ပြည်တွင်းစာနယ်ဇင်းသမားများအားလုံး တညီတညွတ်တည်း ကန့်ကွက်နေသော ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းတွင် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားရန် ကြိုးစားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောဆိုလိုက် သည်။
ယနေ့ ရန်ကုန်မြို့၊ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ် ရန်ကုန်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ နှင့်သတင်းမီဒီယာများတွေ့ဆုံပွဲတွင် သူရဦးအေးမြင့်က နိုင်ငံတော်သမ္မတရုံးက မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)ကိုဖွဲ့စည်းပြီး မီဒီယာဥပဒေကြမ်း ရေးဆွဲခိုင်းထားချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြလာ သည့်အတွက် အထူး အံ့သြမိကြောင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲပြီး ပေါ်ပေါက်လာမည့် ပုံနှိပ်နှင့် မီဒီယာဥပဒေနှင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအကြား ပဋိပက္ခများ ဖြစ်ပွားစေနိုင်သည်ဟု ထင်မြင်ကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော်တွင် ဆိုင်းငံ့ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲနေသော မီဒီယာဥပဒေကြမ်းပေါ်ထွက်လာမှသာလျှင် ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း၊ စာနယ်ဇင်းကောင်စီ၏ မီဒီယာဥပဒေ ကြမ်းက ပြည့်စုံလျှင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဥပဒေကြမ်းကို ပယ်ဖျက်နိုင်ကြောင်း ဆိုသည်။
“နည်းလမ်း ၄ လမ်းရှိတယ်။ နံပါတ် ၁ ကတော့ ဒီဥပဒေ(အစိုးရပုံနှိပ်ဥပဒေကြမ်း) ကို ပယ်ဖျက်လို့တော့ မရနိုင်တော့ဘူး။ ဒီဥပဒေကို လက်ခံလိုက်ပြီးပြီ။ နံပါတ် ၂ ကတော့ ပြင်ဆင်ဖို့။ ပြင်ဆင်ပြီးတော့ ဒီဥပဒေ ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ပေါ်လာတဲ့ ဥပဒေနဲ့ နောက်ပေါ်လာမယ့်ဥပဒေ (စာနယ်ဇင်းကောင်စီက ရေးဆွဲနေသော ဥပဒေတွေ) Conflict မဖြစ်နေဘူးလား။ အဲဒါကြောင့် တတိယနည်းလမ်းဖြစ်တဲ့ ဆိုင်းငံ့ပေးပါ။ ဆိုင်းငံ့လိုက်ရင် ဒီလွှတ်တော်ပြီးသွားမယ်။ ဒီလွှတ်တော်က မတ်လ အတွင်းပြီးမယ်။ Press Council ကလည်း ရေးဆွဲမယ်။ ဘက်ပေါင်းစုံက ကိုယ်စားလှယ်တွေ ပြည့်ပြည့်စုံစုံ ရေးကြပါ။ စုစုစည်းစည်း လုပ်ကြပါ။ ဥပဒေကိုလည်း အစောဆုံး ထွက်လာအောင် လုပ်ကြပါ။ ဥပဒေထွက်လာရင် ဝန်ကြီးဌာနလည်းပေး ကျနော်တို့ လွှတ်တော်လည်းပေးထား။ အဲဒီဥပဒေကို အကုန်လုံးကလည်း လက်ခံလိုက်ကြရင် ဒီဥပဒေကို ပယ်ဖျက်လိုက်။ ဒီလို Process လေးနဲ့သွားသင့်တယ်လို့ ယူဆပါတယ်”ဟု သူရဦးအေးမြင့်က ဆိုသည်။
၁၉၆၂ ခုနှစ်မှစတင်ပြီး ဝိဝါဒ ကွဲပြားမှုများကြောင့် နိုင်ငံနှင့်ပြည်သူများ ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး လတ်တလော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ထားခြင်းကသာ စည်းလုံးညီညွတ်မှု မပြိုကွဲစေသော အဖြေတခုဖြစ်လိမ့်မည်ဟု သူရဦးအေးမြင့်က ပြောသည်။
