ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြပ်အတည်းသည် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ယမန်နေ့ ဘယ်ဂျီယံနိုင်ငံ ဂျီနီဗာမြို့၌ ထုတ်ဝေသော အစီရင်ခံစာတွင် ရေးသားထားသည်။
“ပြုပြင်ပြောင်းလဲရေးများသည် မှန်ကန်ရာ ဦးတည်လျှက် ရှိသည်” ဟု မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက ဖေဖော်ဝါရီလအတွင်း မြန်မာပြည်သို့ လာရောက်၍ လေ့လာစုံစမ်းမှုများအပေါ် အခြေခံ ရေးသားထားသည့် အစီရင်ခံစာတွင် နိဂုံးချုပ်ထားသည်။
သို့ရာတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် “ရိုဟင်ဂျာ”များအပေါ် ခွဲခြားကန့်သတ် နှိပ်ကွပ်နေခြင်းနှင့် ကချင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အဓိက ဆုတ်ယုတ်မှုများဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား မတည်မငြိမ်ဖြစ်စေခြင်းနှင့် ပို မဆိုးလာခင် ထို ဆုတ်ယုတ်မှုများ အကြောင်း ထုတ်ဖော်ပြောဆိုရန် အချိန်ကျပြီဖြစ်သည်” ဟု အစီရင်ခံစာက ဆိုထားပြီး ပြုပြင်ပြောင်းလဲရေးများ တိုးတက်မှုရှိသော်ငြား “ထိပ်ပိုင်းတွင် ပြုပြင်ပြောင်းလဲရေးနှင့် ကွင်းထဲတွင် လက်တွေ့ အကောင်အထည် ဖော်ရေးတို့အကြား ကြီးစွာသော ကွာဟချက် ရှိနေသည်” ဟုလည်း ရေးသားဖော်ပြထားသည်။
ယခု အစီရင်ခံစာကို ရှေ့အပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ဆယ်စုနှစ်ချီ စစ်အစိုးရများ၏ ဖိနှိပ်မှုကြောင့် သတ်မှတ်ခံထားရသည့် “စိုးရိမ်ဖွယ် နိုင်ငံ” အဆင့်မှ သမ္မတ ဦးသိန်းစိန်၏ ဆောင်ရွက်ချက်များကြောင့် ယင်းသတ်မှတ်ချက်ကို ဖြုတ်ပယ်သင့် မသင့် ဆွေးနွေးကြရန်လည်း ရှိသည်။
ဂျီနီဗာရှိ သံတမာန်များ၏အဆို အဆိုပါသတ်မှတ်ချက်ကို ရုပ်သိမ်းရန် ယမန်နှစ်က မူအရ သဘောတူထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်ရေးကို လက်ခံဆောင်ရွက်ရန် လိုကြောင်း သိရသည်။
ကင်တားနား၏ အစီရင်ခံစာတွင် နစက နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက မွတ်စလင်များကို ခွဲခြားဖိနှိပ်မှုများရှိနေကြောင်း၊ မွတ်စလင် လူငယ် အများစုပါဝင်သော လူ ၁၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ကြောင်းတို့ ရေးသားဖော်ပြထားပြီး ညှင်းပမ်းနှိပ်စက်မှုများ မလုပ်ရန်လည်း တောင်းဆိုထားသည်။
စစ်အစိုးရလက်ထက်ကဲ့သို့ မဟုတ် ပြောင်းလဲတိုးတက်မှုများရှိလာခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျင်ပင် ဖမ်းဆီးထောင်ချနိုင်နေသေးကြောင်း၊ စစ်အစိုးရလက်ထက်နှင့် လတ်တလော တပ်မတော်၏ ဖိနှိပ်ညှင်းပန်းမှုများကို ဖော်ထုတ်ပြီး တရားခံများကို တရားရုံးတင် စစ်ဆေးသင့်ကြောင်း ကင်တားနားက တိုက်တွန်းထားသည်။
ကချင်ပြည်နယ် မြောက်ပိုင်းတွင် “အရပ်သားများကို တိုက်ခိုက်ခြင်း၊ အကျဉ်းချုံး သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်း၊ ညှင်းပမ်းခြင်းများ” ကျူးလွန်ကြောင်း စွပ်စွဲချက်များရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား ၂၅၀ ခန့်ကို အကျဉ်းထောင်များတွင် ဆက်လက် ထိန်းသိမ်းထားဆဲဟု ယုံကြည်ရလောက်သည့် တင်ပြချက်များလည်းရှိနေကြောင်းလည်း ဖော်ပြထားသည်။