သတင်းတို

ပုဂ္ဂလိက သတင်းစာ ၈ စောင် စတင်ထုတ်ဝေခွင့်ပြု

This article has been converted from Zawgyi One to Unicode

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ ၈ ခုကို ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ စတင်ချထားပေး လိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအချို့ထံမှ သိရှိရသည်။ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၁၃)ကို ၁-၃-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနသည် လွတ်လပ်သော ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့် လျှောက်လွှာ ၁၇ စောင် လက်ခံရရှိခဲ့ပြီး (၁၄)စောင်အား စိစစ်ပြီးဖြစ်၍ (၃)စောင်မှာ စိစစ်ဆဲဖြစ်ကြောင်း၊ စိစစ်ပြီး သတင်းစာ ၁၄ စောင်အနက် သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီသော ပုဂ္ဂလိကသတင်းစာ ၈ စောင်ကို  ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ယာယီထုတ်ဝေခွင့်ပြုလိုက် ကြောင်း၊ သတင်းစာထုတ်ဝေခွင့်ရရှိသော သတင်းမီဒီယာများမှာ ခေတ်မိုး၊ရွှေနိုင်ငံသစ်၊ပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊The messenger၊ နောက်ဆုံးရနေ့စဉ်သတင်းစာ၊မြန်မာနယူးဝိခ်နေ့စဉ်၊ မဇ္ဈိမ တို့ဖြစ်ကြောင်း၊ ကျန်ရှိသော သတင်းစာ ၆ စောင်မှာ လျှောက်လွှာတွင် လိုအပ်ချက်များရှိနေသောကြောင့် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်၍ အချိန်မှီ ပြန်လည် လျှောက်ထားနိုင်ရန် သက်ဆိုင်ရာ လျှောက်ထားသူများထံသို့ ဆက်သွယ် အကြောင်းကြားဖြစ်ကြောင်း စိစစ်ဆဲ လျှောက်လွှာ ၃ စောင်နှင့် ထပ်မံလျှောက်ထားလာမည့် လျှောက်လွှာများကို ဆက်လက် စိစစ်ပြီး မတ်လ နောက်ဆုံးပတ်တွင်ကျင်းပမည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ကြီးကြပ်မှု ဗဟိုအဖွဲ့ အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေခွင့် ရရှိသူများသည် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲသို့ ဆက်သွယ်ပြီးတည်ဆဲဥပဒေဖြစ်သော ၁၉၆၂ ခုနှစ် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်အညီ ထုတ်ဝေသူ ယာယီ မှတ်ပုံတင်သက်သေခံလက်မှတ် ရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊အဆိုပါ ဥပဒေပုဒ်မ ၈ (၃) အရ ယာယီ မှတ်ပုံတင် သက်သေခံလက်မှတ် ရရှိပြီးသူများကို စိစစ်ပြီး ကျေနပ်မှုရှိလျင် သက်တမ်း တစ်နှစ်ရှိသော မှတ်ပုံတင် သက်သေခံလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို ရုတ်သိမ်းပြီး အသစ်ပြဋ္ဌာန်းသည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထွက်ပေါ်လာမည့် နည်းဥပဒေတွင် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ကိုထပ်မံစိစစ်ခြင်း မပြုဘဲ နှစ်ရှည် ခွင့်ပြုပေးသွားရန် အစီအစဉ်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦး၏Facebook စာမျက်နှာတွင်ရေးသားချက်အရ သိရှိရသည်။ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်ရုတ်သိမ်းခြင်းခံရသည့် ညို့မဂ္ဂဇင်းထုတ်ဝေသူမှ မဂ္ဂဇင်းအား မူလခွင့်ပြုချက်အတိုင်း ဖက်ရှင်မဂ္ဂဇင်းအဖြစ် ဆက်လက် ထုတ်ဝေခွင့်ပြုပါရန် အသနားခံ တင်ပြခြင်းကို ပလပ်လိုက်ကြောင်း၊ထို့ပြင် ၂၀၁၃ ခုနှစ် မတ်လထုတ်အဖြစ် ထွက်ရှိလာသော မာယာမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁)သည် ကျန်းမာရေး မဂ္ဂဇင်းအဖြစ်ထုတ်ဝေခွင့် ပြုထားသော်လည်း မျက်နှာဖုံးပုံနှင့် အတွင်း၌ ပါရှိသည့် ဓာတ်ပုံ ပန်ချီးအချို့မှာ သက်ဆိုင်ရာ ကဗျာ ဆောင်းပါးတို့နှင့် ဆက်စပ်မှုမရှိသော အမျိုးသမီးပုံများဖြစ်ပြီး ပုံအချို့မှာ ဟိရိသြတပ္ပကင်း၍ အဆိပ်အတောက် ဖြစ်စေသောပုံများ ဖြစ်သဖြင့်ထုတ်ဝေသူအား ခေါ်ယူသတိပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

Loading