မြန်မာနိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို အစိုးရအနေဖြင့် ကာကွယ်ပေးရန် လိုအပ်နေကြောင်း ပြည်တွင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူများက ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနှင့် မအူပင် လယ်ယာမြေ ကိစ္စတွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေသူ အမျိုးသမီးများကို အစိုးရ အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းသည် အမျိုးသမီးများ ရပိုင်ခွင့် အခွင့်အရေးများကို အစိုးရကိုယ်တိုင် ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသော Womem’s Galaxy နှင့် Generation Youth’s အဖွဲ့တို့က ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂမှ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံးဖျက်သိမ်းရေး သဘောတူစာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက်၍ မည်သည့် ဆောင်ရွက်ပေးမှုမျှ လုပ်ဆောင်ပေးခြင်း မရှိကြောင်း Womem’s Galaxy အဖွဲ့မှ မယဉ်မျိုးလှိုင်က ပြောသည်။
“အမျိုးသမီး အကြမ်းဖက် ခံရရင် ဘယ်လို အကာအကွယ်ပေးမလဲ။ လူကုန်ကူး ခံနေရတာတွေ ရပ်တန့်အောင် ဘယ်လို လုပ်ပေးမှာလဲ။ CEDAW မှာ ပါတဲ့ အပိုဒ် ၁၆ ပိုဒ်စလုံးကို မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုမှာ လုံး၀ ခံစားခွင့် မရှိဘူး။ ဥပဒေအရပဲဖြစ်ဖြစ်၊ အမျိုးသားနဲ့ အမျိုးသမီးကတန်းတူမဖြစ်သေးဘူး။ အစိုးရအနေနဲ့လည်း အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှုတွေရှိရင် တာဝန်ခံမှုရှိလာအောင် ကျမတို့ကြိုးစားမယ်။ အစိုးရအနေနဲ့ ကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင်မှ အမျိုးသမီး အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင် ကူညီပေးသင့်တယ်။ ဥပမာ သူတို့ ဖွဲ့ထားတဲ့ အမျိုးသမီး ရေးရာ၊ သူတို့ကဘာလုပ်နေလဲ။ ဒီလိုနေ့မျိုးကို အမျိုးသမီးရေးရာက ဦးဆောင်ပြီး လုပ်ပေးသင့်တာ” ဟု သူက ဆိုသည်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို အစိုးရအနေဖြင့် အသိအမှတ်ပြု၍ တရားဝင် ရုံးပိတ်ပေးရန်နှင့် နိုင်ငံတကာတွင် အမျိုးသမီးများနေ့ အထိမ်းအမှတ်ပွဲတော်များ လုပ်ဆောင်ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပြုလုပ်ပေးစေ လိုကြောင်း Generation Youth’s အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ပြောသည်။
“ဒီနေ့ညနေ ၄ နာရီမှာ ကမာရွတ် လှည်းတန်းနဲ့ အင်းလျား ကန်ပေါင်မှာ ကြေညာချက်ဝေဖို့ အစီအစဉ် ရှိပါတယ်။ အစိုးရအနေနဲ့ အမျိုးသမီးထုကို အကြမ်းဖက်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ လုံးဝလက်မခံဘူး။ အမျိုးသမီးထုကို ကာကွယ်ဖို့ ကျနော်တို့ အမျိုးသားတွေမှာလည်း တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ အမျိုးသမီးနဲ့ အမျိုးသား ပူးပေါင်းပြီးတော့ အမျိုးသမီး အခွင့်အရေးတွေ ရအောင် ဆောင်ရွက်ချင်တယ်” ဟု သူက ဆက်ပြောသည်။
Womem’s Galaxy အဖွဲ့အနေဖြင့် ရန်ကုန် မြောက်ဥက္ကလာပ မြို့နယ်ကို အခြေပြု၍ အမျိုးသမီးစကားဝိုင်းများ ပြုလုပ်ကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းတို့ကို ဆွေးနွေးပြောဆိုမှုများဖြင့် အမျိုးသမီးများ အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်လျှက် ရှိကြောင်း မယဉ်မျိုးလှိုင်က ရှင်းပြသည်။
“အမျိုးသမီးတွေမှာ အမျိုးသမီးအခွင့်အရေး ရှိတယ်ဆိုတာကို ဒီမှာသိပ်မသိကြဘူး။ ကိုယ့်အခွင့်အရေး ရှိတယ်ဆိုတာကို သိစေချင်တယ်။ ဒီအခွင့်အရေးဟာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ် ဆိုတာကို သိစေချင်တယ်။ သူ့အခွင့်အရေးကို သူသိမယ်ဆိုရင် ဦးဆောင်တဲ့ ကဏ္ဍမှာ ပါလာနိုင်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး ဦးဆောင်မှုကဏ္ဍက အရမ်းကို နည်းပါး နေတယ်။ ကျမတို့က အမျိုးသမီးထုရဲ့ ဦးဆောင်မှုကဏ္ဍကို အရမ်းလိုချင်တယ်” ဟု သူက ပြောသည်။
အစိုးရအနေဖြင့် အမျိုးသမီးများအား ကာကွယ်ပေးသည့် တာဝန်ယူမှုနှင့် အကြမ်းဖက် ခံရမှုများအတွက် အဖြစ်မှန်များ ပေါ်ပေါက်အောင် လုပ်ဆောင်ပေးရန် ၁၀၂ ကြိမ်မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်သော မတ်လ ၈ ရက်နေ့တွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသော Womem’s Galaxy နှင့် Generation Youth’s အဖွဲ့တို့က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။
မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရ လက်ထက်မှစ၍ ယနေ့ထက်တိုင် နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများ နေ့အဖြစ် အသိအမှတ်ပြုထားပြီး အစိုးရ ကျောထောက်နောက်ခံပြု အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းတို့က ဦးဆောင်ကာ သီးသန့် အခမ်းအနားများ၊ အစည်းအဝေးပွဲများ ပြုလုပ်ကျင်းပလေ့ ရှိသော်လည်း ထိုနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။