ဒီမိုကရေစီ ဆိုသည်မှာ မတူကွဲပြားမှုအား လက်ခံမှုအပေါ်အခြေခံပြီး ညီညွတ်ရေးအတွက် လက်တွဲဆောင်ရွက် သွားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ အဆောက်အအုံတွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံ ဒုတိယနေ့တွင် ပြောကြားလိုက်သည်။
နှစ်ပေါင်း ၂၅ နှစ်ကြာ စစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်မှုအောက်မှ လွန်မြောက်ပြီး ပထမဆုံး ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက် လာကြသူများအနက် အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခေါင်းဆောင်များလည်း ပါဝင်နေပြီး ယင်းသည် နိုင်ငံ၏ အနာဂတ်အတွက် ကောင်းသော လက္ခဏာဖြစ်ပြီး မျှော်လင့်ချက်များစွာ ပေါ်ထွန်းလာရကြောင်း၊ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“နိုင်ငံရဲ့ အနာဂတ်အတွက် အတိတ်ကို သင်ခန်းစာယူရမယ့် အရာတခုအဖြစ် မြင်ပြီးတော့ အနာဂါတ်ကို တူတူလက်တွဲပြီးတော့ ချီတက်နိုင်မယ် ဆိုလို့ရှိရင် ကျမတို့ ပြည်သူပြည်သားများအတွက် အင်မတန်မှ အဆင်ပြေပါလိမ့်မယ်။ ကျမတို့နိုင်ငံ ကျမတို့ မျှော်မှန်းတဲ့ ခိုင်မာညီညွတ် သာယာဝပြောတဲ့နိုင်ငံကြီးတခု ဖြစ်လာပါလိမ့်မယ်။ နိုင်ငံ တနိုင်ငံက တကယ်တော့ ပြည်သူများနဲ့ ပေါင်းစည်းပြီးတော့ ဖွဲ့ထားတာပါ။ အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အရည်အချင်း၊ နိုင်ငံ တနိုင်ငံရဲ့တန်ဖိုးက နောက်ဆုံးကျတော့ ပြည်သူတွေ တဦးချင်းစီ တဦးချင်းစီရဲ့ တန်ဖိုးတွေ ပေါင်းစည်းခြင်းအားဖြင့် တဦးချင်းက နိုင်ငံပေါ် ထားတဲ့ မေတ္တာတရားနဲ့ တဦးပေါ် တဦး ဆက်ဆံမယ်ဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာ မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံး အတွက် မျှော်လင့်စရာတွေ အများကြီးရှိတယ်လို့ ကျမယုံကြည်ပါတယ်။ တူညီတဲ့ ဒီမိုကရေစီ လိုလားတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေခံပြီးတော့ လက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
နှစ်ပေါင်း ၂၀ ကျော်အတွင်း အဖွဲ့ချုပ်နှင့် လက်တွဲ မဖြတ်ခဲ့ကြသော တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများကြောင့်လည်း စစ်မှန်သော ပြည်ထောင်စုဖြစ်ပေါ်ရေး စိတ်ဓာတ်များ ပိုမို ယုံကြည်လာသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
“တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများကို လေးလေးနက်နက်ကို ကျေးဇူးတင်ပါတယ်။ အခိုင်မာဆုံး မဟာမိတ်တွေက တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ၂၅ နှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက ကျမတို့ရဲ့ မဟာမိတ်တွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။ အဲဒီလို ရပ်တည်ခဲ့တဲ့အခါမှာ ကျမတို့အတွက် အင်မတန်မှ အင်အားဖြစ်စေပါတယ်။ ကျမတို့နိုင်ငံက တကယ့်ကို ခိုင်မာတဲ့ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်တဲ့ ပြည်ထောင်စုဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျမတို့ကို ပေးခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြားထဲက ကျမတို့ကို လက်မလွှတ် လက်တွဲခဲ့တဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့များကြောင့် ဒီယုံကြည်ချက်က ခိုင်မာခဲ့ရပါတယ်” ဟု အတိုက်အခံခေါင်းဆောင်က ဆိုသည်။
ထို့ပြင် အချိန်ကာလများစွာ ဗဟိုဦးစီးစနစ်ဖြင့်လှုပ်ရှားခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် သွေးသစ်လောင်းပြီး ခက်ခဲသော ကာလများကို ဆက်လက် ဖြတ်သန်းရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အကျိုးပြု သော ပါတီအဖြစ် ရပ်တည်ရေးသည် အဖွဲ့ချုပ်၏ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
ယနေ့ မတ်လ ၉ရက်နေ့တွင်ကျင်းပသော နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗဟိုကော်မတီဝင်များအဖြစ် အမြဲတမ်းကော်မတီဝင် ၁၂၀၊ အရန် ဗဟိုကော်မတီဝင် ၃၀ ကိုရွေးချယ်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၅ ဦး ရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ညီလာခံ ဒုတိယနေ့တွင် စိတ်ဝင်စားဖွယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားကြသည့် ပါတီဝင်ဟောင်း ၄ ဦးဖြစ် သည့် မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ လသာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ မန္တလေးတိုင်းမှ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်တို့ ကို ပါတီဝင်အဖြစ် ပြန်လည်လက်ခံ မခံ ညီလာခံကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခဲ့ကြရာ ပြန်လည် လက်မခံလိုသော ဆန္ဒမဲ ၄၆၂ မဲ လက်ခံလိုသော မဲ ၃၁၆ ဖြင့် ပယ်ချလိုက်သည်။
ပါတီဝင်ဟောင်း ၄ ဦး၏ လျှောက်လွှာပယ်ချမှုသည် ပါတီ၏ မူဝါဒမဟုတ်ဘဲ ညီလာခံကသာ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ပါတီဝင်ဟောင်းများ ပြန်လည်လျှောက်ထားမှုများရှိလာပါကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သင့်တော်သလို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံဦးအုန်းကြိုင်က ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသောကြောင့် ပါတီဝင်ဟောင်းပြန်လက်ခံရေး မူဝါဒနှင့် လုပ်ပိုင်ခွင့် မရှင်းလင်းလှပါ။
ထို့ပြင် ညီလာခံမတိုင်မီ ပါတီပြိုကွဲအောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် ထုတ်ပယ်ခဲ့သူများ ကိစ္စကိုလည်း ရှင်းလင်းပြောကြားခြင်း မရှိပါ။ သို့သော် ရပ်ကွက်၊ မြို့နယ်၊ တိုင်း/ပြည်နယ် အဖွဲ့ချုပ် တာဝန်ရှိပုဂ္ဂိုလ်များကို ရွေးကောက်ပွဲဖြင့် ရွေးချယ်ရာတွင် အုပ်စုဖွဲ့လုပ်ဆောင်မှုများ ရှိနေသည်ဆိုသော ပြောဆိုချက်အပေါ်ဝန်ခံလိုက် ပြီး စည်းလုံးညီညွတ်မှု ရရှိစေရန် ပြန်လည်လုပ်ဆောင်သွားမည်ဟုသာ ဦးအုန်းကြိုင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လက်ရှိ စာရင်းဇယားများအရ အဖွဲ့ဝင် အရေအတွက် ၁၃ သိန်းရှိနေပြီး ယခု ညီလာခံသို့ ပြည်နယ်/တိုင်းဒေသကြီးများမှ ညီလာခံကိုယ်စားလှယ် ၈၄၉ ဦး တက်ရောက်လျက် ရှိသည်။