သတင်း

အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေး ဒက်စမွန်တူးတူး ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် ရောက်ရှိနေသော တောင်အာဖရိကနိုင်ငံမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက တောင်အာဖရိကနိုင်ငံ အတွေ့အကြုံနှင့် နှိုင်းယှဉ်ကာ “အမှန်တရား ဖော်ထုတ်ရေး” နှင့် “အမျိုးသားပြန်လည် သင့်မြတ်ရေး” (Truth and Reconciliation) ကို ပြောကြားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့် အမေရိကန် စင်တာတွင် နိုင်ငံရေး အကျဉ်းသား ၂၀ ခန့်နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံပွဲတွင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အသားအရောင်ခွဲခြားရေးစနစ် ကျင့်သုံးခဲ့သည့် တောင်အာဖရိက နိုင်ငံတွင် လူဖြူအစိုးရဘက်တွင်ရော လူမည်းအတိုက်အခံဘက်တွင်ပါ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ရှိခဲ့ သည်။ လူဖြူ လူမည်း ခွဲခြားရေး တစခန်းရပ်ရန် နိုင်ငံရေးအဖွဲ့ပေါင်းစုံ သဘောတူပြီးနောက် ၁၉၉၅ ခုတွင် “အမျိုးသားညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး မြှင့်တင်မှု ဥပဒေ”အရ အမှန်တရားဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများနှင့် ခံရသူများကို ကော်မတီမှ ဖိတ်ခေါ်ပြီး အဖြစ်အပျက်ကို ကြားနာပြီး မှတ်တမ်းပြုသည်။ ကြားနာစစ်ဆေးပြီးသမျှ ရာဇဝတ်မှုများသည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ပြုမူလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ပါက ကော်မတီက ကျူးလွန်ခဲ့သူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တရားရုံးများသို့ ဆော်ဩတိုက်တွန်းသည်။

ယင်းကော်မတီ၏ အလုပ်သည် တောင်အာဖရိက ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရေးတွင် အခရာကျသည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်များက အသိအမှတ်ပြု ချီးမွမ်းခဲ့ကြသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ယင်းကော်မတီတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

အောင်မြင်မှုများ ရရှိခဲ့သော်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်နှင့် အမှန်တရား ပေါ်ပေါက်ရေး လုပ်ငန်းစဉ်တို့တွင် ကျူးလွန်ခဲ့သူများထဲမှ အထူးသဖြင့် အရပ်ဖက် အဖွဲ့အစည်းမှ လူများ၊ ရာထူးငယ်သူများသာ လာရောက် ဝန်ခံကြောင်း၊ စစ်တပ်နှင့် ရာထူးကြီးသူများက ဝန်ခံမှု မရှိခဲ့သည်ကို ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ပွင့်လင်းစွာ ရှင်းလင်းပြခဲ့သည်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဇော်ရဲဝင်းက ဧရာဝတီကို ပြန်ပြောပြရာ “သူတို့နိုင်ငံ အတွေ့အကြုံနဲ့ ယှဉ်ပြီး အဲဒီကိစ္စ ပြောဖြစ်တော့ တချို့အပိုင်းတွေမှာ ကျူးလွန်ခဲ့တဲ့သူတွေက လာပြီး ဝန်ခံကြတယ်၊ အဲဒီအတွက် အများကြီး မှတ်တမ်းတွေ ရခဲ့တယ်ပေါ့။ တကယ်တမ်းကျတော့ ခံခဲ့ရတဲ့သူတွေကလည်း အဲဒီလို ဝန်ခံလာတဲ့သူတွေကို ပြန်လုပ်ဖို့ဆိုတာ ဘာအကျိုးမှ မထူးဘူးဆိုပြီး ကလဲ့စားခြေတာမျိုးလည်း မလုပ်ဖြစ်ကြဘူးလို့ သူက ပြောပါတယ်” ဟု ဆိုသည်။

ထို့ပြင် “ဒါကြောင့် သူတို့လည်း ခွင့်လွှတ်ဖို့နဲ့ ရှေ့ဆက်သွားဖို့ပဲ စဉ်းစားမိခဲ့ကြတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူက ဒါမျိုးလုပ်ပါ၊ မလုပ်ပါနဲ့ ဆိုပြီးတော့ အကြံမပေးချင်ပါဘူးတဲ့” ဟု ဦးဇော်ရဲဝင်းက ဆိုသည်။

တောင်အာဖရိကနိုင်ငံမှ သင်ခန်းစာများ ရယူပြီး မြန်မာနိုင်ငံတွင်လည်း အမှန်တရား ဖော်ထုတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တရပ် ရှိသင့်ကြောင်း ရန်ကုန်မြို့တွင် ရောက်ရှိနေသော ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

