မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီး နှစ်ခုအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော ကျုံမကူးချောင်းအတွင်း ရွှေကျင် လုပ်ငန်းများမှ စွန့်ပစ်လိုက်သည့် ဓာတုပစ္စည်းများ ပျော်ဝင်နေသောကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျုံမကူး ချောင်းရေအား ယခင်က သောက်သုံးရန်အပြင် စီးပွားရေး လုပ်ငန်းများအတွက်ပါ အသုံးပြုနိုင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ရေ နမူနာ ပေးပို့ စစ်ဆေးကြည့်ရာ သောက်သုံးရန် မသင့်ကြောင်းနှင့် ရေအတွင်း၌ ဓာတုအဆိပ်သင့် ပစ္စည်းများ ပျော်ဝင်လျက်ရှိကြောင်း အဖြေရရှိခဲ့သည်။
စွန့်ပစ်ပစ္စည်းများကြောင့် ချောင်းရေ နောက်ကျိနေပြီး ချောင်းနံဘေးရှိ ကျေးရွာများနှင့် ချောင်းအောက်ပိုင်းရှိ ကျေးရွာများတွင် ရေတုံကင်များနှင့် ရေတွင်းများ အထိ ဓာတုအဆိပ်သင့်ပစ္စည်းများ စိမ့်ဝင်နေကြောင်း ဒေသခံများက ဆိုသည်။
“ဒီချောင်းရေကို သုံးမရတော့ဘူးလို့ ဆိုပေမယ့် အနီးအနားကရွာတွေ အနေနဲ့ ဒီရေကိုပဲ အဓိက သုံးရတာဆိုတော့ ဒုက္ခရောက်တယ်။ အခုတော့ ချောင်းရေကို မသောက်တော့ဘူး။ ဒါပေမယ့် ရေတုံကင်တွေ၊ ရေတွင်းတွေအထိ ဓာတု ပစ္စည်းတွေ စိမ့်ဝင်တာကိုတော့ ဘာမှလုပ်လို့ မရဘူး။ ဒီတော့ အဆိပ်ရေတွေကို မသုံးချင်ဘဲ သုံးနေရတယ်။ ကျွဲ၊ နွား တွေကတော့ ချောင်းရေကို သောက်ရတယ်၊ ပြီးရင် မကျန်းမာကြတော့ဘူး” ဟု ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အတွင်းရှိ ဝင်ကန်ကျေးရွာမှ ဒေါ်သန်းနွဲ့က ပြောသည်။
ဒေသခံများအနေဖြင့် ကျုံမကူးချောင်းရေအတွင်း ဓာတုအဆိပ်သင့်ပစ္စည်းများ စိမ့်ဝင်နေခြင်းသည် မည်သည့် အချိန်ကတည်းက ဖြစ်နေခဲ့သည်ကို မသိကြကြောင်း၊ ၂၀၁၂ ခုနှစ်ကျမှသာ သိရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။
စည်းကမ်းမဲ့ ရွှေကျင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ရေထုညစ်ညမ်း၍ နောက်ပျစ်လာခြင်း၊ ၁၂ ရာသီ ပတ်လုံး နုန်းနှစ်များ ပျော်ဝင်မှုကြောင့် ချောင်းတိမ်ကော၍ ရေကြီး ရေလျှံမှု၊ ကမ်းပါးပြို၍ လယ်မြေဆုံးရှုံးမှုများနှင့် ကြုံရခြင်း၊ ရာသီသီးနှံများနှင့် နှစ်ရှည်သီးနှံပင်များမှာ နုန်းနှစ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။
ဒေသ၏ အဓိကထွက်ကုန်သီးနှံ ဖြစ်သော ရှောက်ပင်၊ သံပရာပင်များအား ချောင်းရေသွင်း စိုက်ပျိုးရာတွင် ရေအတွင်းရှိ နုန်းနှစ်များကြောင့် အပင်များ ခြောက်သွေ့၍ သေသွားခြင်းကြောင့် ဒေသခံ စီးပွားရေးသမားများ အခက်တွေ့နေကြသည်။
