သတင်း

ကချင်ဒုက္ခသည် ကူညီရေး ICRC အတိအကျ မပြောနိုင်သေး

This article has been converted from Zawgyi One to Unicode

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC) မှ အဖွဲ့ဝင် ၉ ဦးသည် မော်တော်ယာဉ် ၃ စီးဖြင့် လိုင်ဇာမြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညပိုင်းတွင် ရောက်ရှိခဲ့ပြီး လိုင်ဇာဆေးရုံနှင့် ဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုပြီး အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

ပထမအကြိမ်က ဗန်းမော် – မြစ်ကြီးနား လမ်းအတိုင်း လိုင်ဇာသို့ လာရောက်ရန် စီစဉ်ခဲ့သော်လည်း လမ်းမပွင့်သေးသောကြောင့် ဒုတိယအကြိမ်တွင် ဗန်းမော်- လွယ်ဂျယ်- မိုင်ဂျာယန် လမ်းမှ လိုင်ဇာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“လိုင်ဇာ ပြည်သူ့ဆေးရုံကို ဆေးပစ္စည်းတွေ လှူဖို့နဲ့ ဒီက အခြေအနေကို အကဲခတ်ဖို့က ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ပါပဲ။ နောက်ထပ် အဓိကလို့ ပြောနိုင်တာကတော့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ပေးနိုင်ဖို့လို့ ပြောရင်လည်း ရပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒုတိယခေါင်းဆောင် Bart Vermeiren က ပြောသည်။

ကချင် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ICRC က မည်သည့် ကဏ္ဍမှ ပါဝင်ရောက်ကူညီမည် ဟု ပြောရန် စောသေးကြောင်း အခြေအနေများကို သုံးသပ်ဆဲသာဖြစ်ကြောင်း Bart Vermeiren က ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လမ်းပိတ်ခဲ့သည့် အဖြစ်အပျက်နှင့် ပတ်သက်ပြီး Bart Vermeiren က “ဒါကို အဖြစ်ဆိုးလို့ ပြောလို့မရပါဘူး၊ ပိတ်ထားတဲ့လမ်းကို ကျနော်တို့ ဘယ်လိုသွားမှာလဲ” ဟု ပြောသည်။

ICRC အဖွဲ့သည် လိုင်ဇာတွင် ဖေဖော်ဝါရီ ၂၇ ညတွင် တညနားပြီးနောက်တနေ့တွင် လာလမ်းအတိုင်း ဗန်းမော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေး ဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။

Loading