“အစိုးရဘက်က လိုက်နေတာလည်း မဟုတ်ဘူး၊ စာနယ်ဇင်းဘက်ကလည်း လိုက်နေတာလည်း မဟုတ်ဘူး။ အကုန်လုံး ပြည်သူတွေနဲ့ ဒီလောကသားတွေ အားလုံးအတွက် ဒီလိုဆုံးဖြတ်သင့်လို့ အဖြေက ဒါပဲ။ ကျနော်တို့နိုင်ငံက သဘောထား ဝိဝါဒတွေ ကွဲပြားနေတာနဲ့ လုံးချာလည်ချာ လိုက်နေတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ အခုလို အခွင့်ကောင်းရတဲ့အချိန်မှာ ဆက် မဖြစ်သင့်တော့ဘူး။ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း သွားကြပါ။ ဘက်ပေါင်းစုံ ပြည့်ပြည့်စုံစုံ စဉ်းစားကြပါ။ အကုန်လုံး စုစည်းတဲ့ Unity အားနဲ့သွားပြီးတော့မှ ပြည်သူတရပ်လုံး၊ စာနယ်ဇင်းလောကသားတွေ အားလုံးကို အထောက်အကူပြုသော အကာအကွယ်ပေးသော ဥပဒေတရပ် ထွက်ပေါ်လာဖို့ မဖြစ်သင့်ဘူးလား။ အဲဒါလေးကို အခြေခံပြီး စဉ်းစားလိုက်ရင် ရတယ်” ဟု သူရဦးအေးမြင့်က ဆိုသည်။
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင့်၏ ပြောဆိုချက်အပေါ် အစည်းအဝေး တက်ရောက်လာသော သတင်းမီဒီယာသမား အများစုကြိုဆိုလိုက်ကြသော်လည်း လွှတ်တော်တွင် ဥပဒေကြမ်း ဆိုင်းငံ့ရေး မအောင်မြင်မည်ကိုမူ စိုးရိမ်နေကြသည်။
“သူရဦးအေးမြင့် ပြောသလို တကယ်ပဲ အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ဆိုင်းငံ့နိုင်လိုက်ပြီဆိုရင်တော့ တအားကောင်းတာပေါ့။ သို့သော်လည်း လွှတ်တော်ဆိုတာက အများနဲ့ ဆုံးဖြတ်တာဆိုတော့ မဆိုင်းငံ့ဘဲ အတည်ပြုလိုက်မှာ စိုးရိမ်တယ်။ ဒီဥပဒေအ တည်ပြုလိုက်ရင် သတင်း လွတ်လပ်ခွင့် တော်တော်ခက်ပြီ” ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ သတင်းစာဆရာ တဦးက ပြောသည်။
လူငယ်သတင်းသမား အများစုပါဝင်နေသော သတင်းလွတ်လပ်ခွင့်ကော်မတီကလည်း လာမည့် ရက်အနည်းငယ်အတွင်း အစိုးရ ပုံနှိပ်ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်သည်။
“ပုံနှိပ်ဥပဒေကြမ်းကို အတည်ပြုလိုက်ရင်လည်း ကျနော်တို့သတင်းသမားတွေ သဘောတူညီမှုမရှိဘဲ အတည်ပြုခဲ့တာ ဆိုတဲ့ သမိုင်းတခုကို ရေးထိုးဖို့ ဒီလှုပ်ရှားမှုကို စတာ။ ကျနော်တို့ဘက် လုံး၀ လက်မခံဘူး။ ဒီဥပဒေကို လက်မခံတဲ့ လှုပ်ရှားမှုတွေကို ပြည်သူတွေနဲ့ပါ ပူးပေါင်းပြီး လုပ်ဆောင်သွားပါ့မယ်” ဟု သတင်းလွတ်လပ်ခွင့်ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်ပတ်သက်သော သတင်းမီဒီယာများ၏ အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို ဒဂုံမြို့နယ်ရှိ ယုဇနဂါးဒင်း ဟိုတယ်တွင် မတ်လ ၁၂ ရက်နေ့ ၁ နာရီမှ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစိုးရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ပါရှိသော ထောင်ဒဏ်ပြစ်ဒဏ်များကို ပယ်ဖျက်ကြောင်း မတ်လ ၇ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ပြီး လာမည့် မတ် ၁၈ ရက်နေ့တွင် ယင်းဥပဒေကြမ်းနှင့် ပတ်သက်ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး နောက်ဆုံး စာရင်းပေးသွင်းကြရမည် ဖြစ်သည်။