ဂျော်ဒန်နိုင်ငံရောက် မြန်မာ အလုပ်သမားများ အခွင့်အရေး တောင်းဆို ဆန္ဒပြမှု မပြေမလည်ဖြစ်နေခြင်းကို ညှိနှိုင်းဖြေ ရှင်း ပေးရန်အတွက် မြန်မာအစိုးရ တာဝန်ရှိသူ ၂ ဦး သွားရောက်မည်ဟု သိရသည်။
“အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ အလုပ်သမားရေးရာ ကိစ္စများ ဆောင်ရွက်ရာတွင် အ တွေ့ အကြုံရှိသည့် ညွှန်ကြား ရေးမှူး တဦးနှင့် ဒုတိယ ညွန်ကြားရေးမှူး တဦးတို့အား ဂျော်ဒန်နိုင်ငံသို့ အမြန်ဆုံး စေ လွှတ်၍ ပြဿနာများ ပြေလည်မှု ရရှိအောင် ကြိုးပမ်းသွားမည်”ဟု ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။
ထိုအစီအစဉ်သည် မြန်မာအလုပ်သမားများ ဆန္ဒပြမှုအား ဂျော်ဒန်နိုင်ငံ၏ ဥပဒေအရ ဖြေရှင်းဆောင် ရွက်ရမည်ဖြစ် သော်လည်း ပြေလည် မှုမရှိဘဲ အချိန်ကြာမြင့်စွာ လိပ်ခဲတည်းလည်း ဖြစ်နေမှုများအား ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန် အတွက်ဖြစ်သည်ဟု ဆိုသည်။
ဂျော်ဒန် နိုင်ငံ Ramtha မြို့ရှိ Century Miracle Apparel – CMA အထည်ချုပ်စက်ရုံတွင် မြန်မာနိုင်ငံမှ အလုပ်သမား ၁ ထောင်ကျော်က လုပ်ခလစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာလူမျိုးများနှင့် ကိုက်ညီ သည့် အစားအသောက်များ ကျွေးမွေးပေးရန်နှင့် စက်ရုံအုပ်ချုပ်သူများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုများ အဆုံး သတ် ပေးရန် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက ဖြစ်သည်။
အဆိုပါ မြန်မာ အလုပ်သမားများသည် တရားဝင်လိုင်စင်ရ မဟုတ်သော အေးဂျင့်မှတဆင့် သွားရောက် အလုပ်လုပ် ကိုင်နေခြင်းဖြစ်ကြောင်း သို့သော် ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးမရှိ၍ အနီးဆုံး အစ္စရေး နိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် အလုပ်သမား ဆန္ဒပြမှု ပြဿနာကို ပြေလည်ရန် ဆောင်ရွက်ပေးနေကြောင်း မြန်မာ့အလင်း သတင်းစာက ဆိုသည်။
ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမားများက အစ္စရေး နိုင်ငံရှိ မြန်မာသံရုံးအား ဆက်သွယ် အကူအညီတောင်းခံ ခဲ့ရာ သံရုံးမှ ဦးသန့်စင် ဆိုသူက ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ သံအမတ်ကြီးထံ တင်ပြပေးမည် ဖြစ်ကြောင်း တယ်လီဖုန်းမှ တဆင့် ပြန်လည် ပြောကြားသည်ဟု ဆန္ဒပြ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ပြောသည်။
မြန်မာ အလုပ်သမားများကို ဂျော်ဒန်နိုင်ငံသို့ ပို့ခဲ့သော အလုပ်သမားအေးဂျင့် ၃ ခုအနက် New Covenant ကုမ္ပဏီမှ တာဝန်ခံ ဦးစိုင်းတင်ထွန်းက ဂျော်ဒန်နိုင်ငံသို့ သွားရောက်ကာ ဖြေရှင်းပေးခဲ့ရာ လုပ်ခ လာစာ တိုးမြှင့်ရေးမှ အပ ကျန် အချက်များအား ညှိနှိုင်း ဖြေရှင်းပေးနိုင်ခဲ့ကြောင်းလည်း သတင်းစာက ဆိုသည်။
ဆန္ဒပြ မြန်မာအလုပ်သမားများကမူ ၎င်းတို့အနေဖြင့် ဦးစိုင်းတင်ထွန်း လာရောက်ဖြေရှင်းမှုတွင် ပြေလည်မှု တစုံတရာ ရသည်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလင်းလင်း ယခုအထိ မသိရသေးကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ပြဿနာတွေ မပြေလည်သေးတာက အလုပ်ရှင်နဲ့လည်း ယနေ့အထိ တိုက်ရိုက်တွေ့ ခွင့်မရတာ၊ လာဖြေ ရှင်းပေးတယ်ဆိုတဲ့ အေးဂျင့် ကိုစိုင်းကလည်း အလုပ်ရှင်ဘက်က ခပ်ပါပါနဲ့ သူက အလုပ် ပြန်ဆင်းရေးပဲ ပြောနေတာ” ဟု ကိုကျော်ဇင်ဦးက ဧရာဝတီကို ပြောသည်။
မြန်မာအလုပ်သမ မဝင်းဝင်းမော်၊ မကေခိုင်ဆွေ၊ မစန်းစန်းထိုက်၊ မသီတာစန်းတို့ ၄ ဦးသည် မတ်လ ၁ ရက်နေ့ နံနက် စောစောပိုင်းက အလုပ်ရှင်ဘက်မှ အလုပ်ပြန်ဆင်းရေးအတွက် အင်အားသုံး ဖြိုခွင်းရန် ကြိုးစားမှုကြောင့် ထိခိုက်ဒဏ် ရာရသွားခဲ့သည်။
“တရုတ်မန်နေဂျာ မစ္စတာ ဘင်နီနဲ့ တရုတ် စကားပြန် မစ္စ ဝေါင်တို့ ဦးဆောင်ပြီး အလုပ်ရုံက တရုတ်တွေရယ်၊ နောက် ဒီက ဂျော်ဒန် အာရဗီတွေ ခေါ်လာပြီး အဆောင်ထဲ အတင်းဝင်ပြီး အမျိုးသမီးတွေကို လာခေါ်တယ်။ မလိုက်ချင်လို့ငြင်း လို့ သူတို့က ထိုးတယ်။ ကျမ မျက်နှာမှာ သူတို့ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ ရှိတယ်”ဟု အသက် ၃၇ နှစ် အရွယ်ရှိ ထိခိုက် ဒဏ်ရာရသူ မစန်းစန်းထိုက်က ဧရာဝတီသို့ ပြောသည်။
ဂျော်ဒန်နိုင်ငံသို့ ရောက်ကာ အဆိုပါ စက်ရုံတွင် ၂ နှစ်နီးပါးကြာ အလုပ်လုပ်နေသော မစန်းစန်းထိုက်က ၎င်းတို့အနေ ဖြင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရသည့်အတွက် ဆက်လက် မနေထိုင်ရဲတော့ဘဲ မြန်မာနိုင်ငံကိုသာ ပြန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာရမှုအတွက် ဂျော်ဒန် အလုပ်သမားအဖွဲ့အစည်းတခုမှ ကူညီမှုဖြင့် ရဲစခန်းတွင် နစ်နာကြေး ရလိုကြောင်း ဒဏ်ရာရ မြန်မာအမျိုး သမီး ၄ ဦး၏ ဆေးစာနှင့်တကွ တရားစွဲနိုင်ခဲ့ကြောင်း ဆက်ပြောသည်။
ဆန္ဒပြ အလုပ်သမားများအနေဖြင့် တရားစွဲဆိုပြီးနောက် ထိုးကြိတ်ခဲ့သူများကို ရဲတာဝန်ရှိသူများနှင့် စက်ရုံသို့ သွား ရောက်ရှာဖွေရာ စက်ရုံတာဝန်ရှိသူများက ထိုးကြိတ်သူများ မရှိဟု ငြင်းဆိုခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများထဲက ကိုမျိုးမင်းဦးက ရှင်းပြသည်။
“ကျနော်တို့ နောက်မှာ ဘယ်သူမှ မရှိဘူး၊ အားကိုးရာ မဲ့နေတယ်”ဟုလည်း သူက ဆက်လက် ပြောဆိုသည်။