သတင်း

အဓမ္မ ပြုကျင့်ခံရသည့် ကလေးကို ခိုးမှုဖြင့် ပြန်ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား၏ ဇနီးသည်က ၎င်း မိန်းကလေးကို ခိုးမှုဖြင့် ပြန်လည် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သိရသည်။

အဆိုပါ မိန်းကလေးသည် အတန်းပညာကို မသင်ဘူးခဲ့ကြောင်း၊ ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာတွင် မလုံခြုံဟု ဆိုကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားကွင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းနေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။

“သမီးကို အဓမ္မကျင့်ပြီးတော့ အဖြူရောင် ဆေးတလုံး တိုက်တယ်။ ဘယ်သူ့ကိုမှ မပြောနဲ့၊ နင်ပြောရင် နင့်ကို သတ်မယ် လို့လည်း ခြိမ်းခြောက်တယ်” ဟု သူက ပြောဆိုခဲ့သည်။

အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီးကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့လိုက်သည်ဟု စခန်းမှူး ဦးညီညီလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“ကလေးမကိုတော့ ခိုးမှုနဲ့ ဖမ်းထားပါတယ်။ (ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ နဲ့ စွဲထားတယ်။ သူ့ကိုတော့ အမျိုးသမီး ကျောင်းမှာ နောက်လ ၈ ရက်နေ့ အထိ ထားသွားမှာပါ။ ဒီကြားထဲ တရားရုံးက ခေါ်မှ သွားထုတ်ပေးမယ်” ဟု စခန်းမှူးက
ဆိုသည်။

မိန်းကလေး၏ မိဘများ ရဲစခန်းတွင် အမှုသွားဖွင့်စဉ် ကတည်းက ဆိုင်ရှင်၏ ဇနီးဖြစ်သူသည် ၎င်းနေအိမ်မှ ပစ္စည်းများ ပျောက်သွားခဲ့ သောကြောင့် မိန်းကလေးကို ခိုးမှုဖြင့် အမှုဖွင့်တိုင်ကြားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

မိန်းကလေးအား စားသောက်ဆိုင်ပိုင်ရှင်များက တခြားအရပ်သို့ ပို့ဆောင်ခဲ့ချိန်တွင် အဝတ် ၁၀ ထည်ခန့်သာ ယူသွားပြီး မည်သည့် ပစ္စည်းမှ ခိုးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ မိန်းကလေးက အဖမ်းမခံရမီ ဧရာဝတီသို့ ပြောပြခဲ့သည်။

“သမီးကို သူတို့ အိမ်ကနေ တခြားနေရာ ပြောင်းခိုင်းတုန်းက ဝတ်စရာကလွဲပြီး ဘာမှ မယူဘူး။ သူတို့ရဲ့ တန်ဖိုးကြီးတဲ့ နာရီ တွေ၊ ပိုက်ဆံတွေလည်း မခိုးပါဘူး။ ပြောင်းဖို့ ခေါ်သွားတဲ့နေရာ သွားတဲ့ အချိန်တောင် ပိုက်ဆံ တပြားမှမရှိဘူး” ဟု သူက ဆိုသည်။

ဤအမှုကို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများကွန်ယက်မှ ရှေ့နေ တဦးက မိန်းကလေးငယ်၏ လက်ထဲတွင် ခိုးရာပါ ပစ္စည်း မတွေ့ရဖြင့် ခိုးမှုမမြောက်ကြောင်း၊ လည်ဆည်တိုင်ကြား ခြင်းသာ ဖြစ်နိုင်ကြောင်း၊ တရားရုံးတွင် ရုံးတင်စစ်ဆေးသည့် အခါ အဆိုပါအမှုကို တရားမျှတမှု ရှိမရှိ စောင့်ကြည့်ကာ လိုအပ်သည်များကို ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

မိန်းကလေးကို ပစ္စည်းခိုးသည်ဟု တိုင်ကြားခြင်းမှာ လုပ်ဇာတ်သာဖြစ်ပြီး မိန်းကလေးကို တခြားနေရာသို့ ပို့သည့် အချိန်တွင် ဇာတ်လမ်း စဉ်ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် အလွန်ပင် ရုပ်ဆိုးသည့် ဖြစ်ရပ်ဖြစ်ကြောင်း မိန်းကလေးကို လိုက်လံ ကူညီပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

အသက်မပြည့်ဘဲ အဓမ္မပြုကျင့် ခံရသူ၊ ချုပ်နှောင်ခံခဲ့ရသူ မိန်းကလေး၏ အမှုတွင် ကျူးလွန်သူကို ချုပ်နှောင် ထားသော်လည်း အမှုငယ်စေရန် ကြံစည်မှုများ ရှိနေကြောင်း၊ မိန်းကလေးဘက်မှ အပြီးတိုင် ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ သူက ဆိုသည်။

ဆိုင်ရှင် အမျိုးသား ဦးမြင့်အောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားပြီး တိုင်ကြားစွဲဆိုခဲ့သည့် တခြား အမှုတမှု ဖြစ်သော လူကုန်ကူးမှုကိုမူ အမှုမမြောက်သဖြင့် သက်ဆိုင်ရာက လက်မခံကြောင်း စခန်းမှူး ဦးညီညီလွင်က အတည်ပြု ပြောဆိုသည်။

၎င်းက “ဒီလ ၂၇ ရက်နေ့မှာ ဦးမြင့်အောင်ကို အမှုစစ်ဖို့ ရုံးချိန်း ခေါ်ထားပါတယ်” ဟု ဆိုသည်။

ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရပေ။

“သမီးကတော့ အဲဒီပိုင်ရှင် နှစ်ဦးစလုံး ထောင်ကျစေချင်တယ်။ ပြီးတော့ နောက်ထပ် ညအိပ်ပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း မလုပ်ရဲတော့ဘူး။ သမီးလို အရွယ်ရှိတဲ့ သူတွေအားလုံးလည်း ညအိပ်ပြီး အိမ်ဖော်လုပ်ရမယ်ဆိုရင် မလုပ်ဖို့ ပြောချင်ပါတယ်” ဟု မထက်ထက်က ပြောသည်။

မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရသည်နှင့် ပတ်သက်၍ ကူညီချင်သော်လည်း ရဲမှုခင်းဖြစ်သောကြောင့် ရဲဌာနကိုသာ လွှဲပြောင်းပေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေး ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading