Military

စစ်တပ်က သိမ်းခဲ့သည့်မြေဧက ၂ သိန်းခွဲရှိဟုဆို

This article has been converted from Zawgyi One to Unicode

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။

လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်သည် စုံစမ်းတွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အနှစ်ချုပ်၍ အစီရင်ခံစာ အပိုင်း ၁ ကို ရေးသားပြုစုခဲ့ကာ စစ်တပ်မြေ သိမ်းမှုနှင့် ပတ်သက်သော ယင်းအစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့သည်။

တပ်မတော်မှ သိမ်းဆည်းထားသော လယ်မြေများအကြောင်းကို လွှတ်တော်သို့ ပထမဆုံးတင်ပြရခြင်းမှာ အမှုကိစ္စအားဖြင့် အရှုပ်အရှင်း နည်းခြင်း၊ အချက်အလက် ပြည့်စုံခြင်းနှင့် တပ်မတော်မှ သိမ်းဆည်းထားသောမြေဟု ထင်ရှားခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် များအရ စစ်တပ်မြေ သိမ်းမှုများတွင် အမိန့်ညွှန်ကြားချက်နှင့် မညီသော ကိစ္စရပ်များ ပါဝင်နေခြင်း၊ လိုအပ်သည်ထက်ပို၍ သိမ်းဆည်းထားခြင်း၊ တပ်မြေနှင့် တိုက်ရိုက် မသက်ဆိုင်သော နေရာများကို သိမ်းဆည်းထားခြင်း၊ ပိုမိုသိမ်းဆည်းထားသော စိုက်ပျိုးမြေပေါ်တွင် မူလလယ်လုပ်ပိုင်ခွင့်ရ တောင်သူကို သီးစားခရယူ အငှားချထားပြီး တပ်ရင်းတပ်ဖွဲ့မှ ကိုယ်တိုင်စိုက်ပျိုးမှု မရှိခြင်း၊ မြေယာလျော်ကြေး သီးနှံလျော်ကြေးများကို သိမ်းဆည်းစဉ်က ကာလတန်ဖိုး ပေါက်ဈေးနှင့် ညီညွတ်မျှတစွာ ပေးလျော်မှုမရှိခြင်း၊ ကြက်ဆူစိုက်ပျိုးရေးကို အကြောင်းပြု၍ မြေယာများ သိမ်းဆည်းထားပြီး စီမံကိန်းပျက်ပြယ် သွားသော်လည်း မြေများကို စွန့်လွှတ်ခြင်းမပြုဘဲ သီးစားချထားခြင်း၊ မြေနုကျွန်းများကို စိုက်ပျိုးခွင့် လျှောက်၍ တောင်သူများကို သီးစားချခြင်း၊ လယ်ယာမြေလျော်ကြေး၊ အိမ်ပြောင်းရွှေ့စရိတ်နှင့် သီးနှံ လျော်ကြေးများ ပေးရာတွင် တပ်ရင်းတပ်ဖွဲ့တခုနှင့်တခု မတူညီဘဲ နှုန်းထားအမျိုးမျိုး ဖြစ်နေခြင်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အညီ သိမ်းဆည်းခဲ့သော်လည်း အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းများ ပြီးစီးစေရန် ဆောင်ရွက်မှု မရှိခြင်းနှင့် မြေသိမ်း အမှုတွဲများရှိ မြေသိမ်းခံ ပြည်သူများ၏ ထိုးမြဲလက်မှတ် တချို့သည် အစစ်အမှန်မဟုတ်ကြောင်း တွေ့ရှိရခြင်းတို့ ပါဝင်သည်။

“ပတောင်းမှာ စစ်တပ်က ကပစ စက်ရုံအတွက် အကြောင်းပြ မြေသိမ်းတယ်။ ပွင့်ဖြူမှာကျတော့ ဝါစိုက်ပျိုးရေးဆိုပြီး အကြောင်းပြ သိမ်းတယ်။ ဘယ်လိုပဲ သိမ်းသိမ်း စီမံကိန်းက အခုအချိန်မှာ အကောင်အထည် မပေါ်တော့ဘူးလို့
သုံးသပ်လို့ရတယ်။ လိုအပ်တာထက် ပိုသိမ်းထားတာရယ်၊ အကောင်အထည် ဖော်မပေးနိုင်တာတွေ ရှိတဲ့အတွက် လယ်ယာမြေပုဒ်မ ၃၁ အရ ခွင့်ပြုပေးထားတဲ့ ၆ လအတွင်း လုပ်ငန်းမလုပ်နိုင်ရင် လယ်သမားကို ပြန်ပေးရမယ်ဆိုတာ ရှိတဲ့အတွက် အခု ကျနော်တို့ လယ်သမားတွေ လယ်မြေပြန်ရဖို့ ကြိုးစားနေကြတယ်” ဟု လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဟန်ရှင်ဝင်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော ဗဟို မြေယာစီမံခန့်ခွဲမှု ကော်မတီသည် အလုပ်မလုပ်သောကြောင့် မြေယာဥပဒေနှင့် နည်းဥပဒေတို့မှာ အသက်မဝင် ဖြစ်နေ ရကြောင်း၊ ပြဿနာများကို အချိန်မီ ဖြေရှင်းမပေးနိုင်ပါက ပိုမိုရှုပ်ထွေးလာပြီး မအူပင် လယ်သမားကိစ္စကဲ့သု့ိ ပဋိပက္ခ ပိုကြီးထွား လာနိုင်ကြောင်း ဦးဟန်ရှင်ဝင်းက သုံးသပ်ပြောဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ များအနက် အသုံးပြုခြင်း မရှိသေးသည့် မြေများကို တောင်သူလယ်သမားများ ထံသို့ ပြန်လည်ပေးသွားမည်ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌသို့ ပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လယ်မြေကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့မှာ တွေ့ပြီးပြီ။ သူပြောတာကတော့ တပ်နဲ့ ဝေးတဲ့နေရာ တွေမှာ သူတို့သိမ်းထား တာတွေကို ပြန်ပေးမယ်။ လယ်သမားတွေကို သီးစား ချထားခွင့် မရှိဘူးဆိုပြီး သူတို့ ညွှန်ကြား ချက်တွေ ထုတ်ပြီးသားတဲ့။ ကိုယ်တိုင်လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် လယ်သမားတွေကို ပြန်ပေးဖို့ ပြောပြီးပြီတဲ့။ နစ်နာကြေး တွေကိုလည်း စဉ်းစားပြီး ပြန်ပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

သိမ်းဆည်းထားသည့် မြေကို သိမ်းဆည်းစဉ်က မူလကြံရွယ်ချက်နှင့်အညီ အသုံးမပြုပါက သက်ဆိုင်ရာ ပိုင်ရေးဆိုင်ခွင့် ရှိသူများကို ပြန်လည်ပေးအပ်ရန် သို့မဟုတ် နိုင်ငံတော်အား ပြန်လည်ပေးအပ်ပြီး နိုင်ငံတော်မှသာ စီမံခန့်ခွဲမှု ပြုသင့်ကြောင်း ကော်မရှင်က သုံးသပ်ထားသည်။

လယ်မြေသိမ်းဆည်းမှုများတွင် ဋ္ဌာနဆိုင်ရာများသည်လည်း မြေသိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လိျှု့ဝှက်အဆင့်မရှိသော စာရင်းဇယား အထောက်အထား စာရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်းသည့်အခါ သက်ဆိုင်ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ ပြုမှုခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဋ္ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများသည် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။

မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။

Loading