သစ်ခိုးထုတ်မှုကို ဒေသအာဏာပိုင်များ လျစ်လျှူရှုထားဆဲဟု ဆို
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ၏ တရားမဝင် သစ်ထုတ်လုပ်မှု၊ သစ်သယ်ယူတင်ပို့ နေမှုများနှင့် သစ်တောများ အလျင်အမြန် ပြုန်းတီး လာခြင်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြမှုများ ရှိလာသော်လည်း အမှန်တကယ် သစ်ခိုးထုတ်မှု ဖြစ်ပွားနေသည့် ဒေသများတွင် ဖမ်းဆီးမှု မရှိဘဲ အာဏာပိုင်များက လျစ်လျှူရှုထားဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတွင် တရားမဝင် သစ်ထုတ် လုပ်နေမှုများကို သက်ဆိုင်ရာ တောအုပ်၊ မြို့နယ်သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန ရုံးများသို့ သွားရောက် သတင်းပို့သော်လည်း အရေးယူမှု တစုံတရာ မရှိဘဲ လျစ်လျှူရှု ထားသည် ဟု ဒေသခံများက ပြောသည်။
“ကြံခင်းထဲမှာ သစ်လုံးတွေ လာဖွက်တာကို ကျနော်တို့ အမြဲတွေ့နေရတယ်။ အဲဒီလို သစ်ကားတွေ ကြံခင်းထဲ ဝင်ဝင် ချသွား ခါစ တုန်းကတော့ ကျနော်တို့ ရွာက တောအုပ်ကို သတင်း သွားပေးပါတယ်။ သူက တခါလည်း မဖမ်း၊ နှစ်ခါလည်း မဖမ်း ဆိုတော့ ကျနော်တို့လည်း သစ်ကားတွေ လာချတိုင်း ကြည့်ပဲ ကြည့်နေ လိုက်တော့တယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ်မှ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။
အစိုးရပိုင် မြန်မာ့အလင်း၊ ကြေးမုံ စသည့် နေ့စဉ်ထုတ် သတင်းစာများတွင်မူ ပြည်တွင်းနှင့် နိုင်ငံတကာတို့တွင် တရားမဝင် သစ်ဖမ်းဆီး ရမိမှုများ၊ သစ်တော ပြုန်းတီးမှုကြောင့် သောက်သုံးရေနှင့် လောင်စာ အခက်အခဲ ဖြစ်နေမှုများကို ရေးသား ဖော်ပြလျှက် ရှိကြောင်း တွေ့ရသည်။
“တောအုပ်တွေက သူများ ကြံခင်းထဲမှာ ဝင်ဖမ်းလို့ မသင့်တော်ဘူး ဆိုတဲ့ ဆင်ခြေမျိုး ပေးတယ်ဗျာ။ မြို့နယ်၊ ခရိုင် အဆင့်ဆင့် တိုင်တော့ ဘာမှ အကြောင်းပြန်မလာဘူး။ ကျနော်တို့က တာဝန်သိ ပြည်သူအဆင့်၊ သတင်းပေးအဆင့်ပဲ လုပ်လို့ ရတယ်။ ကိုယ်က သတင်းပေးလို့မှ အရေး မယူဘူး ဆိုတော့လည်း ကျနော်တို့ ဘာမှ မတတ်နိုင်ဘူး” ဟု ထီးချိုင့် မြို့နယ်မှ ဒေသခံ တဦးက ဆိုသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် တရုတ်နိုင်ငံ နယ်စပ်နှင့် အနီးတဝိုက်တွင်လည်း တရက်လျှင် သစ်တန်ချိန် ထောင်ချီထုတ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုများရှိနေကြောင်း သိရသည်။
“သစ်ခုတ်တဲ့ ချိန်းဆော တလက်ကို ကျပ်ငါးသောင်းနဲ့ လွယ်လွယ်ကူကူ ဘယ်နေရာမဆို ဝယ်လို့ ရတယ်ဗျာ။ ကျေးရွာ ပတ်ဝန်းကျင်က တဦးချင်း ထုတ်နေတာတွေ ရှိသလို၊ အဖွဲ့အစည်းနဲ့ ကားစီးရေ ရာချီပြီး ထုတ်ယူနေတာတွေ ရှိတယ်။ မသိလို့ မဖမ်းတာတော့ မဖြစ်နိုင်ဘူး။ မသိချင်ယောင် ဆောင်နေတယ်လို့ ကျနော်တို့ ထင်တယ်” ဟု ဗန်းမော်မြို့နယ် ဒေသခံတဦးက ဧရာဝတီကို ပြောသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာန သတင်း ထုတ်ပြန်ရေး အဖွဲ့ကမူ သစ်တောများ ကာကွယ် အတွက် တရားမဝင် သစ်ခုတ်ယူ ထုတ်လုပ်နေမှုကို ဖမ်းဆီးမှုများ ပြုလုပ်နေပြီး တိုင်းအလိုက်၊ ပြည်နယ်အလိုက် ဖမ်းဆီး စစ်ဆေးမှု စာရင်းများကို နှစ်စဉ် ပြုစုထားကြောင်းနှင့် တရားမဝင် သစ်ထုတ်လုပ်မှု၊ သယ်ယူနေမှုများကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ဒေသခံများ၏ ပါဝင် သတင်းပေးမှုများ ကိုလည်း ကြိုဆိုကြောင်း ပြောဆိုသည်။
