သတင်း

လျှပ်စစ်မီးပုံမှန်ရရေး ပြည်မြို့ခံများ ဆန္ဒထုတ်ဖော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ်အတွင်း လျှပ်စစ်မီး ဖြတ်တောက်ခံရမှုနှင့် ပတ်သတ်ပြီး ပထမဆုံး ဆန္ဒဖော်ထုတ်ပွဲအဖြစ် ပဲခူးတိုင်း ပြည်မြို့မှ လူအင်အား ၃၀၀ ကျော်ခန့်က ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီတွင် စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်မြို့နယ်အတွင်း လွန်ခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေကြောင်း၊ နေပြည်တော်တွင်မူ လျှပ်စစ်မီး ၂၄ နာရီ ရရှိနေသောကြောင့် နေပြည်တော်၌ အသုံးပြုနေသော လျှပ်စစ်ဓာတ်အား ပမာဏ လျှော့ချ သုံးစွဲပေးစေလိုကြောင်းနှင့် တခြားပြည်နယ်နှင့် တိုင်းဒေသများတွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းသည် သမ္မတ ဦးသိန်းစိန်နှင့် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့တွင် တာဝန်ရှိကြောင်း ပြည်မြို့မှ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုကျော်ဆန်းက ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပြောခဲ့သည်။

“ပြည်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ရုံးက တာဝန်ရှိသူတွေကို ကျနော်တို့ အားနာပါတယ်။ ကျနော်တို့ အခု ဆန္ဒဖော်ထုတ်တယ် ဆိုတာ သမ္မတဦးသိန်းစိန်နဲ့ လျှပ်စစ် ပြည်ထောင်စုဝန်ကြီးကိုပါ၊ ဒီကိစ္စဟာ သူတို့မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ မနှစ်ကလည်း အခုလို လျှပ်စစ်မီး ပြဿနာဖြစ်ခဲ့ဘူးပါတယ်။ အဲဒီအပေါ်မှာ ကြိုတင်ပြင်ဆင်မှု ဘာမှမလုပ်ဘူး၊ နေပြည်တော်မှာတော့ မီးထိန်ထိန်လင်းလို့၊ ကျနော်တို့မှာတော့ ပျက်တလှည့် လာတလှည့်နဲ့ တရားမမျှတတဲ့ အတွက် ကျနော် ပြောချင်တာပါ” ဟု သူက ဆိုသည်။

နေပြည်တော်တွင် လက်ရှိသုံးစွဲနေသည့် လျှပ်စစ်မီးပမာဏ၏ ၄၀ ရာခိုင်နှုန်းလောက် လျော့ချလိုက်လျှင် တနိုင်ငံလုံး၌ မျှဝေ သုံးစွဲနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးကလည်း ဆန္ဒဖော်ထုတ်သူများနှင့် မီဒီယာများကို ယခုကဲ့သို့ လျှပ်စစ်မီး ပျက်တောက် နေမှု အတွက် မေတ္တာရပ်ခံ တောင်းပန်ကြောင်း၊ နေ့စဉ်မီးပေးဝေမှု အချိန်ဇယားများကိုလည်း မြို့နေပြည်သူများကို တလမ်းဝင် တလမ်းထွက် အသိပေး ပြောကြားမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“အခုလို မီးပျက်တောက်မှုတွေနဲ့ ပတ်သက်လို့ လောပိတမှာ ရေသိုလောင်နိုင်မှုနဲ့ နေတာကြောင့်ပါ။ ၁၀ တန်း ကျောင်းသူ ကျောင်းသားတွေ အတွက် အရေးကြီးတဲ့ အချိန်ဖြစ်လို့ ညနေ ၅ နာရီကနေ နောက်တနေ့မနက် ၅ နာရီအထိ လျှပ်စစ် ဓာတ်အား မပျက်တောက်ရေးအတွက် အတတ်နိုင်ဆုံး မီးပုံမှန်ရရှိဖို့ ကြိုတင်စီစဉ် ဆောင်ရွက်နေပါတယ်” ဟု မြို့နယ် လျှပ်စစ် အင်ဂျင်နီယာမှူးက ရှင်းပြသည်။

စင်္ကာပူနိုင်ငံကဲ့သို့ သောက်သုံးရေမှအစ သဘာဝ သယံဇာတ မထွက်သည့် တိုင်းပြည်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပြီး သဘာဝ အရင်းအမြစ် ပေါများသော မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းမှာ အုပ်ချုပ်သူများ ညံ့ဖြင်းသောကြောင့်လားဟု မေးခွန်းထုတ်စရာများ ရှိနေကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုကျော်ဆွေက ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲ မပြုလုပ်ရန် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူးနှင့် မြို့နယ်ရဲမှူးတို့က မေတ္တာရပ်ခံခဲ့သောကြောင့် ဆန္ဒ ဖော်ထုတ်သူများ အနေနှင့် မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖယောင်းတိုင်များ ကိုင်ဆောင်ကာ မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်သို့ ချီတက် လမ်းလျှောက်ပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading