ဆက်သွယ်ရေး ဝန်ကြီးဌာနတွင်း ချစားမှုများနှင့် ပတ်သက်၍ စစ်ဆေးခံခဲ့ရသည့် ဆက်သွယ်ရေး အရာရှိ ၇ ဦးကို တရားသေ ပြန်လွှတ်ပေးထားပြီ ဖြစ်သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် အမှုကို ရုပ်သိမ်းခြင်း မရှိသေးကြောင်း နေပြည်တော် ဘုရားကုန်း ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိ္ကဒ္ဓိလှ၊ အထွေထွေမန်နေဂျာ ဦးသိန်းဦးနှင့် အရာရှိ များအပါအဝင် ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများမှ အကြီးတန်း အရာရှိကြီးများကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး မကြာခင် ရက်ပိုင်းက ၇ ဦးကို တရားသေပြန်လည် လွှတ်ပေးခဲ့သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။
“ဆက်သွယ်ရေး အရာရှိတွေကို စစ်ဆေးတာ နအခ က တိုက်ရိုက်စစ်ဆေးနေတာ၊ သူတို့ကို ပြန်လွှတ်မလွှတ်တော့ မသိဘူး၊ အမှု ဖွင့်ထားဆဲပဲ၊ အမှုပိတ်ဖို့ အထက်က ဘာမှ ညွှန်ကြားလာတာ မရှိသေးဘူး” ဟု ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
အဆိုပါအမှုကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီက တိုက်ရိုက်ကိုင်တွယ် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
ဌာနတွင်း ခြစားမှုကြောင့် ခေါ်ယူစစ်ဆေးခံရပြီးနောက် လက်ရှိတွင် ပုံမှန် ရုံးပြန်လည် တက်နေကြသည့် ဆက်သွယ်ရေး အရာရှိများနှင့် ဆက်သွယ်ရေး ကုမ္ပဏီတချို့မှ အကြီးတန်းအရာရှိများကို ၎င်းတို့ စစ်ဆေးခံရသည့် ကိစ္စနှင့် တရား သေပြန်လည် လွှတ်ပေးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားလိုခြင်း မရှိဟုသာ ဆိုကြသည်။
ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်မှ ဦးမြင့်ဦးက “အခု ရုံးပြန်ထိုင်နေပါပြီ၊ အလုပ်တွေ ပုံမှန် ပြန်လုပ်နေပါတယ်၊ စစ်ဆေးခံခဲ့ရတဲ့ ကိစ္စတွေကိုတော့ ပြောလို့ အဆင်မပြေပါဘူး။ ပြောလည်း မပြောချင်သေးပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂိုလ်တချို့ကို ပြန်လွှတ်ပေးပြီး ဖြစ်သော်လည်း၊ ဆက် သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနှင့် အထွေထွေ မန်နေဂျာ ဦးသိန်းဦးအပါအဝင် အရာရှိတချို့ကို ဆက်လက် စစ်ဆေးနေသည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။
“စစ်ဆေးပြီးတော့ ပြန်လွှတ်ပေးလိုက်တာ ကြီးကျယ်တဲ့ကိစ္စမှ မဟုတ်တာဘဲ၊ အချိန်တန်ရင် ကိစ္စတွေကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြောပြပေးမယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဒု အင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောသည်။
အမှုဖွင့်ထားသည့် ပုဂ္ဂိုလ်ကို တရားခွင် မဝင်ရသေးဘဲ ပြန်လည်လွှတ်ပေး၍ ရ၊ မရသည် တရားစွဲွဆိုထားသည့် နေရာနှင့်သာ သက်ဆိုင်ကြောင်း၊ ဥပဒေကြောင်းအရ တရားခွွင်တွင် စစ်ဆေးရခြင်း မရှိသေးသည့် ပုဂ္ဂိုလ်ကို ပြန်လည်လွှတ်ပေး၍ မရကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးမှ ဒုညွှန်ချုပ် တဦးက ဆိုသည်။
သတင်းအချက်အလက်နှင့် နည်းပညာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက “ဘယ်လိုပုံစံနဲ့ လွှတ်လိုက်တာလည်း ဆိုတာတော့ မသိဘူး၊ ဌာနတွေမှာ ပုံမှန် အလုပ်ပြန်လုပ်နေကြပါပြီ။ ဆက်ပြီး လွှတ်စရာကျန် မကျန်ဆိုတာတော့ အတိအကျ မသိဘူး” ဟု ပြောသည်။
ဆက်သွယ်ရေး အရာရှိများကို ခေါ်ယူစစ်ဆေးမှု၏ အဓိက အကြောင်းရင်းမှာ မိုဘိုင်းလ်ဖုန်းကတ်နှင့် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ ချထားပေးရာတွင် အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုများ ကျူးလွန်မှု ရှိ၊ မရှိ စသည့် ကိစ္စရပ်များကြောင့် ဖြစ်ပြီး ဝန်ကြီးဌာနတွင်း အကျင့်ပျက်ခြစားမှုများနှင့် တိုက်ရိုက် ဆက်စပ်နေကြောင်း၊ သမ္မတဦးသိန်းစိန်က ဆက်သွယ်ရေး ဝန်ကြီးဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်တို့ကို ဝန်ကြီးရာထူး တာဝန်များမှ အနားပေးခဲ့ခြင်းသည် လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အမိန့်မနာခံမှု များကြောင့်ဖြစ်ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
အကျင့်ပျက် ခြစားမှုပြဿနာများကြောင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် အရာရှိ တချို့ကို ခေါ်ယူ စစ်ဆေးနေဆဲတွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တရားဝင်ခန့်အပ်ခဲ့သည်။