သတင်း

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း မအူပင် မြို့နယ် မလက်တိုရွာမှာ လယ်သိမ်းခံ လယ်သမားများနဲ့ လုံခြုံရေး ယူတဲ့ ရဲတို့ ပဋိပက္ခ ဖြစ်ပွားရာမှာ အပြန်အလှန် ရိုက်နှက်မှုနဲ့ ရဲက ခြောက်လှန့် ပစ်ခတ်မှုတွေကြောင့် ဒေသခံနဲ့ ရဲတပ်ဖွဲ့ဝင် အများအပြား ဆေးရုံတက်ရပြီး ရဲတပ်သား တဦး သေဆုံးခဲ့ပါတယ်။ ကြောက်ရွံ့ပြီး ပုန်းရှောင်နေရတဲ့ ဒေသခံတွေလည်း ရှိပါတယ်။

ဒီဖြစ်ရပ် မတိုင်ခင်ကလေးတင်ပဲ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲရွာမှာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးကို လာဖြတ်တောက်လို့ ကန့်ကွက်တဲ့ရွာခံတွေကို ရဲတွေက ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းပြီး ကန့်ကွက်မှုကို ဦးဆောင်တဲ့ သံဃာတော် တပါးကိုလည်း ဖမ်းဆီးထားပါတယ်။

ယမန်နှစ် အောက်တိုဘာလ အစောပိုင်းတုန်းကလည်း ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲအင်း လေလံကိစ္စမှာ ပဋိပက္ခဖြစ်တာကို ရဲတွေက သေနတ် ၆ ချက်ပစ်ခတ် ဟန့်တားရာက ရွာသား ၄ ဦး သေနတ် ထိမှန်ခဲ့ပါသေးတယ်။

ယမန်နှစ် နိုဝင်ဘာလကုန်မှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုးခွင်းရာမှာ သံဃာတွေ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရခဲ့တဲ့ ဖြစ်ရပ်ဟာလည်း သမ္မတ ဦးသိန်းစိန် အစိုးရအဖို့ နိုင်ငံတကာမှာပါ မျက်နှာ ပျက်စရာ ဖြစ်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်မှာ အရပ်ဖက် ပဋိပက္ခ၊ ဆန္ဒပြမှု စတာတွေကို စစ်အစိုးရခေတ်ကလို စစ်တပ်က ဝင်ရောက် ကိုင်တွယ်တာမျိုး မရှိတော့ဘဲ ရဲတပ်ဖွဲ့ကပဲ တိုက်ရိုက် ကိုင်တွယ်လာခဲ့ပါတယ်။

အဲဒီလို တိုက်ရိုက် ကိုင်တွယ်လာပြီးနောက် လက်ပံတောင်း အကြမ်းဖက် ဖြိုခွင်းမှုလို နိုင်ငံတကာသိတဲ့ ဖြစ်ရပ်မျိုးအပြင် ရဲတွေက ရိုက်နှက်ဖမ်းဆီးစဉ် လက်လွန်ပြီး သေဆုံးတာ၊ ရဲစခန်းမှာ စစ်ဆေးရင်း လက်လွန်သေဆုံးတာ စတဲ့ လူသိပ်မသိတဲ့ အမှုမျိုးတွေလည်း အများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။

ရုပ်သံတွေ၊ ဓာတ်ပုံတွေ အလွယ်တကူ ရိုက်ယူပြီး ဖြန့်လို့ရနေတဲ့ ဒီခေတ်မှာ မလက်တို အဓိကရုဏ်းကို ရဲတွေ ဘယ်လို ရုပ်ပျက်ဆင်းပျက် ကိုင်တွယ်ခဲ့တယ်၊ ဒေသခံ အမျိုးသမီးတွေကို ဘယ်လို ကြမ်းတမ်းစွာ နှိမ်နင်းခဲ့တယ် ဆိုတာကို ဓာတ်ပုံတွေသာမက ရုပ်သံတွေမှာပါ အားလုံးက မြင်တွေ့ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် စစ်တပ် စစ်စစ်ဖြစ်ဖို့ အားလုံးက ပြောဆိုနေကြတာပါ။ အခုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ပရော်ဖက်ရှင်နယ် ဆန်လာအောင် လုပ်ပေးဖို့ လိုလာပြီဆိုပြီး ကျယ်ကျယ်လောင်လောင် စတင် ပြောဆိုလာကြပါပြီ။

ရှားခဲအင်း ပဋိပက္ခမှာ ရဲတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မနှစ်က အောက်တိုဘာလအတွင်း ဧရာဝတီတိုင်း လွှတ်တော်မှာ ကျုံပျော် လွှတ်တော်အမတ် ဦးသန်းထွန်းက အရေးကြီး အဆို တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို သာပေါင်းမြို့နယ် လွှတ်တော်အမတ် ဦးဝင်းသိန်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ သေနတ်နဲ့ ပစ်ခတ်ရာမှာ အဓိကရုဏ်း နှိမ်နင်းတဲ့ ဥပဒေတွေကို လိုက်နာခြင်း ရှိ မရှိ၊ ပစ်ခတ်ရာမှာ အသက်မသေနိုင်တဲ့ နေရာကို ပစ်ခတ်ရန် လိုက်နာမှု ရှိ မရှိနဲ့ အခင်းဖြစ်တဲ့ နေရာကို လာစဉ်က လိုအပ်တဲ့ အတားအဆီးတွေ ပါ မပါ၊ သုံး မသုံး စုံစမ်း စစ်ဆေးသင့်တယ်လို့ ဆွေးနွေးခဲ့ဖူးပါတယ်။

သာပေါင်းအမတ် ဦးဝင်းသိန်းက “ရဲတပ်ဖွဲ့အနေနဲ့ လူ ၂၀၀ ခန့်ကို ဟန့်တားနိုင်တဲ့ ပစ္စည်းတွေ၊ နည်းလမ်းတွေ ကြိုတင်ပြင်ဆင် ယူလာသင့်ပါတယ်။ အဝိုင်းခံရတော့မှ အသက်ဘေးအတွက် ကာကွယ်ရတဲ့အခါမှာ အသက်ခြင်းလဲယူ ဆောင်ရွက်ရတဲ့အဖြစ်ဟာ မဖြစ်သင့်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေက ဥပဒေကို လိုက်နာသင့်တယ်၊ ညှိနှိုင်းဖြေရှင်းသင့်တယ်၊ သူတို့ မြို့နယ်အဆင့်၊ တိုင်းအဆင့်က လာပြီး ညှိနှိုင်းပေးတာ နားထောင်သင့်တယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် တဖက်က ပြည်သူတွေ၊ ဒေသခံတွေကို ကြည့်ပြန်ရင်လည်း သူတို့ ဓားမဦးချ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်ယာမြေ တောင်ယာတွေကို စစ်အစိုးရလက်ထက်မှာ မတရား သိမ်းပိုက်ခဲ့တာ၊ စီးပွားရေးသမားတွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဥပဒေ အကာအကွယ်မဲ့ ဒေသခံပြည်သူတွေကို အနိုင်ကျင့်ခဲ့တာ၊ ဒေသခံတွေ ရွာလိုက်၊ မိသားစုလိုက် ဘဝပျက်၊ အနာဂတ်မဲ့ ဖြစ်ခဲ့ရပြီး ဆယ်စုနှစ်နဲ့ချီ ခံစားခဲ့ရတဲ့ ဒုက္ခအဝဝကို မေ့ထားလို့ မဖြစ်ပါဘူး။

လယ်သိမ်းခံ မြေသိမ်းခံ အင်းလုပ်ကွက်တွေကနေ ဖယ်ရှားခံရတဲ့ ဒေသခံတွေရဲ့ အမြင်မှာ အာဏာပိုင်တို့၊ ရဲတို့ဆိုတာ စီးပွားသမားများ ကိုယ်ကျိုးကို ကာကွယ်သူ၊ သူတို့ကို ဥပဒေ တလွဲသုံးပြီး အာဏာနဲ့ ဖိနှိပ်သူတွေအဖြစ်သာ မြင်ခဲ့ကြတာ ဖြစ်ပြီး အယုံအကြည် ကင်းမဲ့ခဲ့ကြပါတယ်။

