ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် မြန်မာဆရာတော် ဦးကောန္တိညကို ကျောင်းထိုင် ဆရာတော်အဖြစ် ထားရှိရန် စီစဉ်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဥပဒေတွင် ကျောင်းထိုင်ဘုန်းတော်ကြီး ပျံလွန်တော်မူခဲ့ပါက ထိုင်းဘုန်းကြီးတပါးကိုသာ ကျောင်းထိုင်အဖြစ် ခန့်အပ်ရမည်ဟု ဆိုထားသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်မှုကြောင့် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းခဲ့ပြီး ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး သာသနာပိုင်ဆရာတော် စွတ်မရိတ် ကလည်း မြန်မာဘုန်းကြီးတပါး ဆက်လက် ကျောင်းထိုင်ရန် ခွင့်ပြုခဲ့သည့် အတွက် မြန်မာဆရာတော်ကို ကျောင်းထိုင်အဖြစ် ထားရန် စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ မြန်မာဘုန်းတော်ကြီး ဦးကောနိ္တညကို ကျောင်းထိုင် ဆရာတော် အဖြစ်ထားဖို့ရှိတယ်၊ လက်ရှိမှာ ဆရာတော်က ယာယီကျောင်းထိုင် အဖြစ် သီတင်းသုံးနေဆဲပါ။ နောက်ထပ် သင့်တော်တဲ့ သံဃာတွေကိုတော့ ဆရာတော်ရဲ့ လက်အောက်မှာပဲ ဆက်ပြီး သာသနာပြုခွင့် ပေးသွားမယ်” ဟု ပျံလွန်တော်မူသွားသည့် ဆရာတော် ဦးအာသဘ ဈာပန အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
ဆရာတော် ဦးကောန္တိညမှာ ထိုင်းနိုင်ငံရှိ ဗုဒ္ဒဘာသာ တက္ကသိုလ်တွင် ကျမ်းစာပြုစု သင်ကြားနေသည့် ဆရာတော် ဖြစ်သည့်အပြင် ယင်းနိုင်ငံတွင် သာသနာပြုနေသည်မှာ ၃၅ နှစ် ကြာမြင့်ပြီဖြစ်ကြောင်း၊ အဆိုပါ ဆရာတော်ကို ကျောင်းထိုင် အဖြစ်ထားရန် မြန်မာနိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများကလည်း သဘောတူကြကြောင်း သိရသည်။
“သူတို့က မြန်မာကိုမုန်းလို့၊ မကြိုက်လို့ လုပ်တာမဟုတ်ပါဘူး၊ တာဝန်အရ လုပ်ကြတာပါပဲ။ အခုဆိုရင် မြန်မာဘုန်းကြီးတွေ လည်း လုံခြုံမှုရနေပါပြီ” ဟု ဦးထွန်းထွန်းဦးက သူ၏ အမြင်ကို ပြောသည်။
ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် လက်ရှိ သီတင်းသုံးနေသော မြန်မာဘုန်းကြီး ၆ ပါးရှိပြီး ကျောင်းထိုင် ဆရာတော် ခန့်အပ်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ သာသနာပြု လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခင်က ချင်းမိုင်မြို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိခဲ့သော်လည်း ကျောင်းထိုင်ဆရာတော်များ ပျံလွွန် တော်မှုပြီးနောက် ထိုင်းဘုန်းကြီးများ အစားထိုး ကျောင်းထိုင်ခဲ့ကြပြီး မြန်မာဘုန်းတော်ကြီး ကျောင်းများ ပျောက်ကွယ် ခဲ့ကြောင်း၊ လက်ရှိတွင် ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်းသာ ကျန်တော့ကြောင်း ဦးထွန်းထွန်းဦးက ရှင်းပြသည်။
ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၅၀ ခန့် ဘုရင့်နောင် မင်းတရားလက်ထက်တွင် မြန်မာစစ်သူကြီး တဦး တည်ဆောက် ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုအချိန်က ချင်းမိုင်မြို့အပါအဝင် ထိုင်းနိုင်ငံသည် မြန်မာဘုရင်၏ အုပ်ချုပ်မှု အောက်မှ ဒေသတခု ဖြစ်ခဲ့သည်။
ကျောင်းထိုင် ဆရာတော် ထားရှိရေးကိစ္စ မပြီးပြတ်သေးသောကြောင့် ပျံလွန်တော်မူသွားသည့် ကျောင်းထိုင်ဆရာတော် ဦးအာသဘ၏ ရုပ်ကလာပ်ကို ယင်းကျောင်းတွင်ပင် ၂ နှစ်အကြာ ဆေးထိုး သိမ်းဆည်းထားခဲ့ပြီး ယခုမှ မြန်မာဆရာတော် တပါး ဆက်လက် ကျောင်းထိုင်ခွင့် ရသည့်အတွက် မတ် ၈ ရက်မှ ၁၀ ရက် အထိ ဈာပန အခမ်းအနား ကျင်းပ ပြုလုပ်မည် ဖြစ်ကာ ၁၀ ရက်နေ့ ညနေ ၃ နာရီတွင် မီးသင်္ဂြိုဟ်မည် ဖြစ်သည်။
အဆိုပါ ဈာပန အခန်းအနားသို့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ဆရာတော် အရှင်ဆေကိန္ဒ၊ ဗန်းမော် ဆရာတော် နှင့် ပီနန် ဆရာတော်တို့အပြင် မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တို့လည်း တက်ရောက် ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ဝပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံးခဲ့ပြီး ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူသွားပြီ ဖြစ်သော ဆရာတော် ဦးအာသဘ၏ နေရာ၌ ထိုင်းကျောင်းထိုင် သံဃာထားရှိရန် ထိုင်းသာသနာရေး ဦးစီးဌာနနှင့် ထိုင်းသံဃာများက စီစဉ်ခဲ့သောကြောင့် ကျောင်းဂေါပက အဖွဲ့ဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကျော်က ပြီးခဲ့သည့် ၂၀၁၁ ဇူလိုင် ၉ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ ဖြစ်ပွားခဲ့သော ဝပ်ဆိုင်းမွန်းကျောင်းသို့ သီတဂူ ဆရာတော်အရှင်ဉာဏိဿရ ကြွရောက်ပြီး မြန်မာပရိသတ် ၃၀၀ ကျော်ကို ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးတရား ဟောကြားပေးခဲ့ဖူးသည်။