ပြီးခဲ့တဲ့ လအနည်းက စပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရခိုင်မျိုးနွယ်စုများ မြန်မာဘက်ကို ပြောင်းရွေ့ အခြေချမှုတွေ ရှိလာပြီးနောက်ပိုင်း ဆက်လက် မပြောင်းရွေ့စေရန် သက်ဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တင်နယ်စား (ဒေသအခေါ် ဟေရ်မန်)နှင့် ရွာစား (ဒေသအခေါ် ကာရ်ဘာရီ) တွေကို မြို့နယ်အရာရှိတွေက ပြောဆိုလာကြောင်း သိရသည်။
မြန်မာဘက်ကို ဆက်လက်မပြောင်းရွေ့ရန် ရှင်းပြပြောကြားစေရန်နှင့် ပြောင်းရွေ့မည့် အစီစဉ်များကို စုံစမ်းပြီး သက်ဆိုင်ရာကို သတင်းပို့ကြရန် ပြီးခဲ့တဲ့ အပတ်က ခေါ်ယူပြောကြားခြင်းဖြစ်ကြောင်း နယ်စား တဦးဖြစ်သည့် ဦးမောင်ညွန့်က ပြောသည်။
“အခုရက်ပိုင်းတွေမှာ မြန်မာဘက်ကို ပြောင်းသွားကြတဲ့လူတွေ များလာတယ်။ အဲ့ဒီသတင်းတွေကို အာဏာပိုင်တွေက သိသွားပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ကို ခေါ်ပြောတာဖြစ်တယ်။ ဒါပေမဲ့ ပြောင်းချင်တဲ့လူကို မပြောင်းဖို့ အတင်း တားဆီးထားလို့မရဘူး” ဟု ဦးမောင်ညွန့်က ဧရာဝတီသို့ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြားစောင့်က BGB တပ်အနေဖြင့် မြန်မာဘက်သို့ ကူးပြောင်းမည့် သူများကို တားဆီးနိုင်ရန် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားသော်လည်း ပြောင်းရွေ့လိုသူများသည် BGB များမရှိသည့် အချိန်ကိုစောင့်ပြီး ပြောင်းရွေ့သွားကြကြောင်း နယ်စပ်အနီးရှိ ဆပ်ဒါလာမှ ရွာစားတဦးကပြောသည်။
“BGB ကတော့ တားဆီးဖို့ လုံခြုံရေးတွေတိုးချလာတာတွေရှိတယ်။ ဒါပေမဲ့ ဒီဘက်ကနေ ဟိုဘက်ကိုသွားချင်တဲ့ လူတွေက သူတို့ မရှိတဲ့ အချိန်တွေကို စောင့်ပြီး ထွက်သွားကြတာပဲ” ဟု ယင်းရွာစားက ဆိုသည်။
ယခုလို တားဆီးမှုတွေ ပြုလုပ်နေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ မြန်မာနိုင်ငံဘက်ကို ကူးပြောင်းနေထိုင်လိုသူများမှာ ပိုမို များပြားလာနိုင်ဖွယ်ရှိသည်လို့ လေ့လာသူတွေက ဆိုသည်။
“ဒီနေ့ အခြေအနေတွေအရ ဘင်္ဂလားဒေ့ရှ်ထဲမှာလည်း နိုင်ငံရေး ရှုပ်ထွေးမှုတွေများလာတယ်။ နောက်ပြီး ဘင်္ဂလား အမျိုးသား ပါတီ အာဏာရလာမယ်ဆိုရင် ဗုဒ္ဓဘာသာတွေအတွက် ဒီထက် အခြေအနေတွေ ဆိုးလာလိမ့်မယ်လို့လည်း စဉ်းစားနေကြတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာဘက်ကို ကူးပြောင်းနေထိုင်ဖို့ ပိုပြီး စိတ်ဝင်စားလာတာဖြစ်တယ်” ဟု ဘန်တရိုမြို့မှ သတင်းထောက်တဦးက ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ်အတွင်း ရခိုင်မျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ မာရမာ၊ ဆပ်၊ ဒိုင်းနား၊ မြို၊ ခမီ စသည့် လူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အလျှောက် ဒေသခံ မွတ်စလင်များ၏ မြေယာလုမှုများ၊ အနိုင်ကျင့်မှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွေ့လိုခြင်းဖြစ်ကြောင်း ဆိုကိုရီယာမြို့အတွင်းမှ ရွာစားတဦးကဆိုသည်။
“ကျွန်တော်တို့ ရွာမှာဆိုရင် ဘုန်းကြီးကျောင်းမြေတွေကို သူတို့ တွေက ဝင်နေကြတယ်။ အိမ်ဆောက်ကြတယ်။ နီးစပ်ရာ စစ်တပ်တို့ ရဲစခန်းတို့ကိုသွားတိုင်တော့လည်း အာဏာပိုင်တွေက အရေးယူတာမျိုးရှိတယ်။ ဒါပေမဲ့ အာဏာပိုင် တွေစောင့်နေတုန်း ခဏပဲ။ အာဏာပိုင်တွေ မရှိတော့ဘူးဆိုရင် အရင်အတိုင်း ပြန်ပြီးလုပ်ကြတာဘဲ။ ဒီလို အခြေအနေကြောင့် မြန်မာဘက်ကို ပြောင်းလိုကြတာဖြစ်တယ်” ဟု ဆိုကိုရီယာမြို့အတွင်းမှ ရွာစားတဦးက ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း မြေယာမြေအငြင်းပွါးမှု ပြဿနာများ နေရာတိုင်းလိုလိုမှာရှိပြီး ဘန်တရိုဘန် ခရိုင်အတွင်း အမှုပေါင်း သောင်းဂဏန်း အထက်မှာရှိနေကြောင်း ဘန်တရိုဘန်မြို့ရဲစခန်းမှ နယ်ထိန်း မူဟာမက် နိုဒူမာမွတ်က ပြောသည်။
“ဒီ စစ်တကောင်း တောင်တန်းဒေသလို့ခေါ်တဲ့ ၃ ခရိုင်ထဲမှာ မြေယာရောင်းဝယ် နာမည်ပြောင်းခွင့်ပိတ်ပင်ထားတဲ့ အတွက်ကြောင့် ကိုယ်ပိုင်သည် ဖြစ်စေ မပိုင်သည်စေ လုယက်တာတွေ ရှိပါတယ်။ လိုက်လံဖြေရှင်း ပေးရတာတွေလည်း ရှိပါတယ်” ဟု နယ်ထိန်းက ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွေ့ အခြေချလာသူတွေ အတွက် နေအိမ်နဲ့ ခြံဝင်းတခု၊ လုပ်ကိုင်စားသောက်ရန် အတွက် လယ် ၂ ဧက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရခိုင်မျိုးစုများအကို မြန်မာအစိုးရအနေဖြင့် လောလောဆယ် အခြေအနေတွင် ဒုက္ခသည် အနေဖြင့်သာ သတ်မှတ်ထားပြီး နောက်ပိုင်းကျမှသာ နိုင်ငံသားအဖြစ် အသိပြုပေး ဖွယ်ရှိကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြောင်းရွှေ့လာသူများကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက ခရေမြိုင် ဗောဒီကုန်း၊ လောင်းဒုံနှင့် တောင်ပြို နတလ ကျေးရွာများတွင် ပြန်လည်နေရာချထားပေးထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု တပ်ဖွဲ့ (နစက) ဌာနချုပ်မှ တကြပ်ကြီး တဦးမှ ပြောသည်။
“အခုရောက်တဲ့ လူတွေကို နတလရွာတွေမှာ ပြန်လည်နေရာချထားပေးတယ်။ အရင်က ဆောက်ထားတဲ့ အိမ်တွေမှာ လူမရှိတော့ဘူး။ အဲ့ဒီလိုအိမ်တွေမှာ ပြန်ထားပေးတယ်။ နိုင်ငံသား ဖြစ်ခွင့်ပိုင်းကျတော့ အထက်က ဘာမှ မပြောသေးဘူး လောလောဆယ်တော့ ဒုက္ခသည် အနေနဲ့ဘဲ ကူညီနေတာဖြစ်တယ်” ဟု ယင်းတပ်ကြီးကပြောသည်။
ဒေသခံများအဆို အိမ်ထောင်စု ၂၀၀ ကျော် ပြောင်းရွှေ့ပြီးဖြစ်ပြီး နောက်ထပ် ပြောင်းရွှေ့ရန်လည်း ရှိကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို မြန်မာနိုင်ငံဘက်ကို ကူးပြောင်းသွားသည့် စာရင်းကို သက်ဆိုင်ရာ ဌာနတွေကို စာရင်းပေးပို့ရပြီး သူတို့က နိုင်ငံသားအဖြစ်က ရပ်ဆဲရေး မရပ်ဆဲရေးက လောလောဆယ် မဆုံးဖြတ်သေးကြောင်း နယ်စား မောင်နုက ပြောပါတယ်။
“ခုလောလောဆယ်တော့ ကိုယ်နယ်ထဲက ပြောင်းသွားတဲ့လူရှိရင် စာရင်းပို့ပေးရတယ်။ အထက်ကပြောထားတာကတော့ ဒီဘက်မှာ မကောင်းလို့ မြန်မာဘက်ကိုပြောင်းသွားတယ်။ မြန်မာဘက်မှာ မကောင်းရင် ဒီဘက်ကို ပြန်ပြောင်းလာကြ လိမ့်မယ်လို့ဘဲ ပြောထားတယ်” လို့ ရွားစား မောင်နုက ရှင်းပြသည်။
မြန်မာနိုင်ငံဘက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ကူးပြောင်းနေတဲ့ သတင်းတွေကြားနေသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အလေးမထားနိုင်သေးဘဲ နိုင်ငံတွင်း ပြဿနာတွေကိုဘဲ အဓိကဖြေရှင်းရကြောင်း ကော့စ်ဘာဇာမြို့က ထောက်လှမ်းရေးတဦးကပြောသည်။
“ဒီဘက်ကနေ မြန်မာကိုပြောင်းနေတာတွေကြနေရတယ်။ သတင်းတွေရတယ်။ ဒါပေမဲ့ လူကတော့ နည်းပါသေးတယ်။ နိုင်ငံတော်ကလည်း သိတယ်။ သို့သော် ဒီမှာ ဆန္ဒပြပွဲတွေ၊ နေတိုင်လူသေမှုတွေ ဖျက်ဆီးခံရမှုတွေကြောင့် သိပ်မစဉ်းစား သေးတာလည်းပါတယ်။ ဒါပေမဲ့ နယ်စပ်က အာဏာပိုင်တွေကို တားဆီးဖို့ အမိန့်ပေးထားတာတွေရှိနေပါတယ်” ဟု ယင်းထောက်လှမ်းရေးက ပြောသည်။