Politics

စာဟောရာသီ စစ်တမ်း

This article has been converted from Zawgyi One to Unicode

စာပေဟောပြောပွဲ ရာသီ ကုန်တော့မည်။

ကုန်တော့ မကုန်သေး။ သည့်နေ့ပင် ဖုန်းဝင်လာသေးသည်။ မုံရွာနယ်ရှိ ရွာတရွာတွင် ဟောပြောပွဲ လုပ်ရန်အတွက်ပါ။ လုပ်လိုသည့် ရက်က မတ်လ ၃၀ ရက်၊ ဆိုတော့ ဟောပြောပွဲ ရာသီက ဧပြီလ၊ သင်္ကြန်ကျမှပဲ ကုန်မည့်သဘော ဖြစ်နေသည်။

စာပေဟောပြောပွဲ ရာသီက နတ်တော်လမှ စသည်လည်း မဟုတ်တော့ပါ။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ကတည်းက စလုပ်နေကြပြီ။ တပို့တွဲ တပေါင်းအထိ ဆိုတော့ ၆ လခန့် ကြာမည်။ သည်လို ရှည်ကြာရသော အဓိက အကြောင်းရင်းမှာ “အချိန်၊ နေ့ရက်” ကို ဦးမတည်နိုင်ဘဲ “လိုချင်သော စာရေးဆရာ” ရနိုင်မည့်ရက်ကို ဦးတည်ရခြင်းကြောင့် ဖြစ်၏။

ဟောပြောပွဲ မလုပ်ဘဲ နေခဲ့ရသော အမှောင်ကာလများ အစား၊ အတိုးချ၍ လုပ်ကြသဖြင့် အရေအတွက် များပြား လာခြင်းကလည်း အကြောင်းရင်း တရပ်ဖြစ်သည်။ ထို့အပြင် တနေရာတည်း၌ပင် ၄၊ ၅ ရက်ဆက်ပြီး စာရေးဆရာ ၁၀ ယောက်နှင့် စီးရီးလိုက် ပွဲလုပ်ကြသော ပုံစံကလည်း ဟောပြောပွဲ အရေအတွက် များရခြင်း အကြောင်းတရပ်ဖြစ်နေ၏။

မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ ဤနိုင်ငံမှာ စာပေဟောပြောပွဲ ယဉ်ကျေးမှု ထွန်းကားစည်ပင်လာခြင်း အတွက် စာရေးဆရာများရော၊ ပြည်သူလူထုကပါ ဝမ်းသာကြရမည်ပင် ဖြစ်ပါသည်။ မည်သည့် နိုင်ငံမှာမှ မတွေ့နိုင်သော ဤ ဟောပြောပွဲမျိုး ကိုယ့်နိုင်ငံမှာ ရိုးရာဓလေ့ တခုသဖွယ် အမြစ်တွယ်ခဲ့ခြင်းကိုလည်း ဂုဏ်ယူတတ်ရ ပါဦးမည်။

သို့သော် …။

သို့သော် … ဆိုသော စကားက အကောင်းဘက်မှနေ အဆိုးဘက်ကို ဦးတည်နေ၏။ ယခုတလော ပြောသံ ဆိုသံတွေ ကြားနေရသည်။

“……………. မြို့မှာ ဟောပြောပွဲ လုပ်ခွင့် မရဘူး”

“……………. မြို့မှာ ကျတော့ ဟောပြောမယ့် ပုဂ္ဂိုလ် ပြောင်းတင်ပေးရတယ်”

“……………. မြို့မှာတော့ ရက်ရွှေ့ခိုင်းတယ်”

“……………. မြို့မှာက ပွဲမိန့် လုံး၀ မပေးဘူး”

“……………. မြို့မှာကျ … မပေးဘူးတော့ မဟုတ်ဘူး၊ တိုင်းအထိ တင်ရမှာမို့ ၃ ပတ် ကြိုပြီး တင်ရမယ်တဲ့” စသဖြင့် …။

ဝမ်းသာပီတိ ဖြစ်၍မှ မကြာသေး၊ အထက်ပါ အသံတွေ ကြားလာရသည့်အခါ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ရပါသည်။

