သတင်း

အထောက်အထား ခိုင်လျှင် မလက်တို လယ်များ ပြန်ရမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သိမ်းဆည်း ခံထားရသော လယ်ယာမြေများ ပြန်ရလိုမှုကြောင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် မလက်တို ကျေးရွာအုပ်စုတွင် လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထား တင်ပြနိုင်ပါက လယ်သမားများအား လယ်ယာမြေများ ပြန်လည် ပေးအပ်မည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

မလက်တို ကျေးရွာအုပ်စု အတွင်းရှိ လယ်မြေဧက ၅၅၀ ကို ရေနက်ကွင်း လယ်များ ဖော်ထုတ်ရေး စီမံကိန်းအဖြစ် အစိုးရ ခွင့်ပြုချက် အရ အော့ချာဒ် Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီး ယင်းလယ်များ အတွင်း မူလပိုင်ရှင် လယ်သမားများက နွေစပါး စိုက်ပျိုးရန် ကြိုးပမ်းရာမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဓိကရုဏ်းကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိအဆင့် ၂ ဦး၊ အခြား အဆင့် ၂၈ ဦး စုစုပေါင်း ၃၀ ဦးနှင့် အရပ်သား ၁၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ညောင်တုန်းမြို့နယ် မဲဇလီ ရဲစခန်းမှ တပ်သား ရဲကျော်သူ (လ/၂၂၆၆၃၈) မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီ၌ ရန်ကုန်ဆေးရုံကြီး ဦးဏှောက်နှင့် အာရုံကြော ကုသဆောင်တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်သည်။

ရဲတပ်သား တဦး သေဆုံးသည် အထိ ပြင်းထန်ခဲ့သော ယင်း အဓိကရုဏ်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ ဖော်ထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာ အရ ဥပဒေ ချိုးဖောက်သူများ ကို အရေးယူ သွားမည်ဖြစ်ကြောင်း၊ လယ်ယာမြေ ပိုင်ဆိုင်ကြောင်း အထောက်အထား တင်ပြနိုင် သူ လယ်သမားများ ကို လယ်ယာမြေ ပြန်လည် ပေးအပ်ရန် စီစဉ်ထားကြောင်း သိရသည်။

“စုံစမ်း စစ်ဆေးရေးဖွဲ့ အစီရင်ခံစာ အရ လယ်သမားတွေ ပိုင်ဆိုင်ကြောင်း ထင်ရှား ပေါ်ပေါက်ခဲ့ရင် လယ်တွေကို ပြန်ပေး မှာပါ။ တခြား ဒေသက တင်ပြလာတဲ့ ကိစ္စတွေမှာ လည်း တကယ်မှန်ကန်ရင် ကျနော်တို့ လယ်မြေတွေ ပြန်ပေးနေတာ တွေ ရှိပါတယ်” ဟု တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ဧရာဝတီကို ပြောသည်။

အဖွဲ့ဝင် ၅ ဦး ပါဝင်သည့် မလက်တို အဓိကရုဏ်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကို ဦးဆောင်ပြီး အခြား တိုင်းအဆင့် ဌာနဆိုင်ရာ အရာရှိများ ပါဝင်သည်။

ထို့ပြင် မလက်တိုကျေးရွာအုပ်စုရှိ ပလောင်နှင့် အဒိတ် ကျေးရွာများမှ ရွာသားများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ အော့ချာဒ်ကုမ္ပဏီက တူးဖော်ထားသည့် ငါးကန်ပေါင်များ ချိုးချခြင်း၊ စပါးများ ဝင်ရောက် စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခင်း ဖြစ်ပွားသည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒေသဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်း ဦးဆောင်သည့် ဌာနဆိုင်ရာများက လယ်သမားများနှင့် တွေ့ဆုံကာ လယ်ယာမြေကိစ္စနှင့် ပတ်သတ်၍ သက်သေ အထောက်အထား ခိုင်လုံစွာဖြင့် ရေးသားပြုစု တင်ပြပေးရန်၊ တင်ပြချက်များ ကို တိုင်းအစိုးရအဖွဲ့မှ ချက်ခြင်း စုံစမ်းစစ်ဆေးပြီး ဥပဒေနှင့်အညီ တရားမျှတစွာ ဆုံးဖြတ်ပေးရန်၊ ဆုံးဖြတ်ချက် မချမီ ကာလအတွင်း ဥပဒေမဲ့ ကျူးကျော် ဖျက်ဆီးခြင်း မပြုလုပ်ရန် ဆွေးနွေး ညှိုနှိုင်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

အဓိကရုဏ်းအား လုံခြုံရေး ရဲတပ်ဖွဲ့မှ ၁၂ ဗို့ခွင်း ရာဘာကျည် ၄၅ တောင့်နှင့် ၁၂ ဗို့ခွင်းကျည် ၁ တောင့် အသုံးပြုကာ ပစ်ခတ် လူစုခွဲခဲ့ပြီး ယင်းဒေသ တဝိုက်တွင် တားမြစ်မိန့်ပုဒ်မ ၁၄၄ ကို ၁ လ တိတိ ထုတ်ပြန်ထားကြောင်း သိရသည်။

“ကျနော်တို့ ဥပဒေအတိုင်း တဆင့်ပြီး တဆင့် လုပ်ဆောင်ခဲ့ တာပါ။ ဘာမှ အရင်လို လုပ်လို့လည်း မရပါဘူး။ မီဒီယာခေတ် မှာ ဥပဒေမဲ့ ဘာမှ လုပ်လို့ မရပါဘူး။ ဒီလို ပြဿနာ ဖြစ်လာချိန်မှာ အတတ်နိုင်ဆုံး အလျှော့ပေါ့ဆုံး နည်းနဲ့ ပြေလည် အောင် ညှိနှိုင်းဆောင်ရွက် ခဲ့ပေမယ့်လည်း ရွာသားတွေ အနေနဲ့ လုံး၀ လက်မခံခဲ့ပါဘူး။ ဒါပေမယ့် အဓိကရုဏ်းကြောင့် အရပ်သူ အရပ်သား သေကြေမှု မရှိတဲ့အတွက် ဝမ်းသာပါတယ်”ဟု တာဝန်ရှိသူ တဦးက ပြောသည်။

မလက်တို ဒေသမှ လယ်ယာမြေများ သိမ်းယူခဲ့သည့် အော့ချာဒ်ကုမ္ပဏီမှာ အမှန်တကယ် စပါးစိုက်ပျိုးခြင်း မရှိဘဲ ၁ ဧက လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် လယ်သမားများထံ သီးစား ပြန်ချထားခဲ့ ကြောင်း၊ သီးစားခ မပေးနိုင်၍ လယ်သမားများ လယ် မလုပ်နိုင်သည့် အခါ ကုမ္ပဏီက စပါး မစိုက်ပျိုးသည့်အတွက် လယ်ယာများ အတွင်း မြွေဆိုးများ မွေးမြူထားသလို ဖြစ်လာ ပြီး၊ ဒေသခံ အများအပြား မြွေကိုက်ခံရ၍ သေဆုံးခဲ့ရကြောင်း မလက်တို ကျေးရွာအုပ်စု အတွင်းရှိ သီးကုန်းကျေးရွာမှ ဒေသခံ တဦးက ပြောသည်။

“လယ်တွေ သိမ်းတုန်းက ဘယ်အဖွဲ့ကမှ ဘာမှ အကြောင်း မကြားဘဲ ဆိုင်းဘုတ်ထောင်ပြီး ဒီအတိုင်း သိမ်းသွားတာ။ နောက်ပိုင်း သူတို့က စပါးမစိုက်တော့ လယ်က မြွေဆိုး မွေးမြူရေး စခန်းဖြစ်သွား၊ ပြီးတော့ ရွာသားတွေ မြွေကိုက်ခံရလို့ သေကုန်တာ မနည်းဘူး”ဟု အဆိုပါ ဒေသခံက ပြောသည်။

၁၉၉၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ရေနက်ကွင်း လယ်များ ဖော်ထုတ်ရေး စီမံကိန်းကြောင့် မအူပင်နှင့် ညောင်တုန်း မြို့နယ် ထိစပ်နေသည့် ကျေးရွာများမှ လယ်မြေဧက ၅၃၀၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ညောင်တုန်း မြို့နယ် စစ်မှုထမ်းဟောင်းဖွဲ့၊ အော့ချာဒ်၊ ဇာတိမာန်၊ ဝါဝါ၀င်း စသည့် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများက သိမ်းယူ ခဲ့ကြခြင်း ဖြစ်ကြောင်း လယ်သမားအရေး ကူညီ ဆောင်ရွက်ပေး နေသည့် ပုသိမ်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) က ပြောသည်။

“မလက်တို ဒေသက လယ်သမားတွေ ဟာ လယ် အသိမ်းခံရတော့ လယ်ပိုင်ဘ၀ ကနေ လယ်မဲ့ ယာမဲ့ဖြစ်၊ စီးပွားရေး တွေကြပ်တည်းပြီး၊ ခုလိုတွေ ပေါက်ကွဲကုန် တာပါ။ အဲတော့ ဧရာဝတီ တတိုင်းလုံးမှာ မလက်တိုလိုပဲ လယ်သိမ်းခံရလို့ မပေါက်ကွဲ သေးတဲ့ ဗုံးတွေ အများကြီး ကျန်နေပါ သေးတယ်။ ဒီဗုံးတွေကို မပေါက်ကွဲခင် စနစ်တံတွေ ဖြုတ်ကြပါ။ စေ့စပ် ဆွေးနွေး ညှိနှိုင်းတဲ့ နည်းနဲ့ ပြည်သူတွေဘ၀ အဆင်ပြေ ချောမွေ့အောင် အမြန်ဆုံး ဖြေရှင်းပေးပါလို့ပဲ အစိုးရဖွဲ့ကို ပြောချင် ပါတယ်”ဟု HRWDN မှ ကိုမြင့်နိုင်က ပြောသည်။

လက်ရှိတွင် မအူပင်ဆေးရုံ၌ တက်ရောက် ကုသနေသည့် လူနာများ အတွက် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များက ငွေကြေးနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ထား ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းကလည်း ကျုံပျော်မြို့နယ် ရှားခဲကြီး ရှားခဲလေးအင်း လုပ်ပိုင်ခွင့်အတွက် ဒေသခံ ရေလုပ်သားများနှင့် ဝိုင်းဝိုင်းလည် သမအသင်းတို့ အငြင်းပွား ကြရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ် ဖြိုခွင်းသည့် အတွက် ရေလုပ်သား ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading