မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ကြရင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည၁၁နာရီအချိန်ခန့်က ဒေသခံ ရွာသူ ရွာသားများနှင့် ရဲများ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ရဲက ဖမ်းဆီးထားသူများကို မလွှတ်ပေးသေးရုံမက ဆက်လက် ဖမ်းဆီးမှုများကိုလည်း ဆောင်ရွက်လျှက် ရှိနေသေးသည်။
“နှစ်ကျပ်ခွဲ ပြဿနာအတွက် တိုင်းလျှပ်စစ်ကနေ အမှုဖွင့်ထားပါတယ်။ အဲဒီလို အမှုဖွင့်ထားတဲ့ အတွက် ရဲလုပ်ငန်းအရ တရားခံလို့ ယူဆရတဲ့သူတွေကို ကျနော်တို့ ဖမ်းဆီးတာပါ။ နောက်ပြီး အမှုအတွက် အခင်းဖြစ်တဲ့နေရာမှာ ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့လူတွေကို လိုအပ်ရင်လည်း ကျနော်တို့ ဖမ်းဆီးတာတွေ လုပ်သွားဦးမှာပါ” ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
ယင်း အမှုအခင်းတွင် ရွာသူ ရွာသား ၄ ဦး ဒဏ်ရာရရှိ ဆေးရုံတက်ခဲ့ရပြီး ရဲ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရဲများ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိသူများမှာ ဦးသိန်းဝင်း (၆၂) နှစ်၊ ဦးကြီး (၆၅) နှစ်၊ ဒေါ်ကံမီ အသက် (၅၀) နှစ်တို့ ဖြစ်သည်။ ယင်းသုံးဦးမှာ ကျောက်ပန်းတောင်း ဆေးရုံတွင် ၇ ရက်ကြာ ဆေးကုပြီး ပြန်လည်ဆင်းခဲ့ပြီ ဖြစ်သည်။ ဆေးရုံတွင် ၁ ဦး ဆက်လက် ကုသနေသေးကြောင်းလည်း သိရသည်။
ဒဏ်ရာရရှိသူများ ဆေးရုံဆင်းသည့် အချိန်တွင် ကျောက်ပန်းတောင်း ရဲစခန်းမှူးက လာရောက် ဖမ်းဆီးသေးကြောင်း၊ သို့သော် ကျောက်ပန်းတောင်းမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်၏ မေတ္တာရပ်ခံချက်ကြောင့် နေရပ်ဒေသသို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့လူတွေက ဆေးရုံက ဆင်းတော့ မပြန်ရဲတာနဲ့ ကျနော်တို့ကို အကူအညီ တောင်းတယ်။ ဒါနဲ့ ကားစီစဉ်ပေးလိုက်ပါတယ်။ ဒဏ်ရာရတဲ့လူတွေ ကားပေါ်တက်ပြီးတဲ့ အချိန်မှာ စခန်းမှူးက ရောက်လာပြီး ဒီလူတွေက ရဲဥပဒေပုဒ်မနဲ့ အမှုတွဲထဲမှာ ပါနေတဲ့အတွက် ခေါ်ဖို့ လုပ်ပါတယ်။ ဒါနဲ့ ကျနော်တို့ အထက်က ဒေါက်တာ ဇော်မြင့်မောင်နဲ့ ချိတ်ပေးလိုက်တာပါ” ဟု ကျောက်ပန်းတောင်း မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးစိန်ညိုက ပြောသည်။
ယင်းဖြစ်ပွားမှုကြောင့် နှစ်ကျပ်ခွဲကျေးရွာရှိ အိမ်ခြေ အချို့ပျက်စီးခဲ့ပြီး NLD ပါတီရုံးလည်း ပျက်စီးခဲ့သည်။
NLD ပါတီရုံး ပျက်စီးခြင်းနှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင် ကျောက်ပန်းတောင်းမြို့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က “မီးလင်းရေးကိစ္စ ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုဖြစ်လို့ ရဲအင်အား အများကြီး သုံးရတာလဲဆိုတာ ကျနော် မစဉ်းစားတတ်ဘူး။ အေးဆေး ဖြေရှင်းရင်ကော မရကြဘူးလား။ ဘာလို့ ရဲတွေ ခေါ်လာရတာလဲ။ ဘာမှ မဖြစ်တဲ့ နယ်မြေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာလည်း မရှိ၊ သပိတ်စခန်း ဖွင့်ထားတာလည်း မရှိ၊ မတည်ငြိမ်တဲ့ နယ်မြေလည်း မဟုတ်ဘဲနဲ့ ဒီကိစ္စကို ဥပဒေလမ်းကြောင်းအရ မဖြေရှင်းဘဲနဲ့ အကြမ်းဖက်တဲ့နည်းတွေကို သုံးပြီး ဘာကြောင့် ဖြေရှင်းခဲ့တာလဲ။ မီးလင်းရေး ပြဿနာအတွက်နဲ့ ဘာမှ မဆိုင်တဲ့ NLD ရုံးက ဘာကြောင့် ပျက်ရတာလဲ။ အလံတွေ ရိုက်ချိုးခံရတယ်။ တရားဝင် မှတ်ပုံတင်ထားတဲ့ ပါတီရုံးလေ။ မှတ်ပုံတင်ကျပြီးသား ဖြစ်တဲ့အတွက် ဒါကို အုပ်ချုပ်ရေးပိုင်းက တာဝန်ယူ စောင့်ရှောက်ရမယ့် အပိုင်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ ဒီရုံးကြီး ပျက်စီးသွားရတဲ့ အပိုင်းနဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။
အခင်းဖြစ်ပွားရာနေရာသို့ ဒေါက်တာ ဇော်မြင့်မောင်သည် မတ်လ ၁ ရက်နေ့စတင်ကာ ၂ ရက်ကြာ ကွင်းဆင်းလေ့လာခဲ့သည်။
အဆိုပါ ဖြစ်ပွားမှုတွင် ရွာသူ ရွာသား ၅ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ဖမ်းဆီးထားသည်။ နှစ်ကျပ်ခွဲ ကျေးရွာရှိ ဘုရားလှုပ်စေတီ ကျောင်းထိုင်ဆရာတော် ဦးကောသလ္လကို လူဝတ်လဲ ဖမ်းဆီးထားခြင်းဖြစ်သည်။
တခြား ဖမ်းဆီးခံရသည့် ရွာသားများမှာ ဦးတင်ဖေ၊ ဦးစိန်ခွက်၊ ဦးအောင်နိုင်ဦးနှင့် ဦးကံမိုးတို့ ဖြစ်သည်။ ၎င်းတို့မှာ အချုပ်ကျနေသည့် ဦးကောသလ္လထံသို့ သွားရောက် သတင်းမေးမြန်းစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မတ်လ ၁ ရက်နေ့က ကျောက်ပန်းတောင်းမြို့သို့ ဈေးတက်ရောင်းသည့် ကိုယ်ဝန်သည် မထားထားဦးကိုလည်း ဖမ်းဆီးလိုက်သည်ဟု ကျေးရွာသားမှ တဆင့် သိရသည်။
“အခင်းဖြစ်ပွားတဲ့နေ့က တရားခံလို့ ယူဆတဲ့ လူတွေကို ကျနော်တို့ ဖမ်းတာပါ။ ဘုန်းကြီးကို သတင်းလာမေးတာနဲ့လည်း မသက်ဆိုင်ပါဘူး။ တရားလို ထွက်ဆိုချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်၊ လျှပ်စစ်ရုံးက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေရဲ့ အကြောင်းအရာတွေကြောင့် အခင်းမှာ ပါဝင် ကျူးလွန်ခဲ့တဲ့လူတွေကို ဖမ်းဆီးတာပါ” ဟု ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးထားသူများကို ၃၂/ ၃၉၂ ဝတ္တရားနှောင့်ယှက်မှု၊ စီးလာသည့် လျှပ်စစ်ဌာနကားကို လုယက်မှု အစရှိသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ကျောင်းထိုင် ဆရာတော် ဦးကောသလ္လမှာ ဖေဖော်ဝါရီလ ၂၄ရက်နေ့ တိုင်းလျှပ်စစ်ဌာနမှ တာဝန်ရှိသူများ၏ လုပ်ဆောင်ချက်ကို မကျေနပ်သဖြင့် တိုင်းလျှပ်စစ်ပိုင်ကားကို ရွာသားများနှင့် ပိတ်ဆို့ကာ သိမ်းဆည်းခဲ့ကြောင်း၊ တာဝန်ရှိသည့် မြို့နယ် အင်ဂျင်နီယာကို မီးကြိုးဖြတ်တောက်မှုကြောင့် ရင်ဘတ်ကို လက်သီးနှင့် ထိုးခြင်း၊ တရားခံကဲ့သို့ အောက်တွင် ထိုင်ခိုင်ခြင်းနှင့် မီးသမားကို ရိုက်နှက်ရာ နားထင်ထိသွားကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာတွင် ကိုယ်တိုင် ရှိနေသည့် မန္တလေးတိုင်း လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်အေးအေးမင်းက ပြောသည်။
“ကျမတို့က ရွာအကုန်လုံး မီးအလင်းရဖို့သွားပြီး ဆောင်ရွက်တာပါ။ ဒီလို ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး ဆရာတော်က မကျေမနပ်ဖြစ်တယ်။ ဆရာတော်နဲ့ ကျမတို့ ညှိနှိုင်းနေတာ တော်တော်ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဆရာတော်က ဘာတခုမှ လက်မခံခဲ့တာပါ။ ဆရာတော်ကို ညှိလို့သာ ရမယ်ဆိုရင် လွန်ခဲ့တဲ့ ၃နှစ် ကတည်းက တရွာလုံး မီးရနေပြီ။ အခု ကိစ္စမှာလည်း ၁ လပိုင်း ၂၉ ရက်နေ့က တကြိမ်က ညှိနှိုင်းခဲ့သေးတယ်။ ဆရာတော်က သူ သွယ်တန်းထားတဲ့ မီးလိုင်းကနေ ရွာအိမ်ခြေ ၁၄၅ အိမ်ကို မီးပေးထားတာပါ။ ကျန်တဲ့ အိမ် ၇၀၀ ကျော် မီးလိုချင်တဲ့ အနေအထား ရောက်လာပါတယ်။ ဒါနဲ့ မီးလိုချင်တဲ့ ရွာသားတွေကို သူ့မီးလိုင်းထဲကနေ ငွေကျပ် သိန်း ၃၀၀ တောင်းပါတယ်။ ရွာသားတွေက ချက်ခြင်း ငွေပုံချ မပေးနိုင်ပါဘူး။ ဒါနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒီငွေကို စိုက်ထုတ်ပေးပါတယ်။ အဲလို လုပ်ပြန်တော့လည်း ဆရာတော်က လက်မခံပြန်ပါဘူး။ ဆရာတော်က သူ့ဆီက သွယ်တန်းထားတဲ့ မီးလိုင်းအောက်ကနေပဲ ကျန်တဲ့ အိမ်ခြေတွေကို သွယ်တန်းစေချင်တာ။ ဒါကိုလည်း တချို့ရွာသားတွေက လုံး၀ လက်မခံဘူး ဖြစ်နေကြတယ်။ ဒီလိုနဲ့ နှစ်ဘက် ပြဿနာ ကျမတို့က ညပ်ရတာပါ” ဟု သူက ဆိုသည်။
ဆက်လက်၍ “နောက်တော့ လျှပ်စစ်တိုင်းဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ဆရာတော်ကို ဘာသာ သာသနာအတွက် သီးသန့် ၁၀၀ ကေဗီလိုင်း ပေးလိုက်ပါတယ်။ ကျန်တဲ့ ၁၄၅ အိမ်ကို သွယ်တန်းထားတဲ့လိုင်းကို ကျမတို့က ဖြတ်ပြီး ရွာအားလုံးကို စုပြီး ပေးဖို့ လုပ်လိုက်တာပါ။ ဒါကို ဆရာတော်က မကျေမနပ်ဖြစ်ပြီး ဖြုတ်လိုက်တဲ့ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာကို ကိုယ်ထိလက်ရောက် လုပ်တယ်။ တာဝန်အရ လာတဲ့ကားကို ဆရာတော်နဲ့ ရွာက လူတွေက သိမ်းထားတယ်။ ဖြုတ်တဲ့ မီးကြိုးကို ပြန်မတပ်ပေးဘူးဆိုရင် ကားကို မီးရှို့မယ်ပြောတယ်။ ဒါနဲ့ ကျမတို့က အမှုဖွင့်လိုက်ရတာပါ” ဟု ဒေါ်အေးအေးမင်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ဆွေးနွေးပွဲတွင် တိုင်းလျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းကို ယင်း ဆရာတော်မှ လည်ပင်းညှစ်ရန် ကြိုးစားခဲ့သေးကြောင်း ဒေါ်အေးအေးမင်းက ပြောသည်။
ယင်းည အခင်းဖြစ်ပွားရာတွင် ရှိနေသည့် နှစ်ကျပ်ခွဲ ကျေးရွာမှ ကျောင်းထိုင်ဆရာတော်၏ တပည့် ဦးပါသကကမူ “စဖြစ်တာက ရွာလယ်လမ်းက သွယ်တန်းထားတဲ့ မီးကြိုးကို နှိမ့်ပေးမယ်ပြောပြီး မီးကြိုးကို ဖြတ်တောက်လိုက်တယ်။ ဖြတ်ပြီး သူတို့က ထွက်ပြေးတယ်။ ဒါနဲ့ ဆရာတော်နဲ့ ဦးဇင်းတို့က ကားနဲ့လိုက်တယ်။ တွေ့တဲ့အချိန်မှာ ဆရာတော်က မီးပြန်ချိတ်ပေးဖို့၊ ငါတို့ကို မပြောဘဲ ဒီလို မလုပ်ဖို့ ပြောပါတယ်။ နောက်တော့ အပြန်အလှန် ညှိနှိုင်းနေတဲ့အချိန်မှာ လျှပ်စစ်ဌာန ကားတစီးကို လူတယောက် တက်မောင်းပြီး ဆရာတော်ကို တိုက်ဖို့လုပ်တယ်။ ဆရာတော်က ရှောင်လိုက်ပြီး အဲဒီ ကားသော့ကို ယူသိမ်းလိုက်တယ်။ ဆရာတော်က လက်မောင်း ခိုက်မိသွားတယ်။ သင်္ကန်းလည်း ပြဲသွားတယ်။ အဲဒီကားကို ဆရာတော်နဲ့ ရွာသားတွေက ဘာမှတော့မလုပ်ပါဘူး။ ညပိုင်းကျတော့ ဆရာတော်ကို ရဲတွေက လာပြီး ကားပေါ်တင် ဖမ်းသွားတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက အင်အားသုံးပြီး ရွာထဲ ဝင်ရိုက်တာတွေ အပြန်လှန် ခဲတွေနဲ့ ထုတာတွေ ဖြစ်ကုန်တာပါ” ဟု မိန့်သည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ည ၁၁ နာရီကျော်အချိန်တွင် ရဲအင်အား ၁၀၀ ကျော်မှ နှစ်ကျပ်ခွဲကျေးရွာသို့ ဝင်ရောက်ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ညမိုးချုပ်တဲ့အချိန် ကျမတို့ အိမ်ထဲကို ရဲတွေ ခြံစည်းရိုးဖျက်ပြီး ဝင်လာတယ်။ တုတ်တွေနဲ့ ရိုက်တယ်။ ကျမကို တုတ်နဲ့ ရိုက်လိုက်တာ နေရာမှာ သတိလစ်သွားတယ်။ ဆေးရုံရောက်တော့မှ ပြန်ပြီး သတိရတာ။ သူတို့ ရိုက်လို့ ချုပ်လိုက်ရတာ နားထင်နောက်မှာ ၂ ချက် ၃ ခါ ချုပ်ရတယ်” ဟု ဒဏ်ရာရရှိသည့် ဒေါ်ကံမီက ပြောသည်။