ဟောပြောပွဲ အများစုကို ဦးစီးကျင်းပ နေကြသူများမှာ လူငယ်များ ဖြစ်ကြ၏။ တိတိကျကျ ပြောရလျှင် ၈၈ နောက်ပိုင်းမှ မွေးဖွားလာခဲ့ကြသော ကလေးများပါ။ သူတို့သည် “စာပေ ဟောပြောပွဲ” ဆိုသော ယဉ်ကျေးမှုကို ယခု တနှစ်၊ နှစ်နှစ် အတွင်းမှာ စတင် မြည်းစမ်းခွင့် ရကြရှာသည်။ သူတို့ ပျော်သည်၊ သူတို့ ကျေနပ်သည်၊ ရပ်ထဲရွာထဲမှာ မကြားခဲ့ဖူးသော စကားများကို မီးရောင်အောက်က စင်မြင့်ထက်မှာ ခမ်းနားထည်ဝါသော နောက်ခံ ဗီနိုင်းကြီးများ၊ ပန်းအိုးကြီးများ၊ ရောင်စုံမီး ဆလိုက်များ၊ ရုပ်မြင်ကင်မရာများ ခြံရံလျက် ကြားနေ၊ မြင်နေရသည်။

လက်ခုပ်သံတို့ အလွန်မြိန်ယှက်ကြရှာသည်။ ခက်တော့ ခက်၏။ ဘယ်သူ အလွန်ဟု ပြောဖို့ ခက်ခြင်းပါပဲ။

“လွတ်လပ်စွာ ထုတ်ဖော်ခွင့်” တည်းဟူသော ဒီမိုကရေစီ အသီးအပွင့် အဖူးအငုံလေး ပွင့်ဖူးလာသည်နှင့် “ငါ့တို့တော့ လုပ်ချင်ရာ လုပ်ခွင့်ရပြီ၊ ပြောချင်ရာ ပြောခွင့်ရပြီ” ဟု ထင်ကြလေရော့လား မသိ။ စင်ပေါ်မှ နေ၍ ပယ်ပယ်နယ်နယ်၊ ပက်ပက်စက်စက်၊ သရော်ရုံ ကလော်ရုံမဟုတ်ဘဲ ဆော်ပွဲ တေပွဲကြီး ဖြစ်သွားတာတွေ၊ အဲဒီလို ထင်မြင် ယူဆသွားတာတွေ ရှိလာခဲ့သည်။

အရင်က ဒီမိုကရေစီ ဘက်တော်သား စာရေးဆရာများ Black List ခေါ် ကလောင်အမည် အပိတ်ခံရစဉ် ကာလ၌ အာဏာပိုင်များဘက်မှ အလိုတော်ရိ လုပ်ခဲ့ကြပြီး ဟိုအဖွဲ့သည်အဖွဲ့တွေမှာ ရာထူးတွေယူ၊ ဟိုနိုင်ငံ သည်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးတွေ သွားရောက်ကာ မင်္ဂလာယူခဲ့ကြသူ (တချို့) ကလည်း အခုကျတော့ “ဒီမိုကရေစီမီ ဒီမိုကရေစီ” ဆိုပဲ။ သြော် … (သူတို့ အတွက်) ပြောင်းတယ်၊ လဲတယ်၊ လှယ်တယ် ဆိုတာ ဒီလိုကိုး လို့ မဲ့ပြုံး ပြုံးကြ၊ ပြုံးမဲ့ မဲ့ကြနဲ့ ပါပဲ။

The Art of Speaking ဆိုသော စကားပြောခြင်း အတတ်ပညာကား အလွန်တာသွားသည်။ သာသာလေးပြောရုံနှင့် နာအောင် လုပ်၍ရပါသည်။ နားထောင်လို့လည်း ကောင်းသည်၊ လူကြိုက်လည်းများသည်၊ သို့သော် ငါးစိမ်းသည် ရန်တွေ့ ဆိုသကဲ့သို့ စင်ပေါ်မှနေ၍ အတုံးလိုက်၊ အတစ်လိုက်၊ ချိုးဖဲ့ တိုက်ခိုက် စိန်ခေါ်ခြင်းကား စာပေဟောပြောပွဲ၏ ဂုဏ်ကို ချိုးဖောက်ရာလည်း ကျသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး စာပေဟောပြောပွဲ တချို့မှာ “စာပေဟောပြောပွဲမှာ စာပေအကြောင်း ပြောတာ ခေတ်မရှိတော့ဘူး။ နိုင်ငံရေးပဲ ပြောရမည်” ဟု ဆိုကြ၏။ တကယ်လည်း စင်မြင့်ထက်သို့ နိုင်ငံရေး လုပ်သူများ ထက်လာကြ၏။ နိုင်ငံအကျိုးရှိရာ ရှိကြောင်း၊ နိုင်ငံသား ပြည်သူများ အသိအမြင် ပိုမိုကျယ်ပြန့်စေ နက်ရှိုင်းစေဖို့ အကျိုးရှိရာရှိကြောင်းများ ဟောပြောခြင်းသည် အလွန် ကောင်းမြတ်ပေ၏။ သို့သော် စာပေစင်မြင့်ကို “အသုံးချ” သွားကြသည် ဆိုလျှင် နှစ်ပေါင်းများစွာက လမ်းဖောက် ခဲ့ကြသည့် စာရေးဆရာကြီးများအား အားနာဖို့ ကောင်းလှ၏။

စာပေ ဟောပြောပွဲများ မိုးဦး ကောင်းလာသောအခါ “ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး” ဟူသည့် စကားအတိုင်း အုပ်ချုပ်ရေမှူး များလည်း အနေချောင်ခဲ့ကြ၏။ သို့သော် ယခု ၂၀၁၃ ခုနှစ် နှစ်စလောက်မှာ “ဆော်ပွဲ၊ တီးပွဲ” များ များလွန်း၍ ဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးကို ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးက ထုချေ ရှင်းလင်းစေခြင်းများ ရှိလာကြောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်းအုပ်ချုပ်ရေးမှူးက ဆူပူကျိန်းမောင်းခြင်းများ ရှိလာကြောင်း စသဖြင့် နောက်ဆုံး ရလဒ်ကား ဟောပြောပွဲ ခွင့်ပြုချက်ကို တိုင်းအဆင့် အထိ တင်ရမည်၊ ၃ ပတ် ကြိုတင်ရမည်၊ ဟောပြောမည့်သူ စာရင်း တင်ပြရမည်တွေ … ဖြစ်လာတော့သည်။

ရက်ရွှေ့ခိုင်းတာတွေလည်း ရှိလာသည် (ကျမ ကိုယ်တိုင် လက်ခံထားသည့် ဖေဖော်ဝါရီလအတွင်း ဟောပြောပွဲ ၃ ပွဲ ပျက်သွားခဲ့သည်)

တကယ်တမ်း စိတ်ထိခိုက်ခံစားရ သူများမှာ လူငယ်တွေ ဖြစ်သည်။ သူတို့က ခွန်နှင့် အားနှင့်၊ စိတ်ဓာတ်တက်ကြွစွာ၊ စည်းလုံးစွာ၊ အားကြိုးမာန်တက် လုပ်ကိုင်နေခြင်း ဖြစ်၏။

“ကျနော်တို့ တအား စိတ်ညစ်သွားပြီ ဆရာမ၊ စီစဉ်ထားတာတွေ အားလုံး မျောသွားပြီ၊ ခွင့် မပြုတာတော့ မဟုတ်ဘူး။ စာပေးပွဲနီးလို့တဲ့၊ ရက်ရွှေ့ခိုင်းတယ်”

ကလေးတွေ အားလျော့သွားကြသည်။ သူတို့က ပွဲကို ၃ ရက်လုပ်မည်။ စိတ်ကြိုက်ဆရာ ဆရာမအားလုံး ၆ ယောက် ဖိတ်ထားပြီးပြီ၊ ဓာတ်ပုံနှင့် အထုပ္ပတ္တိတွေ ဝေထားပြီးပြီ၊ ကြော်ငြာဗီနိုင်းလည်း လုပ်ထားပြီးပြီ၊ စာအုပ် ဈေးရောင်းပွဲတော် လုပ်ဖို့လည်း ရန်ကုန်စာအုပ်တိုက်တွေနဲ့ ညှိနှိုင်းချိတ်ဆက်ပြီးပြီ။ ရက်ပိုင်းအလိုမှာမှ “ပွဲမိန့်” ရွှေ့ဆိုင်းသည်တဲ့။

ပွဲမလုပ်ရခြင်းထက် ယုံကြည်မှု ပျက်ပြားသွားရခြင်းက လူငယ်တွေအတွက် အနုတ်လက္ခဏာ ဖြစ်သွားပြီ။ ဘာကို မျှော်လင့်ရမည်လဲ၊ ဘာကို ယုံကြည်ရမည်လဲ၊ လုပ်ချင်တာ ဘယ်မှာ လုပ်ရလို့လဲ။ ဒီပုံနဲ့တော့ ဒီမိုကရေစီဆိုတာ … အဝေးကြီး။

“နှစ်နေရာမှာ ပြောသွားတာ ဆိုးတယ်ဗျ၊ ကြားတဲ့ လူတွေ သက်သေရှိပါတယ်။ ပါတီရုံးဖွင့်ပွဲ ဆိုပြီး စာပေဟောပြောပွဲပုံ လုပ်သွားတယ်။ လုပ်တာက လုပ်ပါ၊ စာပေနဲ့ နိုင်ငံရေးဆိုတာ တွဲနေတာပါပဲ။ ဆိုးတာက စင်ပေါ်က ဟောတဲ့ စကားထဲမှာ (တာဝန်ထမ်းဆောင်နေဆဲ) ပုဂ္ဂိုလ်ကြီး တယောက်ကို ပြောတာ … အဲဒီ ပုဂ္ဂိုလ်ကြီးဟာ … ခွေးပစ်တဲ့ တုတ်လောက်တောင် မရှိဘူးတဲ့။ အဲဒီလို ပြောတာ စာပေ ဟောပြောတာတဲ့လားဗျာ”

ယင်းသို့ မဆင်မခြင် စိတ်ထင်တိုင်း ပြောဆိုခြင်းကို ခံရသည့်ဘက်က “တင်း” ပေမည်ပေါ့။ ဒါသည် လူ့သဘာဝ။

ယခုအချိန်သည် အဘက်ဘက်မှ ပြုပြင်ပြောင်းလဲမှုများကို ဖန်တီးယူလုပ်ဆောင်ရမည့် ကာလဖြစ်၏။ သတိနှင့် ကျော်ဖြတ် ရမည့် ကာလ ဖြစ်၏။ ယင်းသို့ သိရှိ သတိပြုဆောင်ရွက်မှသာ ဖြောင့်ဖြောင့်ဖြူးဖြူး ကျော်ဖြတ်နိုင်မည် ဖြစ်ပါ၏။

ကမ္ဘာတွင် ပြဿနာရပ်တိုင်းအား ဖြေရှင်းလျှင် Win-Win သီအိုရီဟု ခေါ်သော နှစ်ဘက်စလုံး အကျိုးရှိ စေမည့် ဖြေရှင်းနည်းကို ဦးစားပေး ရွေးချယ်လာကြသည်။ ယင်း ရွေးချယ် ဖြေရှင်းနည်းကား အလွန်သိမ်မွေ့၏။ ပညာသား ပါ၏။ တကိုယ်ရည် အတ္တအကျိုးကို အခြေမပြု။ အတ္တနှင့် ပရမျှတမှု ကို အခြေခံ၏။ ဤနည်းအားဖြင့်သာ အောင်မြင်ရန်၊ ကျေနပ်ရန် သေချာသော နည်းလည်း ဖြစ်ပေသည်။ တဦးနဲ့တဦး၊ တယောက်နဲ့ တယောက်မှ အစ အသင်းအဖွဲ့များ၊ အုပ်စုများ၊ နိုင်ငံများ အဆုံးအားလုံးသည် နှစ်ဘက် အောင်မြင် အကျိုးရှိစေသည့် Win-Win နည်း သီအိုရီကို အသုံးများ အာရုံထားလာကြပေပြီ။

ယနေ့ ချီတက်နေသော အပြောင်းအလဲ လမ်းကြောင်းပေါ်တွင် ပါဝင်သူတွေက အမျိုးမျိုးရှိနေသည်။ ရည်ရွယ်ချက် အမျိုးမျိုး ရှိနေသည်။ အကျိုးစီးပွား ဦးတည်ရာ အမျိုးမျိုး ရှိနေနိုင်ပါသည်။ သူ့အမှား ကိုယ့်အမှားတွေ ရှိနေနိုင်သည်။ သတိလက်လွတ် ပြောသူတွေ ပါနေနိုင်သည်။ သတိလက်လွတ် ပြောသူ အချို့ကြောင့် အခွင့်အလမ်း ပိတ်သွားလျှင် နစ်နာသွားမည့် သူများမှာ အများစု၊ အထူးသဖြင့် လူငယ်တွေ…။

ခရီးက မဆုံးသေး၊ ပန်းတိုင်က ပျပျပဲ ရှိနေဆဲ၊ လမ်းတဝက်တွင် ခြေကုန်လက်ပမ်းကျသွားလို့ မဖြစ်။ အရေးကြုံလျှင် သက်လုံ ကောင်းအောာင် ပြင်ဆင်ထားဖို့ လိုသည်။ အချင်းချင်း ယုံကြည်မှု ရှိဖို့ လိုသည်။

စိုးရိမ်၍ လက်တို့ သတိပေးခြင်းကို အထင်မလွဲဖို့လည်း လိုသည်။ လိုတာတွေ ပြောရလျှင် ဆုံးအံ့ မထင်။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)

Loading