ထိုသို့ လုပ်ဆောင်မည် ဆိုပါက မည်သူက ဦးဆောင်သည် ဆိုသည်ထက် လုပ်ဆောင်သင့်သည်ဟု ယူဆသူများက စုစုစည်းစည်း အကောင်အထည် ဖော်ကြစေလိုကြောင်း၊ ဥပမာ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် ပြုစု ပျိုးထောင်ရေး လုပ်ငန်းသည် အဆိုပါ အမှန်တရား ဖော်ထုတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုက်ရိုက်ဆက်စပ်ပြီး အသိအမှတ်ပြုမှု၊ တရားဝင်မှုသည် အဓိကအကျဆုံး ဖြစ်ကြောင်း ဦးဘိုကြည်က ဆိုသည်။

“ဒါက အစိုးရကိုယ်တိုင်က အသိအမှတ်ပြုဖို့ လိုတယ်။ အစိုးရကိုယ်တိုင်က ကမကထ ပြုဖို့ လိုပါတယ်။ အဲဒီလိုမျိုး လုပ်နိုင်တဲ့ အစိုးရမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားသွားဖို့ လိုတယ်”ဟု သူက ဆက်ပြောသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ စစ်ဘက်၊ အရပ်ဘက် အာဏာပိုင်အဆင့် အသီးသီးတို့ကပါ အဆိုပါ လုပ်ငန်းစဉ်တွင် လက်တွဲ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက အောင်မြင်မည်ဟု ပြောကြသည်။

“အသက် ဆုံးရှုံးခဲ့တာတွေ၊ ခန္ဒကိုယ်နဲ့ ကျန်းမာရေး ထိခိုက်သွားသူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ဒါတွေကို ပြန်လည် ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို အကျိုးရှိရှိ ထိထိရောက်ရောက် လုပ်ဖို့ အစိုးရက ဦးဆောင်ရင် အကောင်းဆုံးပဲ။ အခုတော့ ကိုယ်အသိစိတ်နဲ့ကိုယ် ကျနော်တို့က အချင်းချင်း နှစ်သိမ့် ပညာပေးလုပ်ငန်းတွေ လုပ်နေကြပါတယ်” ဟု ဦးဇော်ရဲဝင်းကလည်း ဆိုသည်။

ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်နေမှုများကိုလည်း အသိအမှတ်ပြု ပြောဆိုကြောင်း သိရသည်။

သို့ရာတွင် “ရိုဟင်ဂျာ” မွတ်စလင်များအပေါ် မုန်းတီးခွဲခြားနေမှုနှင့် တိုင်းရင်းသားလူမျိုးစုဒေသများတွင် စစ်ပွဲများ ဆင်နွှဲနေခြင်းသည် “ခွဲခြားကန့်သတ်မှု သစ်” အန္တရာယ်က မြန်မာနိုင်ငံကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒက်စမွန်တူးတူးက ပြောဆိုသည်။

“ခင်ဗျားတို့ဟာ တကယ့်လွတ်လပ်မှုကို လိုလားတယ်ဆိုရင် ခင်ဗျားတို့ အားလုံး အတူတကွ ဖြစ်တည်ရမယ်” ဟု ဒက်စမွန်တူးတူးက နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဗုဒ္ဓဘာသာ ဦးဆောင် သံဃာများပါဝင်သော ပရိသတ် ၁၀၀ ကျော် ရှေ့တွင် ပြောဆိုသည်။

“လွတ်လွတ်လပ်လပ် ခရီးပေးမထွက်နိုင်သူတွေ ရှိနေတယ်လို့ မပြောပါနဲ့။ ဒီနေရာဟာ မင်းတို့နဲ့ မဆိုင်ဘူးလို့ မပြောပါနဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာက ပြောလာကြလိမ့်မယ်၊ ကြည့် ဒါ ခွဲခြားကန့်သတ်မှုပုံစံ သစ်လို့ ပြောလာကြလိမ့်မယ်။ တောင်အာဖရိက ခွဲခြားကန့်သတ်မှုခေတ်တုန်းကလည်း ကမ္ဘာက ဒီလိုပဲ ပြောခဲ့ကြတာ ကျနော်တို့ သိကြပါတယ်” ဟုလည်း ဆိုသည်။

ထို့အပြင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက “လွတ်လပ်မှုဆိုတာ ဖိနှိပ်မှုထက် ဈေးချိုပါတယ်” ဟု ပြောကြား သွားသည်။

တက်ရောက် လာသူများတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading