လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့၏ လုပ်ဆောင်ချက်များ မှန်ကန်ခြင်း မရှိဘဲ အားနည်းချက်များစွာ ရှိနေကြောင်း လယ်သမားများက ပြောသည်။
တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် မြေယာ အငြင်းပွားမှု ပြဿနာများနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် တခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားသော်လည်း လယ်ယာမြေကိစ္စ များကို စစ်ဆေး ဖော်ထုတ်ရာတွင် အားနည်းချက်များ ရှိနေပြီး ကော်မရှင် အဖွဲ့ဝင် တချို့သည် အငြင်းပွားဖွယ်ရာ လယ်ယာမြေ ကိစ္စရပ်တွင် ပါဝင် ပတ်သက်မှု ရှိနေသည်ဟု လယ်သမားများအရေး ဆောင်ရွက်နေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေက ဧရာဝတီသို့ ပြောသည်။
“လယ်ယာမြေ စုံစမ်းရေး ကော်မရှင်တွေ မဖွဲ့ခင်ကတည်းက ဘယ်လိုလူတွေ မပါရဘူး၊ လယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်နေသူတွေ မပါဝင်သင့်ဘူးလို့ ပြောတယ်။ အခုကျတော့ အများကြီး ပါနေတယ်။ သူတို့ကိုယ်သူတို့ မထိခိုက်အောင် သူတို့ကိုယ်တိုင် ကာကွယ်နေ ရင်တော့ ဒီပြဿနာက မပြီးပြတ်နိုင်ဘူး” ဟု ကိုနေမျိုးဝေက ပြောသည်။
လွှတ်တော်အမတ်နှင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တဦး ဖြစ်သည့် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် လက်ရှိ လယ်ယာသိမ်းဆည်းမှုနှင့် အငြင်းပွားနေမှု တခုတွင် ပါဝင်နေ ကြောင်း၊ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် များသည် တိုက်ရိုက် မပတ်သက်သော်လည်း သိမ်းဆည်းသည့် အမှုတွဲတွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။
ရခိုင် ပြည်နယ်တွင် စုံစမ်းရေးကော်မရှင် တကြိမ်သာ လာရောက်ပြီး နောက်တကြိမ် မလာကြောင်း၊ တချို့လယ်သမားများသည် လယ်ယာမြေ သိမ်းခံရသည်ကို ယခုချိန်အထိ ကြောက်ရွံ့နေပြီး မတိုင်ကြားဘဲ ရှိနေသေးကြောင်း၊ လယ်သမား များမှာ လယ်ယာ မရှိသဖြင့် လယ်မစိုက်ရသည့် အဖြစ် ရောက်ရှိနေကြကြောင်း ရခိုင်ပြည်နယ်မှ လယ်သမား ကိုနိုင်စိုးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဆီမှာဆိုရင် လယ်မြေတွေ ဧက ၂၀၀၀ လောက် အသိမ်းခံရတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေကလည်း လာမကြည့်ဘူး။ တိုင်တော့လည်း ဘာမှ အရေးမလုပ်ဘူး။ စုံစမ်းရေး ကော်မရှင်ကို ဘယ်လို ယုံကြည်ရမှာလဲ” ဟု စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုသန်းထိုက်က ဧရာဝတီသို့ ပြောသည်။
အသိမ်းခံရသည့် လယ်ဧက ၁ သောင်းကျော်ထဲမှ ဧက ၅၀၀ လောက်ကိုသာ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က လက်ခံ လေ့လာ စစ်ဆေးခဲ့ပြီး၊ လယ်ယာမြေ စုံစမ်း စစ်ဆေးရေးအဖွဲ့သည် လုပ်ငန်းရှင်ဘက်မှ ရပ်တည်နေကြသည် ဟု ရန်ကုန် ရွှေပြည်သာ မြို့နယ် တောင်သူ လယ်သမား အသင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဧရာဝတီသို့ ပြောသည်။
“စုံစမ်းရေး ကော်မရှင်ဆိုတာက မှန်မှန်ကန်ကန် မျှမျှတတ ရှိဖို့ လာစုံစမ်းတာ မဟုတ်ဘူး။ လယ်သမားတွေကို ကျတော့ ကုမ္ပဏီတွေဆီကို ပိုက်ဆံမတောင်းနဲ့၊ မြေကိုသာ ပြန်တောင်းလို့ ပြောတယ်။ တကယ် ကုမ္ပဏီတွေနဲ့ ဆွေးနွေးတော့ စုံစမ်းရေးအဖွဲ့က ကုမ္ပဏီတွေ ဘက်ကို အလေးပေးပြီး ဆောင်ရွက်နေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။
ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန် စီမံကိန်းအတွက် လယ် ၅၂၇ ဧက ကို ၁ ဧက ကျပ် ၂၂ သိန်းနှုန်းနှင့် ၇ ရက် အတွင်း ပေးချေရန် စုံစမ်းရေး ကော်မရှင်က ဆုံးဖြတ် ပေးခဲ့သော်လည်း ကုမ္ပဏီများသည် လျော်ကြေးငွေကို နှစ်ရစ်ခွဲပြီး ပေးနေ ကြောင်း ထို့အပြင် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး လယ်သမားများကို လိုအပ်သည်ထက် ပိုမို စစ်ဆေးမှုများ ရှိနေကြောင်း လယ်သမားများ၏ အဆိုအရ သိရသည်။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း ကဲ့သို့သော သဘာ၀ ဘေးအန္တရာယ်များကြောင့် အထောက်အထား၊ စာရွက်စာတမ်းများ ပျက်စီးသွားသဖြင့် ပိုင်ဆိုင်မှုကို အသေးစိတ် တင်ပြနိုင်ခြင်း မရှိတော့သည့် လယ်သမားများကို စုံစမ်းစစ်ဆေးသူများက ပိုင်ဆိုင်ကြောင်း သတင်းစာတွင် ထည့်သွင်း ကြေညာခိုင်းကြောင်း၊ လယ်သမားများသည် ပညာ မတတ်ခြင်း၊ မသိနားမလည်မှု များပြားခြင်း၊ မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြကြောင်း တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဧရာဝတီသို့ ပြောသည်။
