Health

ဆေးရုံဆေးခန်းများကို အမြန်ဆုံး ထောက်ပံ့ရန် လို

This article has been converted from Zawgyi One to Unicode

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံဆေးခန်းများ၏ ပြည့်သူ့ကျန်းမာရေး ဝန်ဆောင်မှု အမှန်တကယ် ထိရောက်မှုရှိရန် အမြန်ဆုံး ထောက်ပံ့ကူညီရန် လိုအပ်နေပြီဖြစ်ကြောင်း လူထုကျန်းမာရေးဝန်ထမ်းများက ပြောဆိုလာကြသည်။

”၂၀၁၂-၁၃ခုနှစ်မှာ ကျန်းမာရေး ဘတ်ဂျက်တွေကို တိုးမြှင့်ချထားပေးလိုက်ပေမယ့် လူထုကျန်းမာရေးက တိုးတက်မလာသေးဘူး။ ဆေးရုံဆေးခန်းတွေမှာ ဆေးဝါးလည်း မပြည့်စုံဘူး။ကျန်းမာရေး ဝန်ထမ်း အင်အား တိုးတက်လာတာလည်း မရှိဘူး။ အခုမှ ဆေးဝါးတွေကို တင်ဒါခေါ်တဲ့ အဆင့်ပဲ ရှိသေးတယ်ဆိုတော့ နှစ်စကတည်းက လုပ်ရမယ့်ကိစ္စကို နှစ်ဆုံးမှ ဝန်ကြီးဋ္ဌာနက ထလုပ်တာ သဘာဝမကျဘူး” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် HIV/AIDS ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသူလည်းဖြစ်သူ ဒေါ်ဖြူဖြူသင်းက ပြောသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးအသုံးစရိတ်တွင် ဆေးရုံဆေးခန်းများအတွက် ဆေးဝါးပစ္စည်းများထောက်ပံရန် ကျပ် သန်း ၅၀၀ သုံးစွဲမည် ဖြစ်ကြောင်း၊ ယခုအခါ
ဆေးဝါးပစ္စည်းများ တင်သွင်းရန် ဆေးကုမ္ပဏီများထံ တင်ဒါခေါ်ယူထားကြောင်း ကျန်းမားရေးဝန်ကြီးဋ္ဌာန၏ စီမံကိန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ရှင်းပြခဲ့ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ သဘောထားမှတ်ချက်ပေး ပြောဆိုခြင်း ဖြစ်သည်။

၂၀၁၂-၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်မှာ အစိုးရအသုံးစရိတ် စုစုပေါင်း၏ ၄ ရာခိုင်နှုန်းရှိပြီး ကျပ်သန်းပေါင်း ၁၉၇,၉၃၁. ၃၈၇ ကို သုံးစွဲမည်ဟု သိရသည်။ ယင်းအသုံးစရိတ်ထဲမှ ကျပ်သန်းပေါင်း  ၅၀၀ ကျပ်ကို ဆေးရုံဆေးခန်းများအတွက် ဆေးဝါးပစ္စည်းများထောက်ပံရန် အသုံးပြုခြင်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် အစိုးရဆေးရုံဆေးခန်းများ၌ အခြေခံ လိုအပ်သော ပတ်တီး၊ ဂွမ်း၊ အရက်ပြန်ကဲ့သို့သော ဆေးပစ္စည်းများကိုပင် ဝယ်ယူရန် ဆရာဝန်များအနေဖြင့် Ward Fund ဟုခေါ်သော ရန်ပုံငွေတစ်ရပ်ကို တတ်နိုင်သော လူနာများထံမှ အလှူခံကာ မတတ်နိုင်သော လူနာများအတွက် စရိတ်မျှပေး ထောက်ပံပေးနေရကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာသီဟသစ်က ပြောသည်။

“ဆေးရုံဆင်း လက်မှတ်ထိုးခိုင်းတဲ့အခါမှာ လူနာရှင်တွေဆီက ကျနော်တို့ကိုယ်တိုင် အလှူခံတယ်။ တချို့ကလည်း ဝမ်းသာအားရ လှူသွားကြတယ်။ ငါးရာမျိုး တစ်ထောင်မျိုး ပေးတဲ့သူလည်း ရှိတယ်။ အဲဒီကရတဲ့ ပိုက်ဆံလေးနဲ့ Ward က ဆေးပစ္စည်းလေးတွေ ဝယ်ရတယ်။ တကယ်လို့ သာ အစိုးရက ထောက်ပံနိုင်ရင် Ward က ရတဲ့ Fund နဲ့ပေါင်းလိုက်ရင် လူနာတွေ ဆေးဝယ်ဖို့ မလိုတော့ဘူး။ အခုက ဆေး ၁၀ မျိုးလောက်လိုရင် ၄ မျိုးလောက်ကို လူနာတွေကို ဝယ်ခိုင်းတဲ့အခါ သူတို့ကလည်း အကုန်ဝယ်ခိုင်းတယ် ထင်နေကြတယ်”ဟု
ဒေါက်တာသီဟသစ်က ဆိုသည်။

ဆေးရုံတွင် အချို့လိုအပ်သော ဆေးဝါးများအတွက် ဆေးကုမ္ပဏီများက အခမဲ့ ထောက်ပံပေးလျက် ရှိကြောင်း၊ ဆေးရုံတွင် သုံးစွဲလျက်ရှိသော ဆေးဝါးများ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ပြင်ပကုမ္ပဏီများထံမှ ဝယ်ယူရသော ဆေးဝါးများဖြစ်ကြောင်း ဒေါက်တာသီဟသစ်က ဆိုသည်။

အလုံမြို့နယ်ရှိ ရန်ကုန် အမျိုးသမီးဆေးရုံကြီးတွင် ကလေးမွေးဖွားခဲ့ရာ ကုန်ကျစရိတ် ၇ သိန်းခန့်အထိရှိခဲ့ပြီး အမွှေးရိတ်ရန်အတွက် လိုအပ်သော ဓားကိုပင် ဝယ်ယူသုံးစွဲရကြောင်း အသက် ၃၉ အရွယ် ကလေးအဖေ ကိုနိုင်က ပြောသည်။

”ဆေးရုံကို ဝင်လိုက်ကတည်းက ဘယ်လိုခံစားရလဲဆိုရင် ဆေးရုံ လူနာစောင့်တွေရဲ့ မျက်လုံးက သားရဲတွေလိုပဲ။ သူတို့ကို လက်တွန်းလှည်း တွန်းတာ၊ အခန်းပြင်တာက အစ ပိုက်ဆံပေးရတယ်” ဟု ကိုနိုင်က ကြုံတွေ့ရသည့် အတွေ့အကြုံကို ပြောပြသည်။

အစိုးရဆေးရုံများကို လူနာများ အားကိုးမှု လျော့ကျလာခြင်း၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများသို့ သွားလျှင်လည်း ကုန်ကျစရိတ် များပြားခြင်းတို့ကြောင့် ကုသိုလ်ဖြစ်ဆေးခန်းများသို့ အားကိုးတကြီး လာရောက် ကုသသူ များပြားကြောင်း၊ သို့ရာတွင် လာသမျှ လူနာ အားလုံးကို ကုသမပေးနိုင်ဘဲ တုံကင်စနစ်ဖြင့် လူဦးရေ ကန့်သတ် ကုသပေးနိုင်ကြောင်း သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် စေတနာ့ဝန်ထမ်း ကုသပေးနေသော ဆရာဝန် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။

” အစိုးရဆီကရတဲ့ အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုကလည်း အရည်အသွေးမမီပဲ ပါရာစီတမော့နဲ့ စီဗစ် လောက်ပေးမယ် ဆိုရင်တော့ အလကားပဲ။ ပြည်သူတွေက အရည်အသွေး ပြည့်ဝတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရသင့်ပါတယ်” ဟု မသီတာက ပြောသည်။

