သတင်း

လက်ဖက် ထုတ်လုပ်မှု ပြိုလဲတော့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ဖက်ဈေးကွက် ကျဆင်းလာခြင်းကြောင့် ပလောင်ဒေသမှ တောင်သူများ လုပ်ငန်းခွင်ကိုစွန့်ခွာ နေကြသည့်အတွက် လာမည့်နှစ် အနည်းငယ်အတွင်း လက်ဖက် ထုတ်လုပ်မှုပြိုလဲသွားနိုင်ကြောင်း အဆိုပါဒေသသို့ မကြာသေးမီက သွားရောက် လေ့လာသည့် စိုက်ပျိုးရေး ပညာရှင်များက ပြောဆိုလိုက်သည်။

ယင်း ပညာရှင်များသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးရေး ဝန်ကြီးဌာန တို့၏ ပူးပေါင်းလုပ်ဆောင်နေသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒေသဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်နှင့် တခြားသော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ သွားရောက်၍ ဒေသခံများနှင့် တွေဆုံ ကွင်းဆင်း လေ့လာခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်နိုင်ငံများမှ ဝင်ရောက်လာသည့် လက်ဖက်ထုတ်ကုန်များကို မယှဉ်ပြိုင်နိုင်ခြင်း၊ ဆိုးဆေးဂယက်ကြောင့် ပြည်တွင်း လက်ဖက် ဈေးကွက် ကျဆင်းသွား၍ အရှုံးပေါ်ကာ လက်ဖက်တောင်သူများ လုပ်ငန်းခွင်ကို စွန့်ခွာပြီး တရုတ် ပြည် သို့သွားရောက် အလုပ်လုပ်ကိုင်မှု များပြားလာကြောင်း၊ အစိုးရ အပါအဝင် ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများမှ ကျားကန် ပေးမှုမရှိလျှင် ပြိုလဲသွားနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ဆိုသည်။

အဆိုပါ UNDP ၏ ဒေသဖွံဖြိုးရေး စီမံကိန်းတာဝန်ခံ စိုက်ပျိုးရေးပညာရှင်ဟောင်း ဦးစံသိန်းက“လုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့ တွေ့ဆုံပြီး ပွင်းပွင်လင်းလင်း ပြောဆိုတယ်၊ ယှဉ်ပြိုင်နိုင်စွမ်း မရှိတာရယ်၊ တဖက်နိုင်ငံသွား အလုပ်လုပ်ကိုင်တာတွေကြောင့် သေချာ ပေါက်ယိမ်းယိုင်နေပြီ၊ ဒီအတိုင်းဆိုရင် ပြိုလဲသွားမယ်”ဟု ဧရာဝတီကိုပြောသည်။

ထို့ကြောင့် လက်ဖက်လုပ်ငန်း ပြန်လည်နာလန်ထူလာရေး ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများက ဝင်ရောက်ကျားကန်ပေးရန်လို အပ် ကြောင်း၊ ကာလတခု သတ်မှတ်ပြီး ချေးငွေ၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေးနည်းစနစ်သစ်များ ကူညီနိုင်မည်ဟု မျှော်လင့် ကြောင်း ဦးစံသိန်းက ဆိုသည်။

ကမ္ဘာ့ဘဏ်သည် ဗီယက်နမ်နိုင်ငံ၏ လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကိုလည်း အလားတူ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ဖူးသည်။

ပလောင်ဒေသသည် လက်ဖက်တမျိုးတည်းကိုသာ စိုက်ပျိုးသည့်အတွက် ဈေးကွက်ပျက်ပြားသည့်အခါ တောင်သူများ ပိုမိုအထိ နာကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင် လက်ဖက်စိုက်ပျိုးရေးကို လျစ်လျူရှု့မထားဘဲ လယ်ယာ ကဏ္ဍ ကို အားပေးသကဲ့သို့ပင် ကူညီသင့်ကြောင်း၊ လက်ဖက်သုတေသနဌာန များထားရှိကာ ပြုလုပ်သင့်ကြောင်း ဦးစံသိန်းက ထောက်ပြသည်။

ယင်းဒေသ၌ လက်ဖက်စိုက်ဧက ၅ သောင်းခန့် ရှိသော်လည်း သမားရိုးကျ မိရိုးဖလာအဆင့်တွင်သာရှိ ပြီး အထွက်တိုးစေရန် မြေသြ ဇာသုံးစွဲမှုမရှိကြောင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် အတန်းလိုက် စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေပြီး ခူးဆွတ်ရာတွင် လည်း စက်များဖြင့် အညွန့်အဖူး များကိုသာခူးသဖြင့် အရည်အသွေးပိုင်းတွင် ကွာခြားမှုရှိကြောင်း စိုက်ပျိုးရေး ပညာရှင်များနှင့် ဒေသခံ လက်ဖက် တောင်သူတချို့က ဆိုသည်။

ကျောက်မဲဒေသခံ စိုက်ပျိုးရေးပညာရှင်ဟောင်း ဦးတင်မောင်သိန်းက“စိုက်ပျိုးရေး အယူအဆအရ လက်ဖက်ပင်ဆိုတာ ကိုင်းတွေ ခုတ်ပေးမှ ရွက်သစ်ထိုးတာ၊ တချို့ ကိုင်းခုတ်ဖို့ပြောရင် မိဘဘိုးဘွားက အမွေပေးတဲ့အပင် ဒါကြောင့် ဓားနဲ့ခုတ်ရင် မိဘကို ဓားနဲ့ ခုတ်တာနဲ့ အတူတူပဲ ယူဆပြီး မခုတ်ကြဘူး” ဟုပြောသည်။

လက်ရှိအခြေအနေတွင် လက်ဖက်တစ်ရာသီ၏ အထွက်နှုန်းမှာ တဧက ပိဿာ ၃၅၀မှ ၅၀၀အထိသာထွက်ပြီး၊ နိုင်ငံတကာတွင် တဧကလျှင် ပိဿာ ၁ထောင်မှ ၁၅၀၀ အထိထွက်သည်။

လက်ဖက်ဈေးကွက်ပျက်ပြားကာ တောင်သူများ ထိခိုက်နေခြင်းနှင့် ပတ်သက်ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများက
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) အဖွဲ့နှင့် ဆက်သွယ်ပြီး လက်ဖက် စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို မကြာမီ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဆိုသည်။

နမ့်ဆန်မြို့ တက်နေဝန်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးသန်းထွန်းက“စိုက်ပျိုးရေးကို နည်း စနစ်ကျကျ ကူညီမယ်ဆိုရင် ငွေအင်အား အရင်းအနှီးလိုတယ်၊ ဒေသခံတွေကလည်း မတတ်နိုင်ဘူး၊ အဲဒီတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေ အထောက်အပံ့ရမှသာဖြစ်မယ်”ဟု ဆိုသည်။

ပလောင်ဒေသသည် လူမှုရေး၊ စီးပွားရေး ကဏ္ဍတွင် နိမ့်ကျလျက်ရှိရာ ဒေသစီးပွားရေးဖြစ်သည့် လက်ဖက်စိုက်ပျိုးရေးကို မြှင့်တင် ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲရုံသာမက ကုန်ချောထုတ်လုပ်မှုတွင်လည်း ခေတ်မီစက်များဖြင့်လည်းသန့် စင်ထုတ်လုပ်ပြီး ကမ္ဘာ့ လက်ဖက်ခြောက်ဈေးကွက်ကို ထိုးဖောက်ရန်လိုကြောင်း ဦးသန်းထွန်းက ဆက်ပြောသည်။

ကမ္ဘာ့လက်ဖက်ခြောက်ဈေးကွက်တွင် တရုတ်နိုင်ငံက အခါးခြောက်(Green Tea) ကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံက အချိုခြောက် (Black Tea) ကိုလည်းကောင်း အကြီးအကျယ် ထုတ်လုပ်ရောင်းချလျက် ရှိသည်။

သို့သော် ဒေသခံများကမူ လက်ဖက်တောင်သူများ လုပ်ငန်းခွင် စွန့်ခွာရခြင်း၌ ဒေသတွင်းမငြိမ်သက်မှုများကြောင့်လည်း ပါဝင်ကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကချင်ပဋိပက္ခကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ ဝင်ရောက်လှုပ်ရှားလာသည့်အပြင် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)၊ SSA/ SSPPတပ်များနှင့် ရှမ်းပြည် တပ်မတော်(SSA) တောင်ပိုင်းတပ်များ ဒေသတွင်းသို့ ဖြန့်ခွဲကာ ဒေသခံများထံမှ ဆက်ကြေး၊ ရိက္ခာနှင့် လူသူစု ဆောင်းခြင်း၊ အလားတူ အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများကိုကြောင့် ပလောင်တိုင်းရင်းသားများ စွန့်ခွာရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ဖက်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘဝတွင် လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်တို့သည် အရေးပါသော အရာ များဖြစ်ပြီး “အရွက်တွင်လက်ဖက်”ဟုပင် ဆိုရိုးစကား ရှိခဲ့သည်။

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုထွန်းကားသည့် မြန်မာနိုင်ငံ၌ အချိုခြောက်မှာ အများဆုံးရောင်းရသော်လည်း ပြီးခဲ့သည့် နှစ်များက အချို ခြောက်နှင့် လက်ဖက်စိုတွင် ဆိုးဆေးများပါရှိသည်ဟု ကြေညာခံရသည့်အတွက် ရောင်းအားကျဆင်း သွားကြောင်း လက် ဖက် စိုက်ပျိုး ထုတ်လုပ်သူများက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လက်ဖက်၏ သဘောအရ အမည်းရောင်သို့ ပြောင်းလဲတတ်သည့်အတွက် ဈေးကွက်၏ တောင်းဆိုမှုအရ လူကြိုက် များ စေရန် အဝါရောင်ချည်ဆိုးဆေးကို သုံးကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ဖက်ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ ကိုးကန့် လောက်ကိုင်၊ မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်းနှင့် ရှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ပင်းတယ၊ ရွာငံတို့တွင် စိုက်ပျိုးသည်။

ချင်းပြည်နယ်တွင်လည်း အစိုးရ လက်ဖက်စီမံကိန်းချ၍ စိုက်ပျိုးသော်လည်း အောင်မြင်မှုမရှိဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading