သတင်းတို

အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း တရားဝင်ကန့်ကွက်ပြီ

This article has been converted from Zawgyi One to Unicode

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွထြားသော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ သတင်းမီဒီယာ များကို ပြန်ကြားရေးဝန်ကြီးဌာန ချုပ်ကိုင်ခြင်း ဆိုသော ယခင် ၁၉၆၂ ခုနှစ် ဥပဒေကို ပြန်လည်အသက်သွင်းခြင်းဖြစ်သဖြင့် ယင်းဥပဒေကြမ်းကို သဘောမတူ ကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ယနေ့တွင် ကြေညာချက်အမှတ် ၁/၂၀၁၃ ဖြင့် ထုတ်ပြန်ကန့်ကွက်လိုက်သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း”နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၏ သဘောထား ကြေညာချက် (၁ / ၂၀၁၃)

၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏
အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ
“မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။

၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ်
ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။

၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။

၄။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။

၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။
ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။

၆။ တရားမဝင်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည်လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။

၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည်ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။

၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက်
တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက်
အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။

၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါအချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှ သဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်စေရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း
Myanmar Journalists Association
မတ်လ ၁ ရက်၊ ၂၀၁၃။

Loading