အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေးကော်မရှင်က အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှု ပြုလုပ်သည်ဟု ခိုင်မာသော အထောက်အထားများ ရရှိထားသဖြင့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ဖြစ်ကြသော လမ်းမတော်မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ် ဥက္ကဋ္ဌ ဦးသန့်ဇင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ရှိန်၊ စစ်ကိုင်း ကောလင်းမြို့နယ် ဥက္ကဋ္ဌ ဒေါ်မိမိကြီးတို့ကို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆိုင်းသည်ဟု မတ်လ ၅ ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် ပါတီစည်းရုံးရေး၊ ပါတီကေဒါများ ဆုံးရှုံးပြီး အဖွဲ့ချုပ်တွင်း ညီညွတ်မှုကို ပျက်ပြားစေနိုင်ကြောင်း၊ ထိုသို့ ပြင်းပြင်းထန်ထန် အရေးယူမှုကို မူအားဖြင့် သဘောမတူကြောင်း၊ ဦးနေဝင်းလက်ထက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က တတိယ ညီလာခံတွင် ယင်းကဲ့သို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဖူးကြောင်း NLD နာယက သတင်းစာဆရာကြီး ဦးဝင်းတင် ဧရာဝတီသို့ ပြောသည်။
“ကျနော့်သဘောကတော့ ဒီလို ပြင်းပြင်းထန်ထန်လုပ်တာက ပါတီကို ထိခိုက်နိုင်တယ်။ ညီညွတ်ရေး ဖြိုခွဲတယ်ဆိုတာ အဲဒီသူတွေ ဖြိုခွဲတာထက် အခုလိုလုပ်ခြင်းအားဖြင့် ပါတီပြိုကွဲမှုကို အားပေးရာရောက်မှာ စိုးတယ်။ ပါတီဖြိုခွဲရေးအတွက် သူတို့ လုပ်ကိုင်တယ်ဆိုရင် အဲဒီလို လုပ်ကိုင်တဲ့သူကို ဒီလို အရေးယူခြင်းက ပြိုကွဲရေးအတွက် ဦးတည်မှုကို ပိုပြီးတော့ တွန်းပို့သလိုတောင် ဖြစ်နိုင်တယ်လို့ ကျနော်ယူဆတယ်။ အနည်းဆုံး ၄ ဦးကို အရေးယူတယ်ဆိုရင် ပါတီရဲ့ အစုအဖွဲ့ ပေါင်းစည်းမှု ပျက်တယ်။ Over React ဖြစ်တာ မကောင်းဘူး။ သမိုင်းမှာ ဦးနေဝင်း မဆလခေတ် တုန်းကလည်း တတိယပတ် ညီလာခံမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်။ Over React ကို မလိုလားဘူး။ လိုအပ်တာထက် ပြင်းထန်စွာ တုံ့ပြန်လိုက်ရင် လိုအပ်တဲ့ အကျိုးသက်ရောက်မှု ရစေမှာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြောသည်။
နိုင်ငံလုံးဆိုင်ရာ ညီလာခံ နီးကပ်လာချိန်တွင် ညီလာခံ ကိုယ်စားလှယ်များ ၄ဦး ညီလာခံ တက်ခွင့်ရပ်ဆိုင်းခြင်း ဆိုသော အရေးယူမှုမျိုး မလုပ်ဘဲ သေချာစွာဆန်းစစ်ပြီး စောင့်ကြည့်သည့် သတိထားသောစနစ်ပုံစံ အရေးယူမှုမျိုး လုပ်ဆောင်သင့်သည်ဟုလည်း ဦးဝင်းတင်က ဆက်လက်ပြောသည်။
“အရေးယူတဲ့ပုံစံ ကောင်းခြင်း ဆိုးခြင်းလည်း ကျနော်မပြောချင်ဘူး။ ကျနော်ပေးနိုင်တဲ့ မှတ်ချက်က ဒီလို ပြင်းပြင်းထန်ထန် အရေးယူတာကို မူအားဖြင့် သဘောမတူဘူး။ ဒါက ပါတီ ထိခိုက်နိုင်တယ်။ ပါတီ စည်းရုံးရေးကို ထိခိုက်နိုင်တယ်။ ပါတီကေဒါတွေ ဆုံးရှုံးနိုင်တယ်။ ကျနော်ကတော့ အပြစ်ရှိတယ် ထင်ရင်၊ စိုးရိမ်ရတယ်ထင်ရင် သူတို့ ဘယ်ကိုဦးတည်သလဲ။ သူတို့မြှားဦးက ဘယ်ကိုလှည့်လဲဆိုတာ လေ့လာသင့်တယ်။ လေ့လာပြီးရင် Containment ပေါ်လစီပေါ့ဗျာ။ ဝိုင်းပတ်တဲ့ပေါ်လစီနဲ့ ကန့်သတ်ပြီးတော့ လုပ်ပြီးတော့ ဒီလူ လေးငါးဆယ်ယောက်ကို မယုံကြည်ဘူး၊ သတင်းအရ မကောင်းဘူးဆိုရင် သူတို့ကိုကြည့်ရမှာပေါ့။ ညီလာခံအတွင်းမှာ ဒီလိုရပ်စဲတာဆိုရင်တော့ ကျနော်ကတော့ သင့်တင့်တယ်လို့ မယူဆဘူး။ ပါတီမှာ ဂယက်ရိုက်တတ်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။
NLD ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အဖွဲ့ဝင်တဦးဖြစ်သူ ရှေ့နေဦးဉာဏ်ဝင်းက ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံ တက်ခွင့်ရပ်ဆိုင်းရခြင်းသည် အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ခြင်းကြောင့်ဖြစ်ပြီး မည်သို့မည်ပုံ အုပ်စုဖွဲ့သနည်းဆိုသည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
“အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့လို့ပါ။ ညီလာခံမှာ ရွေးချယ်ပွဲတွေရှိတယ်၊ အုပ်စုဖွဲ့ပြီးတော့ အုပ်စုနဲ့ ဒီလိုလုပ်တာမျိုးကို လက်မခံဘူး။ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်လပ်စွာပြောဆိုခွင့်က သက်သက်ပါ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
NLD ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကမူ ညီလာခံကျင်းပရေး ကော်မရှင်အနေဖြင့် ညီလာခံအတွင်း စကားများ၊ ရန်ဖြစ်ခြင်းနှင့် ပြိုင်ဆိုင်မှု မဖြစ်စေရန်အတွက် ညီလာခံ ကိုယ်စားလှယ် ၄ ဦးကို ညီလာခံ တက်ခွင့် ရပ်ဆိုင်းသည်ဆိုသော အရေးယူမှု ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
“ရပ်ကွက်တွေ မြို့နယ်တွေမှာ ဒီမိုကရေစီဆိုတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာလိုပဲ စည်းရုံးတာတွေ၊ အုပ်စုဖွဲ့တွေရှိတာပေါ့။ မြို့နယ်အဆင့်၊ ရပ်ကွက်အဆင့်လောက်မှာ လုပ်တာကတော့ ထားလိုက်ပေါ့ဗျာ။ ပြဿနာမရှိဘူး။ တဖြည်းဖြည်း အရှိန်တွေက မြင့်လာပြီးတော့ တပြည်လုံး အတိုင်းအတာနဲ့ ကွန်ရက်တွေ ဘာတွေဖြစ်လာတယ်။ ကျယ်ပြန့်လာတော့ လူကြီးတွေက ဒါ ပထမအကြိမ်ဖြစ်တယ်။ အဲဒါတွေ သိပ်ခွင့်ပြု လွှတ်ထားလိုက်ရင် ကျနော်တို့ ဘာမှ မရင့်ကျက်သေးတဲ့အချိန် အချင်းချင်း ထစကားများကြ၊ ပြိုင်ကြ၊ ဆိုင်ကြ ဆိုရင် ညီလာခံ လုပ်လိုက်ကာမှ အချင်းချင်း ရန်ဖြစ်ခိုင်းသလို ဖြစ်နေမယ်ဆိုပြီးတော့ ဖြစ်မှာစိုးလို့။ ညီလာခံ တက်ရောက်ခွင့် ရုပ်သိမ်းတာပါ”ဟု ဦးအုန်းကြိုင်က ဆိုသည်။
ညီလာခံကိုယ်စားလှယ်အဖြစ် ရပ်ဆိုင်းခံရသူူ ဦးခင်မောင်ရှိန်က NLD ဗဟိုအလုပ်အမှုဆောင် နေရာရယူရေး၊ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားရေး စီမံနေသည်ဆိုသော သတင်းများ ကြားသိခဲ့ ရပြီး စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် လုပ်ဆောင်သည်ဟု ဆိုကာ အရေးယူခံခဲ့ရကြောင်း၊ ၎င်းအနေဖြင့် မည်သို့သော ဖြိုခွဲမှုမျိုးကိုမှ မလုပ်ဆောင်ပါကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီဝင်အဖြစ်မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီလို အခြေအနေမျိုး မဟုတ်ဘဲနဲ့ စွပ်စွဲခံရတာ၊ စွပ်စွဲချက်က ကြီးတယ်ဗျာ။ ကျနော့် နိုင်ငံရေးဂုဏ်သိက္ခာလည်း ကျနော့်မှာ ထိတယ်။ ကျနော်တို့ ရပ်တည်တဲ့အဖွဲ့ထဲမှာလည်း ဒါမျိုးတွေရှိတယ်ဆိုရင် အနာဂတ်အတွက် မကောင်းဘူး။ နိုင်ငံရေး ခရီးမှာလည်း စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်တယ်။ ကျနော်တို့က စည်းလုံးမှုကို ဖြိုခွဲပြီး ပျက်စီးရာ ပျက်စီးကြောင်း ပြုမူပြောဆိုတာတော့ မရှိဘူး။ ဒီစွပ်စွဲချက်ကြီးနဲ့တော့ နှစ် ၂၀ ကျော်လုပ်ခဲ့တဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျသွားပြီ။ ရှင်းရှင်းလင်းလင်း ဖြေရှင်းဆောင်ရွက်ပြီးတာနဲ့ ပါတီဝင်အဖြစ်က ထွက်ပါ့မယ်” ဟု ဦးခင်မောင်ရှိန်က ဆိုသည်။
NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မတ် ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၈ ရက်နေ့တွင် ပြည်နယ်/တိုင်းအလိုက် ဗဟိုကော်မတီများ ပမာဏရွေးချယ်ခြင်း၊ အတည်ပြုချက်ခြင်း၊ ညီလာခံတွင်တင်ပြမည့် စာရွက်စာတမ်းများ၊ ပါတီလုပ်ထုံးလုပ်နည်းများ၊ ပါတီ စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်မှုဆိုင်ရာ စည်းကမ်းများ ဖြန့်ဝေမည်ဖြစ်ကြောင်း၊ မတ်လ ၉ ရက်နေ့တွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ညီလာခံကို တရားဝင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊ ယင်းနောက် ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်း၊ ဗဟို အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ မတ် ၁၀ ရက်နေ့တွင် ရွေးချယ်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းဆပ်ကော်မတီ၊ ကော်မတီများခွဲဝေ တာဝန်ပေးအပ်ခြင်း၊ အစီရင်ခံစာများ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရှိရသည်။
ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပမည့် NLD ပါတီညီလာခံသို့ တနိုင်ငံလုံးမှ ပါတီညီလာခံ ကိုယ်စားလှယ် ၉၀၀ တက်ရောက်ကြမည်ဖြစ်သည်။