ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြောင်းလဲခန့်အပ်ပေးရန် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူများက ကျောက်တန်းမြို့နယ်ရှိ မင်းကျောင်း ဘုရားရှေ့ကွင်းတွင် ယနေ့နံနက်က ဆန္ဒ ထုတ်ဖော်ခဲ့သည်ဟု သိရသည်။
ထိုသို့ ဆန္ဒပြရခြင်းသည် အများပြည်သူ ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးကို မခန့်အပ်ဘဲ ယခင် အုပ်ချုပ်ရေးမှူး ဦးအေးလွင် ကိုသာ ပြန်လည် ခန့်အပ်မှုကြောင့် ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သော ကိုအေးထွန်းက ဧရာဝတီသို့ ပြောသည်။
ဦးအေးလွင်သည် ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအုပ်စု၊ ဘေးပေါက် ကျေးရွာအုပ်စု၊ ကုန်းတန်းကျေးရွာအုပ်စု၊ တပ်ရာကုန်း ကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု ၄ ခုကို တာဝန်ယူထားပြီး ယင်းကျေးရွာအုပ်စုများထဲတွင် ကျေးရွာပေါင်း ၁၂ ရွာပါဝင်သည်။
“အခု အုပ်ချုပ်ရေးမှူးက ဆယ်နှစ်လောက် လုပ်ခဲ့ပြီးပြီ။ ကျေးရွာတွေလည်း ဘာမှ မတိုးတက်ခဲ့ဘူး။ အသစ် ရွေးချယ် ခန့်အပ်တော့လည်း သူပဲ ဆိုတော့ ကျေးရွာက ပြည်သူတွေ ဆန္ဒပြတာပေါ့” ဟု ၎င်းက ဆိုသည်။
ယခင်အုပ်ချုပ်ရေးမှူးသည် ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ တနှစ်ကို နှစ်ကြိမ်နီးပါး ပြည်သူများထံမှ ပိုက်ဆံ ကောက်ယူ ခဲ့သည့်အပြင် ကျေးရွာ မြေကွက်များကိုလည်း မြေစာရင်းဌာနနှင့် ပူးပေါင်းကာ မသမာသောနည်းဖြင့် မြေဂရမ်များ ပြုလုပ်ခဲ့သည် ဟု ဒေသခံ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“ကျနော်တို့က အုပ်ချုပ်ရေးမှူးကို ဖြုတ်လို့မရဘူးလေ။ အဲဒါကြောင့် ဖြုတ်ပေးအောင်လို့ ဆန္ဒပြနေတာပါ။ ဒီအုပ်ချူပ်ရေးမှူးကို ဖြုတ်ပေးရင် ကျေနပ်တယ်။ မဖြုတ်မချင်း ဆန္ဒပြနေမယ်” ဟု ကိုအေးထွန်းက ဆိုသည်။
ဆန္ဒပြ ပြည်သူများသည် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု အမှန်တရား ပေါ်ပေါက်ရေး၊ ပြည်သူ့ဆန္ဒ အမှန် ဖော်ဆောင်ရေး၊ ပြည်သူ ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးအား အတည်ပြုပေးရေးနှင့် ပြည်သူအတွက် ဆောင်ရွက်မည့် အုပ်ချုပ်ရေးမှူး ပေါ်ထွန်းရေး စသည်ဖြင့် ကြွေးကြော်ကာ ဆန္ဒပြကြသည်။ သက်ဆိုင်ရာက ထိုဆန္ဒပြမှုအား နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ လူဦးရေ ၅၀၀ နီးပါးဖြင့် ခွင့်ပြုပေးထားသည်ဟု သိရသည်။
“အဲဒီ အုပ်ချုပ်ရေးမှူးလုပ်တာ ဈေးဆိုင်တွေဆိုရင် တကြိမ်ကို ကျပ် ၁ သောင်းခွဲနဲ့ တနှစ်ကို နှစ်ကြိမ်ပေးရတယ်။ ကျေးရွာ ဖွံ့ဖြိုးမှု ဆိုပြီး သုံးလတကြိမ် ပိုက်ဆံ ၃ ထောင်လောက် ကောက်တယ်။ ပြီးတော့ ကျေးရွာမှာ ဘာမှမဖွံ့ဖြိုးဘူး။ တနှစ်ထက် တနှစ် ပိုပြီး စုတ်ပြတ်လာတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
အုပ်ချုပ်ရေးမှူးအဖြစ် မည်သူ့ကို မဆို လက်ခံနိုင်သော်လည်း ယခင်အုပ်ချုပ်ရေးမှူးကို လုံး၀ လက်မခံနိုင်ကြောင်း၊ အုပ်ချုပ်ရေးမှူး အနေနှင့် မြို့နယ်နှင့် ကျေးရွာ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာအာဇီဝကျကျ ဆောင်ရွက်သင့်ကြောင်း၊ ယခင် အုပ်ချုပ်ရေးမှူးကိုသာ ခန့်အပ်မည်ဆိုပါက ဆက်လက်ဆန္ဒပြသွားကြမည်ဖြစ်ကြောင်း ကိုအောင်မြင့်က ဆက်ပြောသည်။
ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးအပ်ထားသည့် အာဏာကို အလွဲသုံးစား လုပ်ကာ ရပ်ကွက်ပိုင် မြေနေရာများကို ကိုယ်ကျိုးအတွက် အငှားချခြင်း၊ ရောင်းစားခြင်း၊ ရပ်ကွက်ကျေးရွာနေ ပြည်သူ များကို အနိုင်အထက်ပြု ဆက်ဆံခြင်းများရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားလာပါက ထိရောက်သည့် အရေးယူ ခြင်းများ ပြုလုပ်လျှက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေး ကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာသမ္မာဓိ ရှိသည့် ပုဂ္ဂိုလ်တဦးဦးအား ဥပဒေနှင့်အညီ တာဝန်ပေး ဆောင်ရွက် ရမည်ဟု သတ်မှတ်ပြဌာန်း ထားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များကို လစဉ်ချီးမြှင့် ထောက်ပံ့ငွေ တဦးလျှင် ကျပ် ၇၀၀၀၀၊ အုပ်ချုပ်ရေးရုံး တရုံးလျှင် လစဉ်အသုံးစရိတ် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ၁၆၆၇၉ ခု အတွက် လစဉ်ထောက်ပံ့ကြေးနှင့် ရုံးအသုံးအဆောင် စရိတ်ငွေ တနှစ်လျှင် ကျပ်သန်းပေါင်း ၂၄၀၁၇. ၇၆ သန်း ကုန်ကျ သုံးစွဲနိုင်ရန် အစီအစဉ် ရေးဆွဲနေပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေး နည်းဥပဒေကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။