လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် ဝေဖန်မှုများလုပ်ဆောင်ခဲ့သည် ဆိုသော ဒေါက် တာ ဆိတ်ဖွားအား စုံစမ်း ဖော်ထုတ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဖုန်းမြင့်အောင် က“ဦးခင်မောင်ညို(ခင်မောင်ညို-ဘောဂဗေဒ)ဆိုရင် သူထုတ်တဲ့ စာစောင်မှာ ဒေါက်တာဆိတ်ဖွား ဆောင်းပါးတွေ ဖော်ပြခဲ့ ဖူးတယ်၊ အလဲဗင်း ကို ဆိုရင် လည်း ဒေါက်တာဆိတ်ဖွားက ဆက်တိုက်ခိုက်ခဲ့တယ်ဆိုတော့ သူတို့ဆီက သိထားတဲ့ အချက်တွေ ရတာပေါ့၊ ဆိတ်ဖွား ဘယ်သူဆိုတာ အတော်လေး ရုပ်လုံးပေါ်နေပါပြီ”ဟု ဧရာဝတီကို ပြောသည်။
ဒေါက်တာ ဆိတ်ဖွားစုံစမ်းရေး ကော်မရှင် အစည်းအဝေးကို အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ လုပ်ဆောင်ခဲ့ရာတွင် အလဲဗင်း မီဒီယာမှ ဒေါက်တာသိန်းမြင့်နှင့်အဖွဲ့ဝင်တချို့၊ ဦးခင်မောင်ညို(ဘောဂဗေဒ)၊ ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင်၊ တပ်မတော် ဆက်သွယ်ရေးမှ တာဝန်ရှိသူ တချို့ကို ခေါ်ယူမေးမြန်းခဲ့ပြီး ဖြစ်ကြောင်း၊ The Voice Weekly ဂျာနယ်ကိုလည်း ဖိတ်ထားကြောင်း ၎င်း က ဆက်ပြောသည်။
ဒေါက်တာဆိတ်ဖွားသည်“ဥပဒေရဲ့ အထက်မှာ လွှတ်တော် ရှိသလား” ခေါင်းစဉ်ဖြင့် အွန်လိုင်း ဘလော့ဂ် စာမျက်နှာတခု တွင် ရေးသားခဲ့၍ ထိုဆောင်းပါးသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေသည်ဟု ဆိုကာ ဒေါက်တာ ဆိတ်ဖွားအား စုံစမ်းဖော်ထုတ်ရန် အရေးကြီး အဆိုတခုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင် က ဇန်နဝါရီလဆန်းတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဦးဖုန်းမြင့်အောင် က“တံခါးပိတ်ပြီး အတင်းအကျပ် ပုံစံနဲ့စစ်ဆေးတာမျိုးတော့ မဟုတ်ဘူးပေါ့၊ မီဒီယာတွေက သူတို့သိထား တာတွေ ပြောပြဖို့၊ ကျနော်တို့ သိချင်တာတွေမေးမြန်းဖို့ပါ၊ အဓိက တော့ ဆက်သွယ်ရေးပါ၊ ဆက်သွယ်ရေး ဖြတ်ပြီးမှ အင်တာနက်ပေါ် တင်လို့ရတာ၊ မကြာခင် အစီရင်ခံစာ ထုတ်ပြန်နိုင်မှာပါ”ဟုလည်း ပြောဆိုသည်။
စုံစမ်းရေး ကော်မရှင်သည် ဒေါက်တာ ဆိတ်ဖွားမည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ငံရေးအတွက် စုံစမ်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေပြီ ဖြစ်ကာ လက်ရှိကျင်းပဆဲ ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးအဆုံးသတ်မည့် ယခုလ အတွင်း အစီရင်ခံစာထုတ်ပြန်နိုင်မည်ဟု သိရသည်။
ကော်မရှင်အဖွဲ့ဝင် တဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ ကမူ ယခုကိစ္စသည် လူပုဂ္ဂိုလ် ဖော် ထုတ်စုံစမ်းမှု ဖြစ်သည့်အတွက် အစီရင်ခံစာ မထွက်မီ အသေးစိတ် ပြောဆိုရန် ခက်ခဲ ကြောင်း ဧရာဝတီ ကိုပြောသည်။
ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် အမျိုးသားလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးမြညိမ်း၊ ဒု ဥက္ကဋ္ဌ အဖြစ် ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ တ့ိုဖြစ်ပြီး လွှတ်တော်နှစ်ရပ်စလုံးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦးဖြင့် ဇန်နဝါရီ လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အပေါ် လူအများ၏ ဝေဖန်မှုများရှိခဲ့သော်လည်း နောင်တွင် ဒေါက်တာ ဆိတ်ဖွားကဲ့သို့ လွှတ်တော် ဂုဏ်သိက္ခာထိခိုက်စေမည့် ကိစ္စမျိုး မလုပ်ဆောင်ရန် သတိပေးလိုသည့်အတွက် ကော်မရှင်ဖွဲ့ရခြင်း ဖြစ်ကြောင်း၊ ဒေါက်တာ ဆိတ်ဖွားသည် သာမန်ပြည်သူ တဦး မဟုတ်ကြောင်းလည်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။
လသာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကမူ ၎င်း အနေဖြင့် ဒေါက်တာ ဆိတ်ဖွား စုံစမ်းရေး ကော် မရှင် ကိစ္စ မထောက်ခံကြောင်း၊ ပြည်သူများ အနေဖြင့် လွှတ်တော်အပေါ် လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိကြောင်း ဧရာဝတီ ကိုပြောသည်။
“ပြည်သူတွေ အနေနဲ့ဆိုရင်တော့ ကြိုက်သလို ဝေဖန်လို့ ရပါတယ်၊ ဒါပေမယ့် အစိုးရ အဖွဲ့ထဲက ဆိုရင်တော့ ဒီလိုမျိုး မဝေ ဖန် သင့်ဘူးပေါ့၊ ဘာကြောင့်လည်း ဆိုတော့ အစိုးရ အဖွဲ့ဆိုတာလည်း ပြည်သူက ရွေးကောက် တင်မြှောက်ထားလို့ပါပဲ”ဟု ဆို သည်။
ဒေါက်တာ ဆိတ်ဖွား ကိစ္စနှင့်ပတ်သက်၍ ခေါ်ယူမေးမြန်းခံခဲ့ရသော ဦးခင်မောင်ညို (ဘောဂဗေဒ) နှင့် အလဲဗင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။