တဦးချင်းနှင့် အဖွဲ့လိုက် သစ်ထုတ်ယူမှုများ အပြင် ထုတ်ယူထားသည့် သစ်လုံး၊ သစ်ခွဲသားများကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေခြင်း များကိုလည်း ဖမ်းဆီး စစ်ဆေးမှု မရှိသလောက် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အတွင်းတွင် တမလန်းသစ် ၁ တန်လျှင် မြန်မာငွေကျပ် ၃ သိန်းဖြင့် ဝယ်ယူရပြီး ဗန်းမော်မြို့သို့ ရောက်လျှင် ယင်းသစ် ၁ တန်လျှင် ၁၂ သိန်းခန့် ဖြစ်သွားကြောင်း၊ အဆိုပါ သစ်အပြင် တခြားသစ်အမျိုး များစွာကို တရားမဝင် သယ်ယူသည့် စက်လှေ၊ အမြန် ရေယာဉ်များလည်း ရှိကြောင်း သိရသည်။
“တခေါက် တခေါက်ကို ကျပ် ၉ သိန်းလောက် မြတ်တယ်ဆိုတော့ ဘယ်သူက မလုပ်ချင်ဘဲ ရှိမလဲ။ မြစ်ထဲမှာ ကင်းလှည့် တယ်၊ စစ်တယ် ဆိုတာလည်း အမြင်ကောင်းရုံ၊ မတော်လို့ တည့်တည့် တိုးရင်လည်း ကြည့်ကောင်းအောင် ပြော၊ ပေးတန်တာ ပေးလိုက်ရင် ငြိမ်းသွားတာပဲ။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ရှောင်ရတယ်။ ကိုယ့်မော်တော်က သစ်သယ်တယ်လို့ အမည် ပေါက်သွားရင် သူတို့ အမှုလိုရင် ခံရတော့မယ်။ နှစ်ဦးနှစ်ဘက် ပြေလည်နေတုန်းက ကိစ္စမရှိဘူး” ဟု ဗန်းမော် -မန္တလေး ပြေးဆွဲနေသည့် အမြန် ရေယာဉ်ပိုင်ရှင် တဦးက ပြောသည်။
သစ်တောအရာရှိဟောင်းနှင့် သစ်တောပညာရှင်တဦးဖြစ်သူ ဦးအုန်းက “ဒေသခံတွေက စားဝတ်နေရေး အတွက် သစ် ခုတ်တယ်။ ဒါပေမယ့် အဖွဲ့အစည်း တော်တော်များများ ချမ်းသာတဲ့ သူတွေက ပိုဆိုးတယ်။ ကြိုးဝိုင်း ကြိုးပြင် မရွေးဘူး၊ ခိုးထုတ်တယ်။ အဲဒါကို အာဏာပိုင် အဖွဲ့တွေက မသိချင်ယောင် ဆောင်တယ်။ ဝေစား မျှစား လုပ်တယ်။ တောဆိုတာ နာမည်ခံပဲ ရှိတယ်။ သစ်ပင် မရှိတော့ဘူး။ ဗလာ၊ ပြောင်တလင်းခါနေပြီ။ အာဏာပိုင်တွေမှာ လုံး၀ တာဝန်ရှိတယ်” ဟု ဆိုသည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ ၄၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တနှစ်အကြာတွင် ၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အာဆီယံ ဒေသများအတွင်း မြန်မာနိုင်ငံသည် တတိယမြောက် သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ခင်မောင်ဌေး (ပညာရေး) ၏ ဆောင်းပါးတွင် ဖော်ပြထားသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့ အကြား နိုင်ငံရေးအရ ငြိမ်းချမ်းရေး ရယူရန် ကြိုးပမ်းနေစဉ် ကာလတွင် နယ်မြေလုံခြုံမှု မရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သစ်တောများမှ သစ်များကို တရုတ်နိုင်ငံသို့ တရားမဝင် တိုက်ရိုက် တင်ပို့မှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။