အဆိုပါ ကျုံမကူးချောင်းရေအား ဒေသခံများက သောက်သုံးရန်အပြင် စီးပွားရေးအတွက်ပါ အသုံးပြုကြပြီး ကျွဲ၊ နွားများ သည်လည်း ထိုချောင်းရေကိုသာ သောက်သုံးရကြောင်း သိရသည်။
“ချောင်းရေကို သောက်မိတဲ့ ကျွဲ၊ နွားတွေအားလုံး အစုလိုက်အပြုံလိုက် သေကြတယ်၊ လူတွေလည်း ကျန်းမာရေး ထိခိုက်တာတွေရှိတယ်၊ အဓိကစိုက်တဲ့ ရှောက်ပင်နဲ့၊ နွေစပါးတွေကို ရေသွင်းစိုက်တဲ့အခါ အောင်မြင်ဖြစ်ထွန်းတာတွေ မရှိတော့တာ နှစ်ပေါင်း တော်တော်ကြာနေပြီ” ဟု ရွှေကျင်မြို့နယ်ရှိ ဝင်ကန်ကျေးရွာမှ ဦးအောင်စိုးက ပြောသည်။
ထို့ကြောင့် ဒေသခံများ လက်ရှိခံစားနေရသည့် ပြဿနာရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြစ်ကြသော မွန်ပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့အပြင်၊ ကျိုက်ထိုမြို့နယ်ရှိ ဌာနဆိုင်ရာ အသီးသီးထံသို့ အကြောင်းကြားစာများ ၂၀၁၂ ခုနှစ်အတွင်းတွင် ပေးပို့ခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအား အကူအညီတောင်းခဲ့ခြင်းကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရွှေကျင်စက်များကို ပိတ်သိမ်း နိုင်ခဲ့သော်လည်း ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်အတွင်း မှာမူ တရားမဝင် ရွှေကျင်စက်များဖြင့် ယခင်ထက် ပိုမို လုပ်ကိုင်နေကြကြောင်း သိရသည်။
“အစိုးရက သူတို့ကိုခေါ်ပြီး နောက်မလုပ်တော့ပါဘူးလို့ ဝန်ခံ လက်မှတ်ထိုးခိုင်းတယ် သူတို့ကလည်း လက်မှတ်လာထိုးတယ်၊ ပြီးရင် တောထဲပြန်ဝင်သွားပြီး ပြန်လုပ်တာပဲ။ ဒါပေမယ့် အစိုးရလက်လှမ်းမှီတဲ့ နေရာတွေမှာ မလုပ်တော့ဘဲ အစိုးရ အုပ်ချုပ်ရေးနဲ့ ဝေးတဲ့ ကရင် အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေတွေ ထဲမှာ သွားလုပ်နေကြတယ်” ဟု ကျိုက်ထိုမြို့နယ် ချောင်းဝ ကျေးရွာမှ တာဝန်ရှိသူတဦးက ပြောသည်။
ရွှေကျင်နေကြသည့် နေရာသည် အစိုးရ လက်လှမ်းမမီသည့် KNU အုပ်ချုပ်ရေးပိုင် နယ်မြေ ဖြစ်သည့်အတွက် ဒေသခံများက KNU မှ တာဝန်ရှိသူများကို ၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အကူအညီ တောင်းခံ ထားကြောင်း သိရသည်။
“KNU ဘက်က တပ်မ (၁) အုပ်ချုပ်ရေးမှူးကို အကူအညီ တောင်းထားတာကိုတော့ လုပ်ပေးမယ်လို့ ပြောတာပဲ။ ၂၀၁၃ ခုနှစ် မတ်လအကုန်မှာ ဒီလုပ်ငန်းတွေကို ရပ်ပေးမယ်လို့ ပြောတယ်။ ဘယ်လိုဖြစ်လာဦးမလဲ ဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့် ရဦးမှာပဲ” ဟု ကျိုက်ထိုမြို့နယ် ကလောမြောင်ကျေးရွာမှ ဦးသန်းစိုးက ပြောသည်။
KNU ၏ ပြောကြားချက်အတိုင်း ၂၀၁၃ခုနှစ် မတ်လအကုန်တွင် ရွှေကျင်သည့် လုပ်ငန်းများ အား ရပ်နားပေးခြင်းမရှိပါက နိုင်ငံတော်သမ္မတ ထံ အကူအညီတောင်းသွားမည်ဟု သိရ၏။
