ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက စီတန်းလှည့်လည်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးဖြစ်သည့် ဒေါ်ညိုအေးနှင့် ဦးကျော်ဇော်ဦးတို့ကို ဆန္ဒပြပွဲအပြီး အိမ်ပြန် အရောက်တွင် ရဲစခန်းက လာရောက် ခေါ်ယူသွားပြီး ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ကြောင်းနှင့် တရားစွဲပြီး အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း တရားစွဲ ခံထားရသူ ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ပြောသည်။
“မနေ့က ညက ကျမတို့ စီတန်းလှည့်လည်အပြီး အိမ်ပြန်ရောက်သွားတဲ့ အချိန် ည ၇ နာရီ ၂၀ လောက်မှာ ကျမတို့ မင်းဂံက ရဲတပ်ဖွဲ့မှူး ဦးအေးကျော်က လာခေါ်ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကိုပို့ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်သာဝင်းက အမှတ် ၁ ရဲစခန်းမှူးကို လှမ်းခေါ်ပြီးတော့ ကျမတို့ကို ကိုယ်ရေး ရာဇဝင်ရေးတယ်။ ပြီးတော့ သူတို့က ခင်ဗျားတို့ တရားမဝင် စီတန်း လှည့်လည်မှုဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရဘဲ လမ်းမပေါ်တက်တဲ့ အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲမယ် ဆိုတဲ့ အကြောင်း ပြောပါတယ်” ဟု ဒေါ်ညိုအေးက ဧရာဝတီကို ပြောသည်။
၎င်းနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ၂ ဦးက လာရောက် အာမခံပေးသောကြောင့် အာမခံ ရခဲ့ကြောင်း ဒေါ်ညိုအေးက ဆိုသည်။
“ကျမတို့ကို အာမခံရတယ်လို့ ပြောတဲ့ အတွက် မြို့နယ်မှူးကပဲ ကျမတို့ ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးကို ခေါ်ပြီးတော့ ကျမကို အာမခံပေးပါတယ်” ဟု သူက ဆက်ပြောသည်။
ယမန်နေ့ နေ့လည် ၂ နာရီ ခန့်တွင် စစ်တွေမြို့ရှိ သံဃာတော်များနှင့် ပြည်သူများက ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ရန်၊ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား အခွင့် အရေး မပေးရန်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန်၊ တရား မဝင်နေထိုင်သူများအား ဥပဒေကြောင်း အရ အမြန်ဆုံး အရေးယူပေးရန်၊ ဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို လေးစားရန်၊ နိုင်ငံသား မဟုတ်သူများ အရေး ကိုင်တွယ်မှု ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် မြောက်ဦးမြို့တွင် ၁၉၈၂ ဥပဒေ အကောင်အထည် မဖော်နိုင်သေးသရွေ့ နိုင်ငံသား မဟုတ်သူများအား ကယ်ဆယ်ရေး စခန်းများတွင်ထားရန် စသည့် အချက်များကို စစ်တွေမြို့တွင်း စီတန်းလှည့်လည်ကာ တောင်းဆို ဆန္ဒပြခဲ့ကြပြီး ၃ နာရီခွဲတွင် အေးချမ်းစွာ လူစုခွဲခဲ့ကြသည်။
ဆန္ဒပြပွဲ လုပ်ဆောင်ရန် သက်ဆိုင်ရာ အာဏာပိုင်များသို့ တင်ပြ တောင်းဆိုထားသော်လည်း ခွင့်ပြုချက် မရဘဲ မိမိတို့ စီစဉ်ထားသည့် အတိုင်း ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ နောက်တဦးဖြစ်သည့် ဦးကျော်ဇောဦးက ပြောခဲ့သည်။
“ကျနော်တို့က ဆန္ဒပြပွဲကတော့ ခွင့်ပြုချက် ရရ မရရ လုပ်တဲ့သဘောပါခင်ဗျ။ ပထမတော့ ၆ ရက်နေ့ အတွက်ဆိုပြီးတော့ ခွင့်ပြုချက် လျှောက်ပါတယ်။ အဲဒါ မြို့နယ်မှာခွင့်ပြုချက် လျှောက်တော့ ကျ မလာဘူး။ ဒါပေမယ့် အစီအစဉ်တွေ လုပ်ထားပြီးသား ဖြစ်နေတဲ့ အတွက် လုပ်လိုက်တာဖြစ်ပါတယ်” ဟု ဦးကျော်ဇောဦးက ဆိုသည်။
ဆက်လက်၍ ဒေါ်ညိုအေးက တရားစွဲဆိုခံရသော်လည်း ၎င်းတို့ လုပ်ဆောင်ချက် အောင်မြင်ခဲ့သဖြင့် ဝမ်းမြောက်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော်ကို ပုန်ကန်တော်လှန် နေခြင်းလည်း မဟုတ်ကြောင်း၊ တို့တာဝန် အရေး ၃ ပါးကိုလည်း မဖောက်ဖျက်ဘဲ ပြည်သူ့ရှုထောင့်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“ကျမတို့ တောင်းဆိုချက်အပေါ်မှာ လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ အချိန်ကို စောင့်ကြည့်ပြီးတော့ ထပ်မံပြီး လုပ်ဆောင်သွားမယ့် အချက်တွေ အများကြီးရှိနေတယ်။ အဲဒီ ကြားထဲမှာ ကျမတို့က စောင့်ကြည့်ရဦးမယ်” ဟု သူက ဆိုသည်။
ရခိုင် ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင်နှင့် နိုဝင်ဘာလများက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် မွတ်စလင် ဘာသာဝင် ဒုက္ခသည်များကို တူရကီ အစိုးရမှ နေအိမ်များ ဆောက်လုပ်ပေးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသောကြောင့် တရားမဝင် နေထိုင်သူများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်ပြီးမှ နေရာပြန်လည် ချထား စေလိုကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ သံဃာတော်တပါးက မိန့်သည်။
“ဦးဇင်းတို့က သူတို့ကို အိမ်မပေးပါနဲ့လို့ မပြောပါဘူး။ မပိတ်ပင်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်က လုပ်ဆောင်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ စစ်ဆေးပြီး နိုင်ငံသား မှန်ကန်တဲ့လူတွေကို နေအိမ်တွေ ပြန်ပေးပြီးတော့ နိုင်ငံသား မဟုတ်တဲ့ လူတွေကို အစိုးရက တခုခု စီစဉ်ဖို့ပါ။ နောက်ပြီးတော့ မြန်မာနိုင်ငံထဲက ကိစ္စကို မြန်မာအစိုးရလက်ထဲမှာပဲ ကိုင်တွယ် လုပ်ဆောင်သင့်တယ်။ ဥပမာ တူရကီကနေ လာပြီး အိမ်တွေဆောက်ပေးမယ် ဆိုတဲ့ ပုံစံမျိုးတွေကိုလည်း ဦးဇင်းတို့ လက်မခံနိုင်ဘူး” ဟု ယင်း သံဃာက ဆိုသည်။
ယမန်နေ့က ဆန္ဒပြပွဲများကို ရခိုင်ပြည်နယ် စစ်တွေ အပါအဝင်၊ မြောက်ဦးနှင့် ကျောက်ဖြူမြို့များတွင်လည်း ပြုလုပ်ခဲ့ပြီး ယခုလ ၁၀ ရက်နေ့တွင် ရသေ့တောင်မြို့၌ ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။