“ကျနော်က ကျနော့်ညီမ ရိုက်ခံရတော့ သေပြီဟ၊ သေပါပကော လို့အော်ပြီး ညီမဆီ ပြေးတာ။ ဒါကို ရဲက လမ်းမှ ဖြတ်ပြီး ကျနော့်ကို ရိုက်လိုက်တာ ခေါင်းကွဲသွားတယ်။ နေရာမှာ သတိလစ်တယ်။ ကျနော်လည်း ခေါင်းကို ၅ ချက် ချုပ်လိုက်ရတယ်။ ဆေးရုံတက်ရတာ ၇ ရက်ပါ” ဟု အသက် ၆၅ နှစ်ရှိ ဦးကြီးက ပြောသည်။
ညပိုင်းအချိန် ရဲများ အင်အားသုံး ဝင်ရောက်ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ရဲမှူး ဦးရဲထွဋ်က “ကျနော်တို့က တိုင်တန်းချက်အရ ဆရာတော် ဦးကောသလ္လကို ဝင်ဖမ်းတာပါ။ ဆရာတော်နဲ့ ရွာသားတွေက လျှပ်စစ်ဌာန ကားကို သိမ်းထားတယ်။ ကျနော်တို့က ကြားကနေ ဝင်ညှိပေးပါတယ်။ မိုးတော်တော်ချုပ်သွားတယ်။ ဆရာတော်က ဘယ်လိုမှ လက်မခံတာနဲ့ နောက်ဆုံး ဖမ်းခဲ့ရတာပါ။ ဝင်ဖမ်းတော့ အဲဒီရွာက လူတွေက ကျနော်တို့ ရဲတွေကို တုတ်တွေ၊ ခဲတွေ၊ လောက်စလုံးတွေနဲ့ ပစ်တယ်။ ငရုတ်ရည်တွေကို အိတ်တွေနဲ့ထည့်ပြီး ပစ်တယ်။ အဲဒီကြားထဲကနေ ဆရာတော်ကို ရအောင် ဖမ်းခဲ့ရတာပါ” ဟု ဆိုသည်။
နှစ်ကျပ်ခွဲ ကျေးရွာတွင် အိမ်ခြေ ၈၇၀ ရှိပြီး ဆရာတော် ဦးကောသလ္လ၏ ကြိုးပမ်းမှုဖြင့် အိမ်ခြေ ၁၄၅ အိမ် မီးရရှိပြီး ၇၂၅ အိမ်မှာ မီးမရရှိသေးကြောင်း သိရသည်။ ဆရာတော်မှ ဘုရားမီး၊ ကျောင်းတိုက်နှင့် ရွာအတွက် ၁၀၀ ကေဗီ လိုင်းသွယ်တန်းထားသည်။
ကျန်သည့် မီးမရရှိသည့် အိမ်ခြေကိုလည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က မီးရရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
တိုင်းလျှပ်စစ်မှ ဆရာတော် ဦးကောသလ္လ ဘာသာသာသနာ အသုံးပြုရန်အတွက် ၁၀၀ ကေဗီကို အသုံးပြုခွင့်ပေးထားပြီး ရွာပေါင်း ၈၇၀ အတွက် ၃၁၅ ကေဗီကို အသုံးပြုခွင့် ချပေးလိုက်ကြောင်း၊ ယင်းအတွက် ဆရာတော်မှ မီးပေးထားသည့် အိမ်ခြေ ၁၄၅ အိမ်သို့ သွယ်တန်းထားသော မီးကြိုးကို ဖြတ်တောက်ရခြင်းဖြစ်ကြောင်း၊ အိမ်သို့ ပေးသည့် မီးကြိုးကို ဖြတ်တောက်ပြီး ရွာအားလုံးကို ၃၁၅ ကေဗီလိုင်းမှ ထုတ်လွှတ်ပေးမည် ဖြစ်ကြောင်း၊ အိမ်သို့ သွယ်တန်းထားသည့် မီးကြိုးကို ဖြတ်တောက်သော်လည်း ဆရာတော်၏ ဘုရားနှင့် ကျောင်းမှာ မီးပြတ်ခြင်း မရှိကြောင်း၊ သို့သော် ဆရာတော်မှ ယင်းကို လက်မခံဘဲ ရွာဘက်တွင်ပေးသည့် မီးကို ပြန်လည် တပ်ဆင်ခိုင်းရာမှ နှစ်ဘက် အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ကြောင်း သိရသည်။