ဖေဖော်ဝါရီလ ၂၆ ရက် အင်္ဂါနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်အား မြန်မာ ၅၀ ခန့်က ကြွေးကြော်သံများဖြင့် ဟစ်အော်ဆန္ဒပြခဲ့ကြသည်။
ဒေသစံတော်ချိန် ညနေ ၄နာရီခွဲတွင် အော်စလိုမြို့လည် လူစည်ကားရာ လမ်းဆုံရှိ သမ္မတဦးသိန်းစိန် တည်းခိုရာ Hotel Continental ရှေ့၌ “ ၂၀၀၈ဖွဲ့စည်းပုံ အလိုမရှိ” “ပြည်တွင်းစစ် အလိုမရှိ” “ အစိုးရ အကျင့်ပျက် ခြစားမှု ချက်ခြင်းရပ်” ဟူသည့် ကြွေးကြော်သံများနှင့် အော်ဟစ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆန္ဒပြနေစဉ် နော်ဝေ၀န်ကြီးချုပ် Jens Stoltenberg နှင့်အတူ သတင်းစာရှင်းပွဲအပြီး ဟော်တယ်သို့ ပြန်လည်ဆိုက်ရောက်လာသည့် သမ္မတ ဦးသိန်းစိန် အဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက် တိုးခဲ့ကြသည်။ နောက်ပိုင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနှင့် ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ် တို့က ဆန္ဒပြကိုယ်စားလှယ် နှစ်ဦးအား တည်းခိုရာ ဟော်တယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ဆန္ဒပြရသည့် အကြောင်းအရင်းကို မေးမြန်းခဲ့သည်။
ဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့် ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်အေးက “ ကျနော်တို့ရှင်းပြတာက အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတာတွေဟာ တကယ့်အခြေခံကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးကို မလုပ်ရင် အနှစ်သာရရှိတဲ့ အပြောင်းအလဲ မဖြစ်နိုင်တဲ့ အကြောင်း ထောက်ပြတယ်။ ဥပမာ ပထမအချက်က ဒေါ်အောင်ဆန်းစုကြည်က ၇၅ ရာခိုင်နှုန်း နိုင်တယ်ဆိုရင်တောင် သမ္မတ မဖြစ်နိုင်ဘူး။ ဒုတိယအချက်က လူထုမရွေးကောက်ပဲ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထိုင်ခုံပေါ်ရောက်နေတာကလည်း ဒီမိုကရေစီ အသွင်းပြောင်င်းဖို့ အခက်အခဲတွေဖြစ်တယ်။ တတိယအချက်က တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းချက်ကို ရေရှည်အာမ မခံတဲ့အကြောင်း။ ဒါတွေကို သမ္မတအနေနဲ့ အမြန်ဆုံးပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်း ကျနော်တို့ ထောက်ပြခဲ့တယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက မိမိတို့ကိုယ်၌က ဖွဲ့စည်းပုံကို ပြင်လိုတဲ့ဆန္ဒရှိကြောင်း၊ သို့သော် ဖွဲ့စည်းပုံကို လွှတ်တော် တွင်းမှာသာ ပြင်ဆင်နိုင်ကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီက ပြင်ဆင်မှုကို မလိုလားသေး၍ အချိန်ယူပြင်ဆင်ရမှာဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်ဟု ကိုမြင့်အေးက ဆိုသည်။
“ကျနော်တို့က လယ်မြေသိမ်းတဲ့ကိစ္စ ထောက်ပြတော့လည်း ဒီကိစ္စ အရင်အစိုးရက လုပ်ခဲ့တဲ့ အရှုပ်အထွေးကို သူတို့က ရှင်းနေရပါတယ်လို့ ပြောတယ်။ ကျနော်က ဒီကနေ့တင် မအူပင်မြို့နယ်က လယ်သမားတွေ ပစ်ခတ်ခံရကြောင်း ရှင်းပြတော့ သူတို့အတော်အံ့သြသွားတယ်။ မြန်မာပြည်ကို လှမ်းပြီး စုံစမ်းတာတွေ လုပ်နေတယ်” ဟုလည်း ဦးမြင့်အေးက ပြောသည်။
အဆိုပါ ဆန္ဒပြပွဲ၌ တချိန်က နာမည်ကြီး ခေတ်ပေါ်အဆိုတော် မွန်းအောင်က “အရေးကြီးပြီ” သီချင်းနှင့် “သွေးမုန်တိုင်း ”သီချင်းတို့ကို သီဆို ဆန္ဒပြခဲ့သည်။
“ကျနော်တို့က ဗမာပြည်မှာ အပြောင်းအလဲဖြစ်တယ်ဆိုတာကို လက်မခံနိုင်သေးလို့ ဆန္ဒပြတာဖြစ်တယ်။ လူ့အခွင့်အရေးတို့ တိုင်းရင်းသားအခွင့်အရေးတို့ဆိုတာ ဗမာပြည်မှာ မရှိသေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆက်သွား နောက်ထပ် အနှစ် ၅၀ ကျော် စစ်အစိုးရအောက်မှာပဲ ရှိဦးမယ်။ အခုလည်း ကျနော်တို့ နှစ်ပေါင်း ၅၀ ဖြတ်ခဲ့ပြီးပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ပြောပြီး ကျောင်းသားတွေကို ထောင်ချခဲ့တဲ့ အစိုးရက ဒီမိုကရေစီလို့ ပြောပြီး ကမ္ဘာလှည့်ပြီး ညာနေတုံးပဲ” ဟု အဆိုတော် မွန်းအောင်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း ယနေ့ဗုဒ္ဓဟူးနေ့တွင် နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ ကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံမည်ဟုသိရသည်။
ခရီးစဉ် အဆုံးသပ်မည့် ကြာသပတေးနေ့တွင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်ဆိုင်ရာ ဝန်ကြီးများနှင့် တွေ့ဆုံပြီး ရေအားလျှပ်စစ်စွမ်းအားထုတ်လုပ်ရာ Askim နှင့် Ostfold အရပ်သို့လည်း သွားရောက် လည်ပတ်ကြည့်ရှုမည်ဟု သိရသည်။
နော်ဝေ မီဒီယာများက ဦးသိန်းစိန်ကို သတိကြီးစွာ ပြောဆိုဆက်ဆံတတ်သူ ရှေးရိုးစွဲဝါဒီအဖြစ် ပုံဖော် တင်ပြကြသည်။
နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ နှစ်နိုင်ငံကြား မည်သည့် အရေးပါသည့် သဘောတူစာချုပ်ကိုမျှ လက်မှတ်ရေးထိုးရန် အစီအစဉ် မရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း တိုးတက်မှုများ ဖြစ်ထွန်းခဲ့သော်လည်း လုပ်ဆောင်စရာ များစွာကျန်နေသေးကြောင်း Kjetil Elsebutangen က ပြောဆိုပြီး “နော်ဝေဘက်က အပြုသဘောတိုးတက်မှုတွေကို ထောက်ခံဖို့၊ မှန်ကန်တဲ့ ဦးတည်ချက်ဆီ ချီတက်နေသူတွေကို ကူညီဖို့ အရေးကြီးတယ်လို့ ခံယူထားပါတယ်” ဟုလည်း ပြောခဲ့သည်။