မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အတွင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ခိုးထုတ်တင်ပို့နေသည့် တရားမဝင် သစ်များကို မြန်မာဘက်မှ ဖမ်းဆီးမှု များနေသောကြောင့် ပြီးခဲ့သည့် တပတ်ခန့်မှစပြီး မြန်မာဘက်မှ သစ်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက် မလာတော့ကြောင်း နယ်စပ်မှ လာသော သတင်းများအရ သိရသည်။
မြန်မာ့သစ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းတွင် ဖမ်းဆီးခြင်း မရှိသော်လည်း မြန်မာနိုင်ငံဘက်တွင် ဖမ်းဆီးနေကြောင်း၊ ထို့ကြောင့် တက္ကနာ ကုန်သွယ်ဆိပ်ကမ်းသို့ ဝင်ရောက်ခြင်း မရှိကြောင်း သစ်ပွဲစားတဦးဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား မူဟာမက် ဂျော်ရှင်းက ပြောသည်။
“ဒီ ဘင်္ဂလားဒေ့ရှ် ဘက်မှာတော့ မဖမ်းဘူး။ ဒါပေမယ့် မြန်မာဘက်မှာ အဖမ်းအဆီးတွေရှိနေတဲ့ အတွက် မြန်မာဘက်က ထွက် မလာနိုင်တာ” ဟု ၎င်းက ဆိုသည်။
ယခုလ ဒုတိယအပတ် ခန့်မှစပြီး မြန်မာ့ရေတပ်က ပင်လယ်ပြင် လုံခြုံရေး တိုးချဲ့ထားသည့် အတွက် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်ထဲမှ သစ်စက်လှေများ ထွက်မလာနိုင်ခြင်း ဖြစ်ကြောင်း တောင်ကုတ်မှ သစ်ကုန်သည် ကိုပေါက်စက ပြောသည်။
“ရေတပ် လုံခြုံရေးက ပိုများလာတယ်။ ပင်လယ် ထွက်ပေါက်တွေက အရင်က ကျောက်ဖြူ ရေတပ်နဲ့ စစ်တွေရေတပ် လောက်ပဲ ရှိတယ်။ သူတို့နဲ့ ဆိုရင်တော့ ငွေပေးပြီး ထွက်လို့ရတယ်။ အခုက ရန်ကုန် ရေတပ်က ပင်လယ်ပြင် လုံခြုံရေး ယူထားတယ် ဆိုတော့ သစ်ကုန်သည် တွေက မထွက်ရဲကြတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
မြန်မာ နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ သစ်၊ နွား၊ ဝါး၊ ပုဇွန်၊ ဇီးယိုထုပ် မျိုးစုံ၊ အဝတ်အထည်မျိုးစုံ၊ ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းမျိုးစုံ၊ ငါးခြောက်၊ နနွင်း၊ ဂျင်း၊ အုံဒုံ အခွန်ခြောက် စသည်များ တင်ပို့နေသော်လည်း ယခုအခါ သစ်၊ နွားနှင့် ဝါးတို့ တင်သွင်းခြင်း မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့ရှိ နှစ်နိုင်ငံကုန်သွယ်ရေး ဆိပ်ကမ်းတွင် တာဝန်ရှိသူ တဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပစ္စည်းများထဲတွင် သစ်နှင့် နွား မပါဝင်သော်လည်း မြန်မာဘက်မှ တရားမဝင် တင်ပို့လာသော သစ်နှင့် နွားကို နိုင်ငံ၏ လိုအပ်ချက်နှင့် အခွန်ငွေ ရရှိသောကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက တရားဝင်ကဲ့သို့ ခွင့်ပြုထားသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှ တောင်ကုတ်၊ အမ်း၊ မြေပုံ၊ မင်းပြား ကျောက်ဖြူ နှင့် ဧရာဝတီတိုင်း အတွင်းမှ ဖျာပုံ၊ မအူပင်ဘက်မှ ကျွန်း၊ စကားဝါနှင့် ကညင်သစ်များကို တရားမဝင်လမ်းကြောင်းမှ တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တင်ပို့ နေပြီး တက္ကနာ ဆိပ်ကမ်းသို့ ရောက်ရှိသည့် အခါ အကောက်ခွန်၊ သစ်ပုံခ စသည့်များကို တရားဝင် ပေးဆောင်ကြရကြောင်း၊ အရောင်းအဝယ် လုပ်သည့်အခါတွင် ဘင်္ဂလားဒေ့ရှ် ကုန်သည်များ၏ ဈေးနှိမ် ဝယ်ယူခြင်းကို ခံကြရကြောင်း သစ်ကုန်သည်များ၏ အဆိုအရ သိရသည်။
“တရားဝင် မဟုတ်တဲ့ အခါကျတော့ ဘင်္ဂလားကုန်သည်တွေက ပေါက်ဈေးထက် လျှော့ပေးတာမျိုးတွေ ခံရတယ်။ ဈေး မကိုက်လို့ သစ်တွေကို ပြန်ယူလာခဲ့လို့လည်း မဖြစ်တဲ့ အခါကျတော့ အနိုင်ကျင့်တာပေါ့။ ဈေးမကိုက်သေးလို့ ဆိပ်ကမ်းမှာ ပုံထားရင်လည်း ဆိပ်ကမ်းကို သစ်ပုံခ ပေးရတယ်။ နောက်ပြီးတော့ ဘင်္ဂလားအစိုးရကို တရားဝင် အကောက်ပေးရတယ်” သစ်ကုန်သည်ဟောင်းတဦးက ရှင်းပြသည်။