[irrawaddy_gallery]
ယနေ့နံနက် ၁၁ နာရီခန့်က အင်းစိန်မြို့နယ် အတွင်းရှိ အမှတ် ၃ သံမဏိစက်ရုံ မီးလောင်ကျွမ်းခဲ့ရာ တနာရီခွဲခန့် အကြာမှ မီးငြိမ်းသွားကြောင်း သိရသည်။
ယင်းစက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ပိုင် စက်ရုံဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှ စတင်၍ မီးစတင်လောင်ကျွမ်းခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်မှ မီးငြှိမ်းသတ် နိုင်ခဲ့သည်ဟု အင်းစိန်မီးသတ်ဌာနက ပြောသည်။
“ဘယ်လိုကြောင့် လောင်သလဲ ဆိုတာ စစ်ဆေးနေတုန်းမို့ ပေါ့ဆမီးလား၊ ဘာမီးလား ဆိုတာကို ပြောရခက်ပါတယ်။ အစိုးရပိုင် စက်ရုံတခုဆိုတော့ စစ်ဆေးနေပါတယ်” ဟု အင်းစိန်မီးသတ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။
မီးလောင်ကျွမ်းသည့် နေရာတွင် ရှိနေသော ၎င်းစက်ရုံမှ သံရည်ကျိုလုပ်သား ကိုထင်အောင်ကမူ သံပြားဖြတ်သည့် နေရာမှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ သံပြားဖြတ်စက်မှ မီးစက ဘေးနားရှိ ဆီလှောင်ကန်ပေါ်ကျကာ ထိုမှတဆင့် ကားများထံသို့ မီးကူးသွားခြင်း ဖြစ်ကြောင်း ပြောပြသည်။
“တာယာအဟောင်းပုံပေါ် မီးစတွေ ကျပြီး မီးခိုးတွေက တအားထွက်လာတာပါ။ သိပ်တော့ မများပေမယ့် ခန့်မှန်းခြေ ကားဟောင်း ၅ စီး၊ ၆ စီးလောက်တော့ မီးလောင်သွားတယ်။ ဘယ်လောက် ပျက်စီးလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
မီးလောင်စဉ် ပစ္စည်း ဆုံးရှုံးမှုများ ရှိသော်လည်း လူတဦးမှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း၊ မီးလောင်သည့် နေရာသို့ မြို့နယ် ၅ မြို့နယ်မှ ကြက်ခြေနီအင်အား ၂၁ ဦးတို့ လာရောက် ကူညီခဲ့ကြောင်း၊ သေကြေမှု၊ ပြင်းထန်စွာ ထိခိုက်ခံရမှုတို့ မရှိကြောင်း အင်းစိန် ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူ ဦးမင်းထွဋ်က ပြောသည်။
မီးလောင်ရာ နေရာအနီး အင်းစိန်ချောင်း၀ လမ်းပေါ်တွင် နေထိုင်သူ မျက်မြင် တဦးဖြစ်သည့် ဒေါ်ခင်စောက “မီး သတ်ကား တွေကတော့ ၁၂ စီးလောက် သွားတာတွေ့တယ်။ ပေါက်ကွဲတာတော့ မကြားဘူး။ ညှော်နံံ့တော့ နံတယ်။ ထိခိုက် တယ်လို့လည်း မကြားမိဘူး” ဟု ဧရာဝတီကို ပြောသည်။
သံမဏိစက်ရုံ မီးလောင်သည့် အသေးစိတ် အခြေအနေနှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းရာ ယင်းဌာနမှ တာဝန်ရှိသူ တဦးက လက်ရှိတွင် ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်လျှက် ရှိသေးကြောင်း၊အသေးစိတ် ထုတ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း၊ပျက်ဆီးဆုံးရှုံးမှု ကိန်းဂဏန်းများ မှားယွင်းစွာ ဖော်ပြပါက အထက်မှ အပြစ်ပေးလိမ့်မည် ဖြစ်ကြောင်း၊ အစိုးရပိုင် စက်ရုံ ဖြစ်သော်လည်း လက်ရှိစစ်ဆေးမှုအရ ပေါ့ဆမီး ဖြစ်ခဲ့လျှင် သက်ဆိုင်ရာ တာဝန်ရှိသူများကို သတ်မှတ် ဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း ဖြေကြားသည်။