လယ်သမားများ ထံတွင် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ မရှိသော်လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အနေဖြင့် လုပ်ဆောင်ရန် နည်းလမ်းများရှိနေကြောင်း၊ သက်ဆိုင်ရာ မြေစာရင်းရုံးတွင် ဦးပိုင်အမှတ်၊ အမည်နှင့် နောက်ဆက်လက် ဆက်ခံမည့် မျိုးဆက်နာမည်များကို သွားရောက်ရှာဖွေကာ မိတ္တူကူးပြီး ဆောင်ရွက်နိုင်ကြောင်း၊ သတင်းစာတွင် ကြေညာစရာမလိုဘဲ စာရွက်စာတမ်း ပျောက်သည့်အခါ စုံစမ်း စစ်ဆေးနိုင်သည့် နည်းလမ်းရှိကြောင်း လယ်သမား အရေးကို ပါဝင်ဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးဖိုးဖြူက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း များပြားလှသည့် တောင်သူလယ်သမားများ အရေးကို အသေးစိတ်လိုက်ပါ ဆောင်ရွက်ပေးသူ၊ ပညာပေးသူ အရေအတွက် နည်းပါးလှကြောင်း သိရသည်။
တောင်သူ လယ်သမားများ၏ လယ်ယာမြေများကို စီမံကိန်း အကြောင်းပြ သိမ်းဆည်းခဲ့မှုကြောင့် လယ်သမားအများစုသည် လယ်ယာ မလုပ်ကိုင်နိုင်တော့ဘဲ ဈေးရောင်းစားရခြင်း၊ စက်မှုဇုန်တွင် ကျပန်း လုပ်ကိုင်ရခြင်း အဖြစ်သို့ ရောက်ရှိသွားသည် ဟု လယ်သမားများက ပြောသည်။
“စိုက်ပျိုးရေး ထွက်ကုန်တွေ ပြည်ပကို ဘယ်လို ထိုးဖောက် ရောင်းချမယ်၊ သီးနှံ အထွက်တိုးအောင် ဘာတွေ လုပ်ဆောင်မယ် ဆိုတာ သမ္မတရော၊ ဝန်ကြီးတွေရော ပြောနေကြတာပဲ။ လယ်သမားတွေ လယ်ယာတွေ အသိမ်းခံရတာကိုပဲ ပြန်ရအောင် အရင် လုပ်ပေးကြပါ” ဟု ပြည်မြို့မှ လယ်သမား ကိုထွန်းထွန်းက ဆိုသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေဖြင့် အဓိကအားဖြင့် မြေသိမ်းသည့် ဖြစ်စဉ် ဥပဒေနှင့်ညီ မညီကို စစ်ဆေးမည် ဖြစ်ကြောင်း၊ ယခင် မြေသိမ်းစဉ်က ဥပဒေနှင့် မညီပါက လယ်သမားများ နစ်နာမည် ဖြစ်ကြောင်း၊ လယ်သမားများ မနစ်နာအောင်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လယ်ယာမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ဧရာဝတီသို့ ပြောသည်။
တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်း ပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့်သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇ ဒသမ ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။
လယ်ယာမြေ သိမ်းဆည်းမှုများတွင် ဌာနဆိုင်ရာများ သည်လည်း မြေသိမ်းဆည်းခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ လိျှု့ဝှက်အဆင့် မရှိသော စာရင်းဇယား အထောက်အထား စာရွက်များ ပြသရန် တောင်းခံရာ ပြည့်စုံစွာ တင်ပြနိုင်မှု မရှိခြင်း၊ တိုင်ကြားစာပါ နယ်မြေများသို့ ကွင်းဆင်းသည့် အခါ သက်ဆိုင် ရာ ဌာနများက မိမိတို့နှင့် မသက်ဆိုင် သကဲ့သို့ ပြုမူခြင်းနှင့် မြေသိမ်းဆည်းခံရသည့် ဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများသည် ဖြေရှင်း ဆောင်ရွက်ရမည့် ပြဿနာ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းတို့ တွေ့ရှိရကြောင်း ကော်မရှင်က ဆိုသည်။
မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။
ရွှေပြည်သာမှ လယ်ယာသိမ်းခံရသည့် ၁၃ ရွာမှ တောင်သူ လယ်သမား ၅၀၀ နီးပါးသည် မင်္ဂလာဒုံ မြို့နယ်သို့ မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီတွင် သွားရောက်ပြီး တောင်သူလယ်သမားနေ့ကို ကျင်းပခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ရွှေပြည်သာ လိန်ကုန်းကျေးရွာ ကိုးနဝင်းတန်ဆောင်းတွင် နံနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီ အထိ ထပ်မံကျင်းပရာ ထိုပွဲသို့ ရန်ကုန်တိုင်း ဒေသကြီးမှ လယ်ယာမြေနှင့် တခြားမြေယာ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဦးအောင်သိန်းလင်းလည်း အလွတ်သဘောဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် အဲမလီ ပူးပေါင်းရေးသားသည်။