မတရား သိမ်းပိုက်ခဲ့တဲ့ လယ်ယာမြေကို စနစ်တကျ ပြန်ပေးတာ၊ သို့မဟုတ် လျော်ကြေးပေးတာ၊ သို့မဟုတ် တခြား အသက်မွေးဝမ်းကျောင်းအတွက် လုပ်ငန်း ဖန်တီးပေးတာမျိုး အစိုးရက လုပ်ဆောင်မပေးနိုင်တဲ့အပြင် ခံဘက်က ဖြစ်နေတဲ့ ဒေသခံတွေကို ညှိနှိုင်းဖို့၊ ဥပဒေဘောင်ထဲက လုပ်ကြဖို့ စတဲ့ မရေရာဘဲ အချိန်ဘယ်လောက် ကြာမယ်ဆိုတာ မသိတဲ့ ရွှေပြည်အေး တရားတွေ ဟောနေတဲ့ အခြေအနေဟာ ဖြစ်သင့်ပါသလား။

တချိန်တည်းမှာပဲ ဒီလူထုရဲ့ နှစ်လကြာရှည် ခါးစည်းခံလာရလို့ ဖြစ်လာတဲ့ လှုပ်ရှားမှု၊ တောင်းဆိုမှုတွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်ရာမှာ အင်းအား အလွန်အကျွံသုံးတာ၊ အရာရှိအဆင့်တွေက အစ ပြည်သူတွေကို ရိုင်းပျစွာ ဆက်ဆံနေတာ၊ တရားဥပဒေ စိုးမိုးရေးဆိုတာကို တလွဲ အသုံးပြုနေတာတွေကို တွေ့နေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အောက်ခြေအစ ပြင်ဆင်ဖွဲ့စည်းဖို့၊ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အရည်အချင်းရှိလာအောင် ပျိုးထောင်ဖို့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူအပေါ် ရဲတပ်ဖွဲ့က ဘယ်လို သဘောထားသင့်ပြီဆိုတဲ့ စိတ်အခံတွေ ဖြစ်ထွန်းလာအောင် လေ့ကျင့်သင်ကြားမှုတွေ လုပ်ဖို့ အချိန်ရောက်ပြီလား၊ ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အကြံပေးချင်ပါသလဲ။

လူထုရဲ့ သည်းမခံနိုင်တော့တဲ့ ပေါက်ကွဲမှု၊ ရသင့်ရထိုက်တာတွေ အဆက်မပြတ် တောင်းဆိုမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို မကိုင်တွယ်နိုင်ဘဲ သေကြေ ဒဏ်ရာရမှုတွေအထိ ဖြစ်ပေါ်နေတာကို ထိပ်ပိုင်းအစိုးရနဲ့ မြန်မာနိုင်ငံ ရဲချုပ် ကျော်ကျော်ထွန်း တို့လို့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေက ဘယ်လို ဆောင်ရွက်သင့်နေပြီလဲ။

အများသူငါ အောက်ခြေအစိုးရ ဝန်ထမ်းတွေလိုပဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လစာဟာလည်း နည်းပါးပါတယ်။ ရဲတပ်ဖွဲ့က ပေးတဲ့ နေအိမ်တန်းလျားတွေဟာလည်း မိသားစု နေဖို့ မသင့်လျော်အောင် ယိုယွင်းနေတာတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ပေးဖို့ရော အစိုးရနဲ့ ရဲချုပ်တို့က ဘယ်လို ဆောင်ရွက်ပေးကြမလဲ။

ရဲစခန်းတွေမှာ ကူညီပါရစေ စာတန်း ကပ်ထားတာ နှစ် အတော်ကြာပြီ။ ပြုပြင်ပြောင်းလဲဖို့ လိုမှန်း သူတို့ သိတာ ကြာပြီလို့ ဆိုနိုင်ပါတယ်။ ဒီစာတန်းကပ်ပြီး နောက်ပိုင်း ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်ခဲ့သလဲ။ နှစ်ပေါင်း ၅၀ ဝန်းကျင် သေနတ်ကိုင်သူ အာဏာရှိခဲ့တဲ့ နိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တခုဖြစ်တဲ့ ရဲအဖွဲ့ရဲ့ပြုပြင်ပြောင်းလဲရေးက အများ မျှော်လင့်ထားသလောက် မြန်ပါ့မလား။

ပြည်သူကရော ရဲတပ်ဖွဲ့အတွင်း  ပြုပြင် ပြောင်းလဲလာအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲ။

တခြား အသွင်ကူးပြောင်းတဲ့နိုင်ငံ၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲတဲ့ နိုင်ငံတွေမှာရော ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲ။

အခုတပတ် ဖိုရမ်မှာတော့ ဒီမေးခွန်းတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading