ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ ၁ ရက်နေ့တွင် ချိတ်ပိတ်၍ ကား အဝင်အထွက် မပြုလုပ်နိုင်ရန် ဂိတ်ပေါက် တံခါးများကို ရဲများနှင့် စည်ပင်ဝန်ထမ်းများက အစောင့်ချ ပိတ်ဆို့လိုက်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ သီရိမင်္ဂလာဈေးဟောင်းသို့ ယာယီပြောင်းရွှေ့ပေးရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဟံသာဝတီ ယာဉ်ရပ်ရောင်းဝယ်ရေးစခန်းအား Yangon Car Plaza အဖြစ် Crown Advance Construction ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားကြောင်း၊ ပလာဇာတွင် နေထိုင်သူများ အသုံးပြုနိုင်ရန် ကားအစီး ၆၀၀ ကျော် ရပ်နားနိုင်မည့်နေရာ၊ ကားShow Room ဖွင့်နိုင်မည့် အခန်း ၅၂ ခန်း၊ ကားအစီး ၅၀၀ ခန့် ဆံ့ မည်သူမဆို ယာဉ်ရပ်နား ရောင်းဝယ်နိုင်မည့် နေရာများပါဝင်ကြောင်း စည်ပင်သာယာ အခွန်ဋ္ဌာနမှူး ဦးကျော်မင်းက ဧရာဝတီသို့ ပြောသည်။
“ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းထဲက ကားလေးတွေကို သီရိမင်္ဂလာဈေးအဟောင်းကို ရွှေ့ပါတယ်။ ဈေးမြေညီထပ်မှာ ရေ၊ မီး၊ ခြံစည်းရိုးက အစ အကုန် စီစဉ်ထားပြီးပါပြီ။စနစ်တကျ ရပ်မယ်ဆိုရင် အစီး ၉၀၀ လောက် ရပ်လို့ ရပါတယ်။ ၆ ဘီးနဲ့ အထက် ကားကြီးတွေကိုတော့ သူနာပြုတက္ကသိုလ်နားက မင်းရဲကျော်စွာလမ်း အရှေ့ခြမ်း မြေကွက်လပ်မှာေ နရာပေးပါမယ်” ဟု ဦးကျော်မင်းက ရှင်းပြသည်။
သို့ရာတွင် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်ကို ကားဝင်းအတွင်း နေထိုင်လုပ်ကိုင်နေသူများက လက်မခံဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ လေးကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မတ်လ ၁ ရက်နေ့တွင်မူ စည်ပင်မှ ကားများကို ကားဝန်းထဲသို့ ဝင်ခွင့်မပေးတော့ဘဲ ဝင်ပေါက် ထွက်ပေါက် ၅ ခု တွင် တစ်ခုကိုသာ ဝင်းထဲမှ ကားများပြန်ထွက်နိုင်ရန်သာ ဖွင့်ပေးထားသည်။ ယာဉ်ရောင်းဝယ်ရေးစခန်း အပြင်ဘက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများက ပိတ်ထားသော ဝင်ပေါက် ထွက်ပေါက်များကို စောင့်ကြပ်နေခဲ့ကြသည်။
ကားဝင်းထဲတွင်မူ လက်ရှိနေထိုင်လျက်ရှိသော ဝယ်ရောင်းများ ၊ဈေးဆိုင်ရှင်များ၊ အလုပ်သမားများ၊ ကားရေးဆေးသူများက ယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း “ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရရေး” “ပိတ်ထားသော တံခါးပေါက်များ ဖွင့်ပေးရေး” “စည်ပင်လစာ ဘယ်သူပေးတာလဲ ပြည်သူတွေ ပေးတာ” “ကားဝင်းထဲမှာ အခွန်ဆောင်နေတာ” စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ကားဝင်းကို လှည့်ပတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း ရန်ကုန်မြို့တော်ခန်းမ ရှေ့တွင် လာရောက် စုဝေးပြီး ကားစခန်း မပြောင်းရွှေ့ရေး ဆန္ဒပြခဲ့ကြသေးသည်။
နောက်ဆုံးရရှိသောသတင်းများအရ မပြောင်းရွှေ့ရေး ကော်မတီ ကိုယ်စားလှယ်များက စည်ပင်သာယာရေးသို့ သွားရောက်၍ ထပ်မံ တင်ပြမည်ဟု သိရသည်။