နေပြည်တော် တည်ဆောက်ရေး စီမံကိန်းများတွင် အစိုးရအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၁၇၈ ဘီလီယံအထိ သုံးရန် စီစဉ်ထားသောကြောင့် အသုံးစရိတ် တောင်းခံသည့် နေပြည်တော်ကောင်စီကို ဝေဖန်ဆွေးနွေးမှုများ ရှိနေ သည်။
“နေပြည်တော်ကောင်စီရဲ့ အသုံးစရိတ်တွေက အရမ်းများလွန်း နေတယ်။ အထူးသဖြင့် လမ်းတလမ်းဖောက်ရင် မိုင် ၂၀
ဝန်းကျင်လောက် ရှိတဲ့ လမ်းတလမ်းကိုတောင် ကျပ် ၂၅ ဘီလီယံအထိ သုံးထားတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု လမ်းမကြီးဖြစ်တဲ့ မန္တလေးနဲ့ မြစ်ကြီးနားလမ်းအတွက် သုံးစွဲထားတာက ကျပ်သန်း ၂ ထောင်၊ ၂ ဘီလီယံပဲ ရှိတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာနရဲ့ အများဆုံး အသုံးပြုထားတဲ့ ရန်ကုန် – မော်လမြိုင် – ထားဝယ် – ဘိတ် လမ်းဟာ ၅ ဘီလီယံပဲ ရှိတယ်။ နေပြည်တော်မှာ အနိမ့်ဆုံး ၃ မိုင်လောက်ရှိတဲ့ လမ်းကိုတောင် သန်း ၁၀၀၀၊ ၁၅၀၀၀ လောက်ဆိုတော့ ၁ ဘီလီယံ ကျော်နေတယ်” ဟု လွှတ်တော်တွင် နေပြည်တော်ကောင်စီကို ဝေဖန်ဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
နေပြည်တော် တည်ဆောက်ရေး စီမံကိန်းအတွက် အသုံးပြုငွေသည် ဝန်ကြီးဋ္ဌာနများ၏ စီမံကိန်း တင်ပြမှုများတွင် အဆင့် ၁၁ ရှိကြောင်း၊ တနိုင်ငံလုံး၏ ကျန်းမာရေး ဘတ်ဂျက်ပင်လျှင် အဆင့် ၁၀ သာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်က ဆိုသည်။
ဘတ်ဂျက်ခွဲဝေမှု မညီမျှသည့်အတွက် လူထုတွင် အနုတ်လက္ခဏာပြသည့် စီးပွားရေး၊ လူမှုရေး သက်ရောက်မှုများ ရှိလာနိုင်ကြောင်း၊ လိုငွေများလာလျှင် အစိုးရက ငွေစက္ကူများ ရိုက်နှိပ် သုံးစွဲရသောကြောင့် ငွေကြေး ဖောင်းပွမှုများ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံဝင်ငွေ အများဆုံးရရှိသော သဘာဝဓာတ်ငွေ့ ရောင်းရငွေများကို ရင်းနှီးမြှုပ်နှံ အသုံးပြုခြင်း ဖြစ်သောကြောင့် နိုင်ငံအတွက် တခြားလိုအပ်သော ကိစ္စရပ်များတွင် အသုံးမပြု နိုင်တော့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်မှ အကြံပေးအရာရှိ ဦးခိုင်ထွန်းကလည်း သုံးသပ်ပြောကြားသည်။
“တကယ် လိုအပ်တဲ့နေရာမှာ မသုံးဘူး၊ ဒီလို စီမံကိန်းမျိုးက Return ပြန်မလာဘူးလေ။ ဒီဟာအစား စက်ရုံတရုံ ဆောက်လိုက်မယ် ဆိုရင် ကုန်ထုတ်လုပ်နိုင်မယ်၊ ထုတ်ကုန် ပြည်ပတင်ပို့နိုင်ရင် အဲဒီအပေါ်မှာ အကျိုးအမြတ် ရလာမယ်” ဟု သူက ဆိုသည်။
နေပြည်တော် တည်ဆောက်ရေး စီမံကိန်းသည် တိုက်ရိုက်အကျိုးအမြတ် မရှိကြောင်း၊ အခြေခံအဆောက်အအုံကသာ ရေရှည် ရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း၊ ယခင် စစ်အစိုးရတည်ဆောက်ခဲ့သော နေပြည်တော်စီမံကိန်းသည် စာရင်း အင်း မရှိရုံမက နိုင်ငံ၏ မည်သည့်ကဏ္ဍမှ ရရှိသည့် ငွေကြေးဖြင့် တည်ဆောက်ခဲ့သည်ကိုလည်း မသိရှိရသေးကြောင်း ဟု ဦးခိုင်ထွန်းက ဆက်ပြောသည်။
“အရင်အစိုးရက လုပ်သွားတဲ့ ပုံစံက အခုထက် ပိုဆိုးတယ်။ ဘာစာရင်းအင်းမှ မပြဘဲနဲ့ လူတယောက်က လက်ညှိုးထိုး ခိုင်းတာကို လုပ်ခဲ့ရတာ။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဘတ်ဂျက်ဝမ်း၊ ဘတ်ဂျက်တူး ဆိုတာမျိုးနဲ့ဆောက်ခဲ့တာ။ နေပြည်တော် ဖွံ့ဖြိုးရေး စီမံကိန်း ဘက်ဂျက် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်သွားတာ။ နောက်ပြီးတော့ ဘတ်ဂျက်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းလို့ ပြောရခက်တယ်။ အရင်အစိုးရက ပုံမှန် ဘတ်ဂျက်ထဲက သုံးခဲ့တာမဟုတ်ဘူး” ဟု ဦးခိုင်ထွန်းက ဆိုသည်။
ပြည်ထောင်စု အစိုးရက နေပြည်တော်ကို ကျပ်သိန်းပေါင်း ထောင်သောင်းချီ အကုန်ခံ၍ တည်ဆောက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် ကတ္တရာလမ်းကောင်းကောင်းပင် မရှိကြောင်း ရခိုင်ပြည်နယ်စစ်တွေမြို့မှ ရှေ့နေကြီး ဦးသန်းထွန်းက ပြောသည်။
“ဒီနှစ်မှ ရန်ကုန် – စစ်တွေ လမ်းမကြီးကို နည်းနည်း ပြန်ပြင်ပေးတာ။ အရင်တုန်းကတော့ ရန်ကုန် – စစ်တွေလမ်းမကြီးက ကားလမ်းလို့သာ ခေါ်ရတာ လှည်းကြမ်းလမ်း အဆင့်တောင် မရှိပါဘူး။ မိုးရာသီဆိုရင် ဗွတ်ထပြီ။ နွေရာသီဆိုရင် ဖုတ်တွေလူးပေါ့။ နာမည်ကသာ ကတ္တရာလမ်းမကြီးလို့ ပြောတာ။ ကတ္တရာဆိုလို့ ဘာမှ မကျန်တော့ဘူး။ ဘယ်လောက်အထိ
အခြေအနေ ဆိုးသွားခဲ့လဲဆိုတော့ စစ်တွေကနေ မြောက်ဦးကို အရင်က သဘောၤလိုင်းတွေနဲ့ သွားကြတယ်။ကားလမ်း ပေါ်လာတော့ ကားတွေနဲ့ သွားကြတယ်။ လမ်းဆိုးလွန်းလို့ မခံနိုင်တော့တဲ့အတွက် အခုဆိုရင် စစ်တွေကနေ မြောက်ဦးကို သဘောၤနဲ့ပဲ ပြန်သွားနေကြပြီ” ဟု ၎င်းက ဆိုသည်။
ကားလမ်း ဖောက်လုပ် ပေးခဲ့သော်လည်း နောက်ပိုင်းလမ်းပြင်ဆင်မှု လာရောက် ပြုလုပ်ပေးခြင်းမှာ အလွန်နည်းပါးကြောင်း၊ မြောက်ဦး – စစ်တွေလမ်းမှာ မိုင်တရာခန့်ရှိပြီး တနာရီလျှင် မိုင် ၂၀ ခန့်သာ မောင်းနိုင်ကြောင်း၊ စစ်တွေမြို့မှ နံနက် ၇ နာရီခန့် ကားထွက်လျှင် မြောက်ဦးသို ၁၂ နာရီကျော်မှသာ ရောက်ရှိကြောင်း ဦးသန်းထွန်းက ပြောသည်။
နေပြည်တော် – ရန်ကုန် အမြန်လမ်းမကြီးမှာ မိုင် ၂၀၀ ရှိသော်လည်း ခရီးသည် တင်ကားဖြင့်သွားလျှင် ၄ နာရီခန့်သာ အချိန်ယူရသည်။
သို့ရာတွင် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းကြောင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး ၂၀၀၄ – ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ – ၂၀၁၀ နှိုင်းယှဉ်ချက်အရ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုမှာ ၃၆ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ လျော့ကျ သွားခြင်းသည် နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်ကိုင်ရရှိလာမူများနှင့် တိုက်ရိုက် ဆက်စပ်လျှက် ရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်၏ ဆင်းရဲမွဲတေမှု စစ်တမ်းတွင် ဖော်ပြထားကြောင်း ဦးခိုင်ထွန်းက ပြောသည်။
“အများစုက အဲဒီမှာ တော်တော် ဝင်ငွေ ရွှင်ကြတယ်။ ဆင်းရဲနွမ်းပါးမှုလည်း ကျသွားတယ်လို့ ထင်ကြတယ်” ဟု သူကဆိုသည်။
၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် နေပြည်တော် ကောင်စီ၏ လုပ်ငန်း ၂၀ ခုအတွက် လျာထားငွေ ကျပ်သန်းပေါင်း ၁၇၈၃၀၀ ဒဿမ ၄၈၀ အား ၂၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအကြား လျှော့ချ၍ ပိုထွက်လာသော ငွေများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် လိုအပ်သော နေရာများ၌ လျာထား အသုံးပြုရန်အတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား ပြန်လည် ရေးဆွဲတင်ပြရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်း ပြောဆိုမှုများရှိကြောင်း သိရသည်။