ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တော ဒေသတို့ရှိ ပင်လယ်ကမ်းရိုးတန်း တလျှောက်၌ အလူမီနီယမ်နှင့် တိုက်တေနီယမ် ဓာတ်သတ္တုများကို တရုတ်ကုမ္ပဏီတခုက ထုတ်လုပ်ဝယ်ယူခွင့် ရရှိသွားကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံမှ ရွှေရှာဖွေရေး အမည်ရှိ “Gold Finder” ကုမ္ပဏီသည် ပြီးခဲ့သည့်ရက် အနည်းငယ်က ရသေ့တောင် ဒေသသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တူးဖော်စမ်းသပ်မည့် ကိစ္စများကို ယခုရက်ပိုင်းအတွင်း စတင်လုပ်ဆောင်မည်ဟု သိရကြောင်း ရသေ့တောင်ဒေသခံ ဦးကိုကိုမောင်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီအား တူးဖော်စမ်းသပ် လုပ်ကိုင်ခွင့် ပြုထားသော်လည်း ပြည်နယ်အစိုးရနှင့် တရားဝင် စာချုပ်ချုပ်ဆိုခြင်း မလုပ်ရသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတ္တုတွင်း ဝန်ကြီး ဦးအောင်သန်းတင်က ဆိုသည်။
“ဒေသခံပြည်သူတွေနဲ့ ညှိနိုင်းပြီးတော့ ဒေသခံတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်ဖို့ ကုမ္ပဏီ တာဝန်ရှိသူတွေကို ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်ထားတာတော့ ရှိတယ်။ ဒေသခံတွေနဲ့ အဆင်ပြေပြီ ဆိုရင်တော့ ပြည်နယ်အစိုးရ အနေနဲ့လည်း လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်သန်းတင်က ဧရာဝတီသို့ ပြောသည်။
ဒေသခံများက ပြောဆိုရာတွင် တရုတ်ကုမ္ပဏီသည် ယခင်ကလည်း သတ္တုစမ်းသပ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယခုလည်း ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် ရရှိထားသည်ဟု ပြောဆိုကာ ဒေသခံတိုင်း ရင်းသားများနှင့် ဆွေးနွေးမှု မရှိဘဲ ၎င်းတို့စီမံကိန်း လုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည် ဖော်ရေးကိုသာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
ပြည်ထောင်စုအစိုးရ အနေဖြင့်လည်း ဒေသခံပြည်သူများ၏ သဘောထားကို အလေးထားရန် လိုအပ်ကြောင်း၊ ဒေသခံများ အနေဖြင့် စီမံကိန်း မလုပ်ဆောင်ရန် တားဆီးမည် မဟုတ်သော်လည်း ပြည်သူများ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးမည့် ကိစ္စများကို သေချာစွာ ချပြ ဆောင်ရွက်ပေးပြီးမှသာ စီမံကိန်းများ ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းသွားမည်ဟု ဒေသခံ ဦးကိုကိုမောင်က ပြောသည်။
“ဒီဒေသတွေက သယံဇာတတွေကို အကုန်ယူပြီးတော့ သူတို့ အကျိုးစီးပွားတခု အတွက်ပဲ လုပ်မယ်၊ ဒေသခံရွာတွေ မီးလင်းရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေ စိတ်မဝင်စားဘဲ သူတို့အကျိုးကိုပဲ လုပ်မယ်ဆိုရင်တော့ ပြည်သူတွေ အားလုံးက စုပေါင်းပြီးတော့ စီမံကိန်း ဆက်မလုပ်ဖို့ ကန့်ကွက်ရမှာပါ” ဟု ၎င်းက ဆိုသည်။
တိုက်တေနီယမ် ဓာတ်သတ္တု ထုတ်လုပ်ရေး ကိစ္စကို ရခိုင်လူမှုရေး အဖွဲ့အစည်းများကလည်း စောင့်ကြည့်နေကြောင်း၊ ပြည်နယ်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ စီမံကိန်းအား ဒေသခံများက ကန့်ကွက် ဆန္ဒပြမည်ကို စိုးရိမ်၍ စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောဆိုမှု တစုံတရာ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်မညိုအေးက ဧရာဝတီသို့ ပြောသည်။
“ရခိုင်ပြည်ထဲမှာ လုပ်နေတဲ့ စီမံကိန်းတွေကို ကျမတို့က လေ့လာစောင့်ကြည့်နေပါတယ်၊ အများပြည်သူ အတွက် အကျိုးမရှိတဲ့ စီမံကိန်း အားလုံးကို ကန့်ကွက်သွားမှာပါ၊ ပြည်နယ်အစိုးရ အနေနဲ့လည်း ပွင့်လင်းမြင်သာမှု ရှိဖို့အများကြီး လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။
ပြည်နယ်အစိုးရ အဖွဲ့၏ ဝန်ကြီး ဦးအောင်သန်းတင်ကမူ ၎င်းတို့အနေဖြင့် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူများကို ဖုံးကွယ်သွားမည် မဟုတ်ဟု ပြောကြားသည်။
မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေနှင့် ရသေ့တောင်မြို့နယ် အတွင်းမှ အငူမော် ကမ်းခြေ တဝိုက်ရှိ သဲများတွင် တိုက်တေနီယမ် ဓာတ်သတ္တုများ ပါဝင်သည်ကို ပြီးခဲ့သည့်နှစ်အတွင်း စမ်းသပ် တွေ့ရှိပြီးနောက် သတ္တု တူးဖော်ထုတ်လုပ်ခွင့် ရရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
တိုက်တေနီယမ် သတ္တုရှာဖွေရေးအတွက် ရသေ့တောင်ဒေသ၌ လုပ်ကွက် ၅ ခုနှင့် မောင်တော မြို့နယ်တွင် လုပ်ကွက် ၂ ခုဖြင့် တူးဖော်ထုတ်လုပ်လိမ့်မည်ဟု သိရကြောင်း ဒေသခံ ဦးကိုကိုမောင်က ပြောသည်။
ပြည်ထောင်စုအစိုးရသည် တရုတ်ကုမ္ပဏီအား စမ်းသပ်ထုတ်လုပ် ခွင့်ပြုမိန့်ကို ပေးထားပြီး၊ ကုမ္ပဏီ အနေဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခ မဖြစ်ပွားရေး၊ ဒေခံများ ထိခိုက်နစ်နာမှု မရှိစေရေးနှင့် လယ်မြေ အဓမ္မသိမ်းမှုကိစ္စများ မလုပ်ဆောင်ရေးတို့ကို လမ်းညွှန်၍ လုပ်ဆောင်ခွင့် ပေးထားကြောင်း သိရသည်။
တရုတ်စီးပွားရေး ကုမ္ပဏီများသည် ရခိုင်ကမ်းရိုးတန်း တလျှောက်၌ သဲတူးဖော်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်း လုပ်ဆောင်ခဲ့ကြောင်း၊ ပင်လယ်ပြင်၌ ၆ ပေအနက်ရှိသော ကျင်းများတူး၍ သဲတန်ချိန် ထောင်ပေါင်းများ စွာထုတ်ယူခဲ့သောကြောင့် ကမ်းရိုတန်းတလျှောက် ကမ်းပါးများ ပျက်စီးခြင်း၊ ကမ်းပါးပြိုခြင်းတို့ ဖြစ်ပွားကာ ရွှွံ့နွံ့ထူထပ်၍ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။