည် ဆိုသည့် စာများထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
သို့သော် မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်က မန္တလေးမှာ ကျောက်မျက်ဈေးကွက်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လေလံစနစ်ကို ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားချက်ကို ကျောက်မျက်ဝိုင်းအဖွဲ့ အင်အား ၁သောင်းကျော်က လက်မှတ်ထိုး ကန့်ကွက်ခဲ့သည်။
ယင်းလက်မှတ်ထိုးသည့်စာရွက်များနှင့်အတူ ကျောက်မျက်ဈေး မပြောင်းရွှေ့ရေးအတွက် တောင်းဆိုချက်များကို နိုင်ငံတော် သမ္မတထံ စာတင်သွားမည် ဖြစ်ကြောင်း ကျောက်ဝိုင်းအကျိုးတော်ဆောင် ဒုဥက္ကဌ ဦးဇော်ဇော်က ပြောသည်။
ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သော ကိုဖြိုးကလည်း “လက်လုပ်လက်စား ကလေးငယ်တွေနဲ့ အခြေခံ ကျောက်မျက်လုပ်ငန်းသမားတွေအတွက် ဒုက္ခရောက်မယ့် ကိန်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကျောက်မျက်ဈေးကြီးကို မရွှေ့ပြောင်းစေချင်ပါဘူး” ဟု ဆိုသည်။
လက်ရှိ မန္တလေး ကျောက်ဝိုင်းကို ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် ကျောက်မျက်အရောင်းဝယ် လုပ်ဆောင်နေသည့် ကျောက်သမား သောင်းချီရှိကြောင်း သိရသည်။