ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။
(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။
“ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။ မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ” ဟု ဒေါ်လေးလေးက ဆိုသည်။
အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့်ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။
“သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက “အန်တီ သမီး တောင်းပန်ပါတယ်” ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး” ဟု ခိုးယူမှုဖြင့် ပြန်လည် တရားစွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။
နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင် နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့်
ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ် ၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။
အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။
“ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ်ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး” ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်က
ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင် ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။
“ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင်သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့အတွက် ပျော်တယ်” ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။
ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။