ချင်းပြည်နယ်တွင် နယ်လှည့်ကျန်းမာရေးစနစ် ထူထောင်နေသူ ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဝင်းလှိုင်ဦးကလည်း ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ လွှတ်တော်တွင် ပြောကြားချက်များကို
နားထောင်ရသည်မှာ တိုင်းရင်းသားဒေသများအတွက် ရှေ့ဆက်ဆောင်ရွက်ပေးမည့် တိကျသော လုပ်ငန်းစဉ်များ မရှိဟု ခံစားထင်မြင်မိပြီး ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားဒေသများရှိ လူထု၏ ကျန်းမာရေးကို အလေးမထားသည်မှာ ပေါ်လွင်ကြောင်း ပြောဆိုသည်။

သူ၏အဆို  ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ရွာပေါင်း ၇၅ ရွာတွင် မြို့နယ်ဆရာဝန် တဦးသာရှိပြီး ရွာများတွင်လည်း ကျေးလက် ကျန်းမာရေး ဋ္ဌာနခွဲ ဆိုင်းဘုတ်သာရှိကာ ရံဖန်ရံခါသာ လာရောက်သော ကျေးလက် ကျန်းမာရေးမှူးများထံမှ ဆေးဝါးများမှာလည်း ဈေးကြီးသောကြောင့် ဒေသခံများ မတတ်နိုင်ကြောင်း သိရသည်။

“မြို့နယ်ဆေးရုံမှတောင် ဆေးဝါး လုံလုံလောက်လောက် မရှိဘူး။ ဒါပေမယ့် ဆရာဝန် အချိန်ပိုင်း ဖွင့်တဲ့ဆေးခန်းမှာတော့ ရနိုင်တယ်”ဟု ဦးဝင်းလှိုင်ဦးက ဆိုသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် ဘတ် ၃၀ ရှိရုံဖြင့် မည်သည့်ရောဂါမဆို တက်ရောက်ကုသနိုင်ကြောင်း၊ မြန်မာအစိုးရ၏ စရိတ်မျှပေး ကျန်းမာရေးစနစ်မှာ နာမည်ခံသာရှိပြီး လက်တွေ့တွင် လူနာများက အလုံးစုံ မိမိဘာသာ ဝယ်ယူသုံးစွဲနေရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

”ဘီလီယံ ၅၀၀ ကို ၂၀၁၂-၁၃ ဘတ်ဂျက်ကုန်ကာနီးမှ စုပြီးသုံးစွဲတာကို တွေ့ရတယ်။ နှစ်စကတည်းက သေချာ ဘယ်တော့ ဘယ်လောက် သုံးစွဲမယ် ဆိုတာကို စီမံကိန်းချခဲ့ရမှာ။အခုမှ စုဝယ်တော့ ဆေးတွေက ဝယ်လို့ မရတော့ဘူး။ နိုင်ငံခြားက မှာလို့ မ၇တာနဲ့ ပြသနာတွေဖြစ်နေတယ်လို့ ပြောတာပဲ”ဟု ကျန်းမာရေးဝန်ကြီး၏ စကားကို ကိုးကား၍ ဒေါ်ဖြူဖြူသင်းက
ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်မှ ဒေါက်တာကျော်စွာဦးကလည်း ပြည်သူ့ကျန်းမာရေးမြှင့်တင်ရန် အစိုးရက ဘတ်ဂျက်များ ပိုမိုသုံးစွဲရာတွင် ကုသရေးပိုင်းတွင်သာမက ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ပြည်သူအကြား သိရှိ နားလည်စေရန် လူထုပညာပေး အစီအမံကောင်းများအတွက်လည်း
လိုအပ်ကြောင်း ပြောဆိုသွားခဲ့သည်။

Loading