မန္တလေး အိုးဘို အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများကို နည်းလမ်းမျိုးစုံဖြင့် အနိုင်ကျင့်ခြင်းများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ နေ့စဉ် ရှိနေသေးကြောင်း သိရသည်။
အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ပုဒ်မ ခေါင်းစဉ်ပြောင်းကာ အလုပ်ကြမ်းနှင့် အဓမ္မ စေခိုင်းမှုများ လုပ်ဆောင်လျှက်ရှိကြောင်း ယင်း အကျဉ်းထောင်တွင် ရှိနေသော ကိုအောင်ကိုလတ် (ခ) အောင်ကြီးက ၎င်းကို ရုံးထုတ်လာစဉ် ဧရာဝတီသို့ ပြောကြားခဲ့သည်။

“ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့ဘူးဆိုပြီး လက်ရှိ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ မလုပ်ချင်တဲ့ အလုပ်တွေကိုလည်း မလုပ်မနေရ အဓမ္မ လုပ်ခိုင်းတယ်” ဟု ၎င်းက ဆိုသည်။
ကိုအောင်ကိုလတ်မှာ မြို့မဈေး ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူအဖြစ် ပုဒ်မ ၁၇/ ၁ တရားမဝင် အသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများကို တောင်ယာခင်းတွင် လုပ်ငန်းများ ခိုင်းစေခြင်း၊ ကျောက်တူး၊ ကျောက်ထု လုပ်ငန်းများ လုပ်စေခြင်း ခိုင်းစေလျှက် ရှိသဖြင့် ၎င်းနှင့် ထောင်မှူး ဦးကျော်ဝင်းတို့ အချင်းများခဲ့ရသေးကြောင်း သူက ဆိုသည်။
အိုးဘိုထောင်သို့ မကြာသေးခင်က အသစ်ပြောင်းလာသည့် ထောင်မှူးကြီး ဦးကျော်ဝင်းမှာ စစ်တပ်ထွက်တဦး ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို မုန်းတီးသည့် စိတ်အခံ ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုလျှက် ရှိသည်။
နိုင်ငံရေး ပုဒ်မများနှင့် ပြစ်ဒဏ်ခံရမှုများတွင် အလုပ်ကြမ်း မပါဝင်သည့်အတွက် အလုပ်ကြမ်း လုပ်စရာမလိုကြောင်း၊ သို့သော်လည်း အမှုတွဲတွင် နိုင်ငံရေး ပုဒ်မအပြင် တခြားသော ပုဒ်မများ တပ်ထားပါက အလုပ်ကြမ်းလုပ်ရန် အကျုံးဝင် နေသေးကြောင်း တရားဥပဒေ ပညာရှင် ရှေ့နေ ဦးမြင့်သွင်က ဧရာဝတီကို ပြောသည်။
“နိုင်ငံရေး ပုဒ်မနဲ့ ထောင်ကျထားတာ ဆိုရင်တော့ သူ့မှာ အလုပ်ကြမ်း လုပ်စရာမလိုပါဘူး။ ဒါပေမယ့် ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံရေး ပုဒ်မတွေအပြင် တခြားပုဒ်မတွေပါ တပ်ပြီး ဖမ်းကြတာ။ တချို့ဆို လှုပ်ရှားမှု ခြေချုပ်ပုဒ်မတွေနဲ့ ဖမ်းတယ်၊ လူဝင်မှု ကြီးကြပ်ရေး ပုဒ်မတွေနဲ့ ဖမ်းတယ်၊ လျှပ်စစ်ဥပဒေ အစရှိတာတွေနဲ့ ပေါင်းပြီး ပုဒ်မတွေ တပ်တော့ အဲဒီမှာက အလုပ်ကြမ်း ပါဝင်တာပေါ့” ဟု သူက ရှင်းပြသည်။
နိုင်ငံရေး ပုဒ်မများ ဖြစ်သော ၅၀၅ (ခ)၊ စီတန်းလှည့်လည် (၁၈)၊ ၁၂၄ (က) စာရွက်စာတမ်းဖြန့်ဝေခြင်း၊ ၁၂၄ နိုင်ငံတော် ပုန်ကန်မှု အစရှိသည်များသည် အလုပ်ကြမ်းများ လုပ်စရာမလိုသော ပြစ်ဒဏ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေး ပုဒ်မနှင့် ကျနေသော အကျဉ်းသား ၄၄ ဦးထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။
ဒီမိုကရေစီ ခေတ်ဦးတွင် လွတ်ငြိမ်းသက်သာခွင့် ၂ ကြိမ်၊ လျှော့ပေါ့ ပြစ်ဒဏ် ၁ ကြိမ်ပေးခဲ့သည့် အထဲ၌ မန္တလေး အိုးဘိုထောင်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၂၄၀ ကျော် လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။
မန္တလေး အိုးဘိုထောင်တွင် နိုင်ငံရေး အကျဉ်းသားများအတွက် သီးသန့်ဆောင်များ ထားရှိပြီး သီးသန့်အိပ်ဆောင်မှာ အမှတ်စဉ် ၇ မှ ၁၂ အထိ ရှိကာ သီးသန့်အိပ်ဆောင် ၁၀ သည် စစ်အာဏာရှင် ခေတ် အဆက်ဆက်တွင် ပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်) ဟု ထင်ရှားခဲ့ဖူးသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက လက်ပန်းတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်မှုနှင့် ဖမ်းဆီးခဲ့သော ကိုသိန်းအောင်မြင့်နှင့် ကျောင်းသားခေါင်းဆောင် ၃ ဦးကို ထောင်မှူးက သီးသန့်ဆောင် ၁၀ တွင် ထားရှိခဲ့ဖူးကြောင်း၊ သီးသန့် အိပ်ဆောင် ၁၀ တွင် ကိုသိန်းအောင်မြင့်နှင့် အပေါင်းအပါ ၃ ဦးကို တံခါး အမြဲပိတ်ထားပြီး ကျန်းမာရေးအရ အပြင်ထွက် လမ်းလျှောက်ခွင့် မပေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကို ထောင်မှူးက ခွေးတိုက်မှာ ထားခဲ့တာပါ။ ကျနော်တို့ လာခါနီးမှ အဲဒီတိုက်ထဲမှာ ရှိတဲ့ ခွေး ၂၁ ကောင်ကို အပြင်ထုတ်လိုက်တာ။ တိုက်ထဲမှာ ခွေးသန်းတွေ အများကြီးပါပဲ။ ကျနော်က ဘာကြောင့် ခွေးတိုက်မှာ ထားတာလဲ မေးတော့ ဒါက ခွေးတိုက် မဟုတ်ပါဘူး၊ ပြစ်ဒဏ်တိုက်ပါလို့ ပြောတယ်။ ကျနော်တို့က ဘာပြစ်ဒဏ်မှလည်း လုပ်ထားတာ မရှိပါဘူး။ ထောင်ထဲမှာ လူ့အခွင့်ရေး ဆုံးရှုံးနစ်နာတဲ့ လူတွေ တပုံကြီးပါ” ဟု ယခု ပြန်လည်လွတ်မြောက် လာပြီဖြစ်သည့် ကိုသိန်းအောင်မြင့်က ဧရာဝတီကို ပြောသည်။
စစ်အာဏာရှင်များ လက်ထက်က သီးသန့်အိပ်ဆောင် ၁၀ သည် ပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်) အဖြစ် နိုင်ငံရေး အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်ရန် လက်နက်သဖွယ် အသုံးပြုခဲ့သော နေရာ ဖြစ်သည်။
မန္တလေး အိုးဘိုထောင်သည် နိုင်ငံရေး အကျဉ်းသားများအား နှိပ်ကွပ်ခဲ့မှုတွင် တချိန်က နာမည်ကြီးခဲ့ဖူးသည်။ ယင်းထောင်မှာပင် ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်မှာ ညှဉ်းပန်းနှိပ်စက်ဒဏ်ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ ဖူးသည်။ ၂၀၀၂ ခုနှစ် ကလည်း နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ကို စစ်ခွေးတိုက်တွင် ထည့်သွင်း၍ ညှဉ်းပန်းနှိပ်စက်ခြင်းကို မျက်မြင် တွေ့ခဲ့ရဖူးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။
လက်ရှိ အသစ်ပြောင်းလာသော ထောင်မှူး ဦးကျော်ဝင်းမှာ ထောင်သားများကို ဆောင်းရာသီအတွင်း ခြုံစရာ စောင်များ မပေးခြင်း၊ နံနက် ၄ နာရီ ထခိုင်းခြင်း၊ ထောင်သားများ အသုံးပြုနေသည့် မိလ္လာကန်မှ အနံ့ဆိုးများ ထွက်နေသည့်အတွက် စားသောက် နေထိုင်မှုတွင် ယင်းအနံ့များက နှိပ်စက်ခြင်း အစရှိသည့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်း ယင်းအိုးဘိုထောင် အတွင်းမှ ဖေဖော်ဝါရီလအတွင်း ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးသိန်းက ဆိုသည်။
ထို့အပြင် ထောင်တွင်းရှိ ဘာသာခြားများကို လွတ်လပ်စွာ ကိုးကွယ် ဝတ်ပြုခွင့် မပေးသည့်အတွက် ဘာသာခြားများ နစ်နာ ဆုံးရှုံးမှုများ ရှိနေကြောင်း သိရသည်။
“အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်လက်စွဲအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် လူ့အခွင့်ရေး ဆုံးရှုံးမှုတွေ မဖြစ်နိုင်ပါဘူး။ တနေ့ကို ထမင်းသုံးနပ် ကျွေးရမယ်၊ အဲဒီထမင်းမှာလည်း ကယ်လိုရီ လျှော့ချရမယ်၊ ခြုံစရာစောင် ပေးရမယ် အစရှိတဲ့ စံနှုန်း လက်စွဲကို အသုံးပြုကြမယ်ဆိုရင် မတရားတာတွေ မဖြစ်လာပါဘူး” ဟု တရားဥပဒေ ပညာရှင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း လေးထောင်ကျော်ရှိသည်။ တီဘီရောဂါတိုက်တွင် တီဘီရောဂါ ဝေဒနာရှင် ၃၅ ဦး၊ HIV/ AIDS ရောဂါဝေဒနာရှင် အမျိုးသားဆောင်တွင် ၇၆ ဦး၊ အမျိုးသမီးဆောင်တွင် ၄၂ ဦး စုစုပေါင်း ၁၁၈ ဦး ရှိကြောင်း သိရသည်။
ယင်းရောဂါရှင်များနှင့် အကျဉ်းသူ၊ အကျဉ်းသားများမှာ ထောင်အတွင်း လူ့အခွင့်ရေး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် ထောင်မှူး ဦးကျော်ဝင်းမှာ တန်းစီးနှင့် စည်းကမ်းထိန်းသိမ်းရေး သမားများကို နေ့စဉ် စစ်သင်တန်းများ ပေးနေကြောင်း၊ ထောင်သားများ အမိန့်နာခံတတ်စေရန် ရည်ရွယ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထောင်တွင်းမှ လာသည့် သတင်းများက ဆိုသည်။