ကျုံမကူးချောင်းအတွင်း တရားမဝင် ရွှေတူးမှုကို စီးပွားရေးသမားတချို့က ၁၉၉၅ ခုနှစ်မှ စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမို တွင်ကျယ်စွာ ပြုလုပ်လာကြောင်း ဒေသခံပြည်သူများထံက သိရသည်။
“အရင်က ရွှေလက်ကျင်သမား (ပစ္စည်းအကူအညီမပါဘဲ တပိုင်တနိုင် ရွှေကျင်သူများ) တွေက ရွှေ စကျင်ရင်းနဲ့ နောက်ပိုင်း စီးပွားရေး သမားတွေက ဝင်လုပ်ပြီး အခုလိုဖြစ်သွားတာ။ အခုလုပ်နေတဲ့ စီးပွားရေးသမား တွေက တရားမဝင် လုပ်ကြတာ” ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ချောင်းဝကျေးရွာမှ ဦးသိန်းချိုက ပြောသည်။
ထို တရားမဝင်ရွှေကျင်နေသည့် စီးပွားရေး လုပ်ငန်းများ၏ အမည်များနှင့် လုပ်ငန်းရှင်များ၏ အမည်ကို ကျုံမကူးချောင်း အနီးပတ်ဝန်းကျင်မှ ဒေသခံများ သိရှိခြင်းမရှိကြောင်း ၎င်းတို့က ပြောသည်။
“လုပ်ငန်းရှင်တွေကတော့ အများကြီးပဲ။ ဘယ်နှဦး လုပ်တယ်၊ ဘယ်သူတွေလုပ်တယ်၊ ဘယ်ကလာလုပ်တယ် ဆိုတာ ကိုတော့ တိတိကျကျ မသိရဘူး။ နောက်ပြီး သူတို့လုပ်နေတဲ့ နေရာကလည်း တောထဲတောင်ထဲမှာဆိုတော့ သွားလေ့လာလို့လည်း မရဘူး။ ကိုယ်ပဲ ဒုက္ခရောက်ရမှာလေ” ဟု ဦးသိန်းချိုက ဆက်လက်ပြောသည်။
ကျုံမကူး ချောင်းရေအား သုံးစွဲရသည့်အတွက် မည်သည့်ရောဂါများ ခံစားရသည်ကို မိမိတို့အနေဖြင့် ရောဂါရှာဖွေခြင်းများ မလုပ်ဖူးသောကြောင့် မည်သည့်ရောဂါများ ဖြစ်နေကြသည်ကို မသိသော်လည်း သေဆုံးသွားသူ အများစုမှာ အသည်းရောဂါများဖြင့်သာ သေဆုံးကြသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
ကျုံမကူး ချောင်းသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ဆက်စပ်ပိုင်သော ချောင်းဖြစ်ပြီး ယခင်က မိရိုးဖလာတောင်ပေါ် စမ်းချောင်းဖြစ်ကာ ကျောက်တုံး ကျောက်ဆိုင်များ၊ ငါး ပုဇွန်များနှင့်အတူ ကြည်လင်လျှက် ရှိသော်လည်း ယခုအချိန်တွင်မူ ရေနေသတ္တဝါများ နေထိုင်ကျက်စားခြင်း မရှိတော့ဘဲ ချောင်းရေလည်း နောက်ကျိ နေပြီဖြစ်သည်။
ရွှေကျင်လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကြောင့် ချောင်းအတွင်း ဓာတုအဆိပ်သင့်ပစ္စည်းများ စိမ့်ဝင်၍ ရေဆိပ်သင့်ခြင်း ကို ခံစားရသည့် ကျေးရွာများမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ချောင်းဝကျေးရွာ၊ ကလောမြောင်ကျေးရွာနှင့် ပဲခူးတိုင်း ဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ ဇလုတ်ကြီးကျေးရွာ၊ ဝင်ကန်ကျေးရွာများ ဖြစ်ပြီး ကျုံမကူး ချောင်းရေသည် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်သည်။