နော်ဝေးနိုင်ငံ တွင် ၃ရက်ကြာ လာရောက်လည်ပတ်သည့် သမ္မတဦးသိန်းစိန်သည် နော်ဝေနိုင်ငံရောက် မြန်မာများနှင့် တွေ့ဆုံစကားပြောမည့်အပြင် အပြန်အလှန်မေးခွန်းများ ဖြေကြားမည့် အစီအစဉ်လည်းရှိသည်ဟု “နော်ဝေငြိမ်းချမ်းမှု တည်ဆောက်ရေး စင်တာ” အဖွဲ့(Norwegian Peace Building Resource Centre)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဦးသိန်းစိန်သည် ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့ တွင် အော်စလိုသို့ရောက်ရှိပြီး နောက်တနေ့ ဗုဒ္ဓဟူးနေ့ ညနေတွင် အော်စလိုဘုရင့်နန်းတော်အနီး စာပေဗိမ္မာန်(Litteraturhuset)၌ မြန်မာနိုင်ငံသားများနှင့် တနာရီကြာ တွေ့ဆုံစကားပြောပြီး တက်ရောက်လာသူတို့၏ မေးခွန်းများလည်း ဖြေကြားမည်ဟု သိရသည်။
ထိုသို့ သမ္မတနှင့် အဝေးရောက်မြန်မာများ တွေ့ဆုံပွဲ ကျင်းပနေစဉ် အဆိုပါအဆောက်အဦးပြင်ပ၌ နော်ဝေးနိုင်ငံရောက် ရိုဟင်ဂျာအဖွဲ့ ကလည်း အော်စလိုအခြေစိုက် အစ္စလမ်မစ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆန္ဒပြပွဲတရပ် ကျင်းပရန်စီစဉ်နေကြောင်း သိရသည်။
“ကျနော်တို့အားလုံး အင်အား ၅၀၀ လောက်နဲ့ ဆန္ဒပြဖို့ ရဲဌာနကို ခွင့်ပြုချက်တောင်းထားပါတယ်၊ သမ္မတ ဦးသိန်းစိန် အနေနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့၊ အကြမ်းဖက်နှိမ်နင်းမှုတွေ မပြုလုပ်ဖို့အပြင် ပြည်ပက ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူသားချင်းစာနာတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုဖို့ တောင်းဆို ဆန္ဒပြကြမှာ ဖြစ်ပါတယ်” ဟု နော်ဝေးအခြေစိုက် ရိုဟင်ဂျာ အဖွဲ့(RCN) ၏ ဥက္ကဌ Khairal Amin က ဧရာဝတီကို ပြောဆိုသည်။
ဦးသိန်းစိန် ရောက်ရှိမည့် အင်္ဂါနေ့ ညနေ တွင်လည်း တည်းခိုရာ အော်စလိုမြို့လည်ရှိ Continental ဟော်တယ်ရှေ့၌ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများကလည်း ဆန္ဒပြပွဲပြုလုပ်မည်ဟု သိရသည်။
“ အဓိက ကတော့ သမ္မတဦးသိန်းစိန်အစိုးရဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေ၊ ဒီမိုကရေစီစနစ်နဲ့ မလျှော်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက စစ်တပ်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲမှုမရှိတဲ့ ဖွဲ့စည်းပုံ ဥပဒေကြီးနဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေး နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အကောင်အထည်မဖော် နိုင်ဖူး ဆိုတာကို ဆန္ဒဖော်ထုတ်မှာဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်နေသူ ကိုမြင့်အေးက ပြောသည်။
သမ္မတ၏ အော်စလို ခရီးစဉ်အတွင်း အဝေးရောက် NLD ပါတီဝင်အချို့နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ယခင် ဒီမိုကရေစီအရေး တက်ကြွသူတချို့ကလည်း သမ္မတဦးသိန်းစိန် တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ တက်ရောက်ရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။
သမ္မတဦးသိန်းစိန်၏ ခရီးစဉ်သည် ပထမဆုံးအကြိမ် ဥရောပ ခရီးစဉ်ဖြစ်ပြီး နော်ဝေးအပါအဝင် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။